သတင်းတိုများ

သတင်းတိုများ

နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး ဆန္ဒပြတောင်းဆို

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံ အကျဉ်းထောင်များအတွင်း ဖမ်းဆီးထောင်ချ ခံထားရသော သတင်းထောက်များနှင့် နိုင်ငံရေးအကျဉ်းသားများကို ချက်ချင်းလွှတ်ပေးရန် ဆန္ဒပြတောင်းဆိုပွဲကို Burma VJ မှ ဦးဆောင်၍ ပြုလုပ်သည်။ Burma VJ မှ Campaing coordinator ဖြစ်သူ Miss Geraldine May က ၎င်းတို့ တောင်းဆိုချက်ကို မြန်မာသံရုံးမှတဆင့် မြန်မာအစိုးရထံ ပေးပို့မည်ဖြစ်ကြောင်း၊ အလားတူ လန်ဒန်စသည့် နိုင်ငံတကာ မြို့ကြီးများရှိ မြန်မာသံရုံးများရှေ့တွင်လည်း ဆန္ဒပြပွဲများ ပြလုပ်သွားမည်ဟု ဆိုသည်။
သတင်းတိုများ

မြန်မာ-ဘင်္ဂလားဒေ့ရှ် ပင်လယ်နယ်နိမိတ် အငြင်းပွားမှု ကြားနာ

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံအကြား ဖြစ်ပွားနေသော ပင်လယ်နယ်နိမိတ် အငြင်းပွားမှုကို ဂျာမနီနိုင်ငံ ဟမ်းဘာ့ဂ်မြို့ရှိ ပင်လယ်ဥပေဒဆိုင်ရာ အပြည်ပြည်ဆိုင်ရာတရာရုံး၌ စတင်ကြားနာနေပြီ ဖြစ်သည်။ ၂၀၀၉ ခုနှစ် အောက်တိုဘာလတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဥပေဒကြောင်းအရ ဖြေရှင်းရန် အဆိုပြီး မြန်မာနိုင်ငံကလည်း သဘောတူခဲ့သည်။ စက်တင်ဘာလ ၈ ရက်နေ့မှ ၂၄ ရက်နေ့အထိ တရားသူကြီး ၂၁ ဦးရှေ့မှောက်တွင် အမှုကြားနာစစ်ဆေးမည်ဖြစ်သည်။
သတင်းတိုများ

ရွှေဝါရောင်တော်လှန်ရေး အထိမ်းအမှတ်အလှူ ဖိတ်စာများပို့

၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး ၄ နှစ်ပြည့်တွင် ကွယ်လွန်သူများအား ရည်စူး၍ ၀ါဆိုသင်္ကန်းကပ်ခြင်းနှင့် မူလတန်းကလေးများအား စာရေးကိရိယာ လှူဒါန်းခြင်းတို့ကို စက်တင်ဘာလ ၂၆ ရက်နေ့တွင် ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်ရှိ ပစ္ဆိမာရုံ (မြိတ်) ကျောင်းတိုက်တွင် ကျင်းပရန် စီစဉ်ထားသည်။ ယင်းအခမ်းအနားသို့ စိတ်ပါဝင်စားသူ မည်သူမဆို လာရောက်နိုင်ရန် ဖိတ်စာများကို လက်ဆင့်ကမ်း ဝေငှထားကြောင်း သိရသည်။ ထို့အပြင် ထိုင်းနိုင်ငံ အုန်းဖျန် ဒုက္ခသည်စခန်းရှိ ကမ္ဘာလုံးချမ်းသာ ဘုန်တော်ကြီးကျောင်းတွင်လည်း စက်တင်ဘာလ ၂၆ ရက်နေ့တွင် ရွှေဝါရောင် တော်လှန်ရေး အခမ်းအနား ကျင်းပမည်ဖြစ်သည်။
သတင်းတိုများ

စာပေစိစစ်ရေး လိုအပ်ဆဲဟု ဦးကျော်ဆန်း ပြော

စာပေစိစစ်ရေး၏ အခန်းကဏ္ဍသည် လိုအပ်နေဆဲဖြစ်ပြီး စာပေစိစစ်ရေးက ဥပဒေနှင့် ထိန်းသိမ်းပေးနေခြင်းသည် စာပေလောက အကျိုးအတွက်ဖြစ်သည်ဟု ပြန်ကြားဝန်ကြီး ဦးကျော်ဆန်းက ယမန်နေ့က လွှတ်တော်တွင် ပြောသွားသည်။ သင်္ဃန်းကျွန်းလွှတ်တော်အမတ် ဦးသိန်းညွန့်၏ သတင်းမီဒီယာများ၏ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်စသည့် အခွင့်အရေးများ ကာကွယ်စောင့်ရှောင်ရေး ဥပေဒတရပ် ပြဌာန်ဒရန်လိုအပ်ကြောင်း တင်ပြရာ ဦးကျော်ဆန်းက ယင်းသို့ ပြောကြားခြင်းဖြစ်သည်။
သတင်းတိုများ

လွှတ်တော်တွင် ဆန္ဒမဲ ဗြောင်ပေးစနစ် ကျင့်သုံးတော့မည်

လွှတ်တော်အစည်းအဝေးများတွင် ဆန္ဒမဲပေးရာ၌ စက်ခလုတ်ဖြင့် လျှို့ဝှက်မဲပေးခြင်း မလုပ်တော့ပဲ ဗြောင်မဲပေးရမည်ဟု သိရသည်။ စက်ခလုတ်ဖြင့် မဲပေးစနစ်သည် ချွတ်ယွင်းမှု အနည်းငယ်ရှိနေ၍ ကိုယ်စားလှယ်တချို့က ယုံကြည်မှုမရှိဟု အောက်လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းက လွှတ်တော် ၁၁ ရက်နေ့မြောက် အပိတ်မိန့်ခွန်းတွင် ပြောကြောင်း Eleven Media Group ၏ သတင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။ ဗြောင်ဆန္ဒမဲ ပေးရာတွင် ကြောက်စရာမလိုဟုလည်း ဦးရွှေမန်းက ပြောသည်ဟု ဆိုသည်။
သတင်းတိုများ

The Messenger ဂျာနယ်ကို အရေးယူ

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အင်တာဗျူး ဖော်ပြ ထုတ်ဝေခဲ့သည့် The Messenger News Journal ဂျာနယ်ကို နောက်ဆက်တွဲ မျက်နှာဖုံး သတင်းတင်ပြခွင့်နှင့် အပိုပြ ၂ မျက်နှာဖော်ပြခွင့် တပတ်ပိတ်ပင်လိုက်ကြောင်း သိရသည်။ ယင်းသို့ ပိတ်ပင်ကြောင်း The Messenger ဂျာနယ်တိုက်သို့ ယနေ့နံနက် ၁၀ နာရီက စာပေစိစစ်ရေးမှ အကြောင်းကြားခဲ့သည်ဟု ဆိုသည်။ စာပေစိစစ်ရေးမူများကို ဖောက်ဖျက်၍ ယင်းသို့ အရေးယူခြင်းဖြစ်သည်ဟုသာ သိရကြောင်း ပြည်တွင်းမှ စာနယ်ဇင်းသမားတဦးက ပြောသည်။
သတင်းတိုများ

စုံစမ်းရေး ကော်မရှင်ဖွဲ့ရေး ထောက်ခံဆွေးနွေးပွဲ ကျင်းပ

မြန်မာအစိုးရ၏ စစ်ရာဇ၀တ်မှုနှင့် လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သည့် ရာဇ၀တ်မှု ကျူးလွန်မှုများနှင့်ပတ်သက်၍ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင် (CoI) အမြန်ဆုံး ဖွဲ့စည်းရေး ထောက်ခံဆွေးနွေးပွဲကို ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့တွင် ယမန်နေ့က ကျင်းပသည်။ ဆွေးနွေးပွဲသို့ ဥရောပသမဂ္ဂ မူဝါဒရေးရာဌာန အကြီးအကဲ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ဖောင်ဒေးရှင်းမှ ကိုယ်စားလှယ်၊ ဥရောပသမဂ္ဂ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ ညွှန်ကြားရေးမှူး၊ Burma Campaign (UK)၊ မြန်မာနိုင်ငံ ရှေ့နေများကောင်စီ အထွေထွေ အတွင်းရေးမှူးတို့ တက်ရောက်ကြသည်။ ကုလအထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားက မတက်ရောက်နိုင်သော်လည်း ဗီဒီယိုကွန်ဖရင့်မှတဆင့် ဆွေးနွေးသည်။ ကမ္ဘောဒီးယား၊ ကိုရီးယား၊ စင်ကာပူ၊ ထိုင်းနှင့် အင်ဒိုနီးရှားတို့မှ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် တသီးပုဂ္ဂလများကလည်း ၎င်းတို့ အစိုးရအသီးသီးသို့ CoI ကို ထောက်ခံပေးရေး တိုက်တွန်းစာများ ပေးပို့ထားကြောင်း မြန်မာ့အရေးပူးပေါင်းဆောင်ရွက်သူများ အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
သတင်းတိုများ

မိုင်းနှင့်ဆော့ကစားမိ၍ ကလေး ၁ ဦးသေ

ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့ မြို့ပတ်လမ်း ၅ ရပ်ကွက်ရှိ အိမ်တလုံးတွင် စက်တင်ဘာလ ၃ ရက်နေ့က မိုင်းဗုံးတလုံး ပေါက်ကွဲမှုဖြစ်ပွားရာ ကလေးငယ် ၁ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိသွားသည်။ ယင်းမိုင်းကို မိသားစုဝင်တဦးက လွန်ခဲ့သည့် ၃ နှစ်ကျော်က ကောက်ယူရရှိခဲ့ခြင်းဖြစ်ကြောင်း၊ မိသားစုဝင် ကလေးများက ယူဆော့ကစားရာမှ ယခုကဲ့သို့ ပေါက်ကွဲခြင်း ဖြစ်ကြောင်း၊ ဒဏ်ရာရရှိသူများကို လားရှိုးမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ယနေ့ထုတ် အစိုးရသတင်းစာတွင် ဖော်ပြထားသည်။
သတင်းတိုများ

အရက်ဟု ထင်ရသော အရည်သောက်မိ၍ ၆ ဦးသေ

ဧရာဝတီတိုင်း လပွတ္တာခရိုင် ပြင်စလူမြို့နယ် အမတ်ကြီးကျေးရွာအနီးတွင် မြစ်ထဲမျောလာသည့် ပလတ်စတစ်ပုံးအတွင်းပါ အရည်များကို အရက်ဟု ယူဆပြီး သောက်သုံးမိသူ ၆ ဦးသေဆုံးပြီး ၃၂ ဦး သုံးမိုင်ဆေးရုံတွင် အရေးပေါ်တင်ထားရကြောင်း အဆိုပါဆေးရုံမှ စုံစမ်းသိရသည်။ ယင်းမျောလာသည့် ပလတ်စတစ်ပုံးကို သြဂုတ်လကုန်တွင် အရက်ဆိုင်တဆိုင်က ဝယ်ယူပြီး ပြန်လည် ရောင်းချရာမှာ စက်တင်ဘာ ၂ ရက်နေ့တွင် ၂ ဦး စသေကြောင်း၊ နောက်ရက်များတွင် ဆက်တိုက် သေဆုံးရာမှ ၆ ဦးအထိရှိလာကြောင်း၊ ယင်းပလတ်စတစ်ပုံးပါ အရည်များသည် သင်္ဘောတစီးမှ ပြုတ်ကျကျန်ရစ်သည့် ဆိုးဆေး သို့မဟုတ် ချွတ်ဆေးရည်များဟု ယူဆရကြောင်း သိရသည်။
သတင်းတိုများ

လွှတ်တော်ဆိုင်ရာ ကော်မတီ ၁၉ ခု အဖွဲ့ဝင်စာရင်း ထုတ်ပြန်

လွှတ်တော်ဆိုင်ရာ ကော်မတီ ၁၉ ခုတွင် ပါဝင်မည့် အဖွဲ့ဝင်စာရင်းကို ယမန်နေ့က အောက်လွှတ်တော်တွင် အတည်ပြု ဆုံးဖြတ်သည်။ ကော်မတီ ဥက္ကဋ္ဌများမှာ ယခင်က သက်ဆိုင်ရာ ဝန်ကြီးဌာနများကို ကိုင်တွယ်ခဲ့သော ဗိုလ်ချုပ်ဟောင်းများနှင့် ဝန်ကြီးဟောင်းများသာဖြစ်ကြောင်း တွေ့ရသည်။ တိုးချဲ့ဖွဲ့စည်းသည့် ကော်မတီ ၁၉ ခုတွင် နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီ၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ စသည်တို့ ပါဝင်သည်။
သတင်းတိုများ

ဝီကီလိခ်စ်ဖော်ပြချက် ဖဒိုမန်းရှာ မိသားစု ငြင်းဆို

ဝီကီလိခ်စ်မှ ပေါက်ကြားသည့် သံတမန်ပေးစာတွင် ကရင်အမျိုးသားအစည်းအရုံး (KUN) အထွေထွေအတွင်းရေးမှူး ဖဒိုမန်းရှာ လုပ်ကြံခံရမှု၌ KNU ခေါင်းဆောင် စောဘိုမြ၏သား ဗိုလ်မှူးကြီး နာဒါးမြ ပါဝင်ပတ်သက်နေသည်ဟု ဖော်ပြချက်ကို အထောက်အထားမရှိသည့် ကောလာဟလသာဖြစ်ကြောင်း ဖဒိုမန်းရှာ၏ မိသားစုက ကြေညာချက်ထုတ်ပြန်လိုက်သည်။ ၂၀၀၈ ဖေဖော်ဝါရီလတွင် ဖဒိုမန်းရှာ လုပ်ကြံခံရမှုအတွက် စစ်အစိုးရတွင်သာ တာဝန်ရှိကြောင်းနှင့် နာဒါးမြ ပတ်သက်နေသည့် အထောက်အထား မတွေ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သတင်းတိုများ

နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေး အိန္ဒိယအမတ်များ တိုက်တွန်း

နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ကို အမြန်ဆုံးလွှတ်ပေးရန် အိန္ဒိယ လွှတ်တော်အမတ် ၁၀၀ ကျော်က သမ္မတ ဦးသိန်းစိန်ထံ စာရေးသားပေးပို့ တိုက်တွန်းလိုက်သည်။ မြန်မာ့ဒီမိုကရေစီရေးဆိုင်ရာ အိန္ဒိယ လွှတ်တော်အမတ်များအဖွဲ့က ယင်းသို့ တိုက်တွန်းစာ ပေးပို့လိုက်ခြင်း ဖြစ်သည်။
သတင်းတိုများ

မြန်မာ ဆန်နှင့် မြောက်ကိုရီးယား လက်နက် လဲလှယ်

မြန်မာအစိုးရသည် ဆန်နှင့် စိုက်ပျိုးရေးထွက် ပစ္စည်းများကို မြောက်ကိုရီးယားသို့ တင်ပို့ပြီး လက်နက်နှင့် လဲလှယ်ခဲ့သည်ဟု ဝီကီလိခ်စ်မှ ပေါက်ကြားသော သံတမန်ပေးစာတွင် ဖော်ပြထားသည်။ ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက အမေရိကန်အစိုးရသို့ ၂၀၀၉ ခုနှစ် ဇူလိုင်လတွင် ပေးပို့သော စာ၌ မြန်မာအစိုးရက ဦးပိုင်လီမီတက်မှတဆင့် ဆန်တန်ချိန် ၂ သောင်း မြောက်ကိုရီးယားသို့ ပေးပို့ပြီး သမားရိုးကျ စစ်လက်နက်ပစ္စည်းများနှင့် လဲလှယ်ခဲ့သည်ဟု ဆိုသည်။ ဝီကီလိခ်စ်မှ အသစ်ပေါက်ကြားသော သံတမန် ပေးစာ ၂ သိန်းခွဲအနက် မြန်မာနှင့်ဆိုင်သော ပေးစာ ရာနှင့်ချီ၍ ပါဝင်သည်။
သတင်းတိုများ

ဘုရားကျောင်းဝင်းမှ မိုင်းများ ဖယ်ရှားပေးရန် မေတ္တာရပ်ခံ

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ကဇူးကျေးရွာရှိ ဘုရားကျောင်းဝင်းတွင် ခလရ (၅၈) နှင့် ခမရ (၃၁၈) တို့က မိုင်းများထောင်ထားသဖြင့် ဖယ်ရှားပေးပါရန် အာဏာပိုင်များသို့ စာပေးပို့၍ မေတ္တာရပ်ခံထားသည်။ သြဂုတ် ၂၆ ရက်နေ့ နေ့စွဲဖြင့် ပေးပို့သော ယင်းစာတွင် စစ်ကြောင်းက ဘုရားကျောင်း အနီးတဝိုက်၊ စာသင်ကျောင်းဝင်း၊ ရွာလမ်းကြား၊ တောင်ယာသွားလမ်းများတွင် မိုင်းများထောင်ထားသည်ဟု ပြောကြောင်း ဖော်ပြထားသည်။ မေတ္တာရပ်ခံစာကို တိုင်းမှူး၊ သာသနာရေးဝန်ကြီးနှင့် ခလရ (၅၈)၊ ခမရ (၃၁၈) စသည်တို့သို့ လိပ်မူထားသည်။
သတင်းတိုများ

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဆုတောင်းပွဲ ကျင်းပ

နိုင်ငံရေး အကျဉ်းသား မိသားစုများ အကျိုးဆောင်ကွန်ယက်မှ ကမကထပြုသော နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဆုတောင်းပွဲကို ယမန်နေ့ နေ့လည်တွင် ရွှေတိဂုံစေတီတော်ရင်ပြင်၌ ကျင်းပသည်။ နိုင်ငံရေးအကျဉ်းသားမိသားစုများ၊ ၈၈ မျိုးဆက်ကျောင်းသားများ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ ၂၀၀ ခန့်တက်ရောက်သည်ဟု သိရပြီး အာဏာပိုင်များက စောင့်ကြည့်သော်လည်း နှောင့်ယှက်ဟန့်တားခြင်း မရှိဟု သိရသည်။
သတင်းတိုများ

ဒေါ်လာဈေးနှင့် ရွှေဈေးတက်

ရန်ကုန်စီးပွားရေးဈေးကွက်တွင် ယနေ့ အမေရိကန်ဒေါ်လာတန်ဖိုး ထပ်မံတက်သွားသောကြောင့် ရွှေဈေးနှုန်းပါ စံချိန်တင် မြင့်တက်သွားပြီး အကယ်ဒမီအခေါက်ရွှေ တကျပ်သားလျှင် ၇၁၃၅၀၀ ကျပ်အထိ ဈေးတက်သွားသည်။ အမေရိကန်ဒေါ်လာသည် ယမန်နေ့က တစ်ဒေါ်လာ ၇၆၃ ကျပ်မှ ယနေ့တွင် ၇၇၁ ကျပ်အထိ အထိ ဈေးတက်လာသဖြင့် ပြည်တွင်းရွှေဈေး စံချိန်ကျိုးသွားခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့ရွှေဈေးနှင့် မြန်မာ့ရွှေဈေးသည် နှိုင်းယှဉ် တွက်ချက်ကြည့်ပါက ရွှေတကျပ်သားလျှင် ကျပ် ၂ သောင်းကွာဟပြီး မြန်မာ့ရွှေဈေးက နိမ့်နေသောကြောင့် တရုတ်-မြန်မာနယ်စပ်သို့ ရွှေအထွက်များကြောင်း သိရှိရသည်။ အမေရိကန်ဒေါ်လာ တန်ဖိုးတက်ခြင်းမှာ အစိုးရအာဏာပိုင်များ၏ မိသားစု၊ ဆွေမျိုးများ၊ ၄င်းတို့နှင့်နီးစပ်သော ကုမ္ပဏီများက ဒေါ်လာများ ၀ယ်ယူစုဆောင်းမှုကြောင့် သိရသည်။
သတင်းတိုများ

လွှတ်တော်သို့ နိုင်ငံခြားသား သတင်းထောက်များ ၀င်ခွင့်ပြု

သြဂုတ်လ ၂၂ ရက်တွင် စတင်သော ဒုတိယအကြိမ် လွှတ်တော် အစည်းအဝေးများကို နိုင်ငံခြားသား သတင်းထောက်များအား သြဂုတ်လ ၃၁ ရက်မှအစပြုပြီး တက်ရောက် သတင်းယူခွင့် ပြုနေကြောင်း လွှတ်တော် ရုံးဝန်ထမ်းတဦးက ပြောသည်။ CCTV နှင့် FUJI သတင်းထောက်များ ရောက်ရှိနေကြောင်း၊ မကြာမီ AFP အပါအ၀င် နိုင်ငံခြား သတင်းဌာနတချို့က လာရောက်ဦးမည် ဖြစ်ကြောင်း သူက ဖြည့်စွက် ပြောပြသည်။
သတင်းတိုများ

ငြိမ်းချမ်းရေး ကော်မတီ ဖွဲ့ရန် အတည်ပြု

ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း ထာဝရ ငြိမ်းချမ်းရေးပြီး တည်ငြိမ်အေးချမ်းမှု တည်ဆောက်ထိမ်းသိမ်းရေး အမြဲတမ်း ကော်မတီ ဖွဲ့စည်းရန် ယမန်နေ့က လွှတ်တော် အစည်းအဝေးတွင် အတည်ပြုလိုက်သည်။ ယင်း အဆိုကို ကချင်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးထွန်းလွင်က တင်သွင်းခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အမြဲတမ်း ကော်မတီကို မည်သည့် ကာလတွင် ဖွဲ့စည်းမည်ကိုမူ မသိရသေးကြောင်း ရခိုင်ပြည်နယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က ပြောသည်။
သတင်းတိုများ

အမေရိကန် ဂီတဝိုင်း မြန်မာပြည်လာရန် စီစဉ်

အပြန်အလှန် ကူးလူးဆက်ဆံရေး ကြိုးပမ်းမှုအနေဖြင့် အမေရိကန် တေးဂီတအဖွဲ့တခုကို မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံ ၅ ခုသို့ စေလွှတ်မည်ဟု အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာသည်။ Earth String အမည်ရှိ ဂီတဝိုင်းသည် ဗီဇာရရှိပါက မြန်မာနိုင်ငံတွင် စက်တင်ဘာ ၂၁ မှ ၂၅ ရက်နေ့အထိ လာရောက်ဖျော်ဖြေမည်ဟု သိရသည်။ Earth String သည် လာအို၊ ထိုင်း၊ အရှေ့တီမောနှင့် တောင်ကိုရီးယားတို့တွင်လည်း ဖျော်ဖြေမည်ဖြစ်သည်။ ၂၀၀၉ တွင် The Student Loan နှင့် ၂၀၀၈ တွင် Maya Azucena ဂီတဝိုင်းများလည်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနအစီအစဉ်ဖြင့် မြန်မာနိုင်ငံတွင် လာရောက်ဖျော်ဖြေဖူးသည်။
သတင်းတိုများ

ရွေးကောက်ပွဲ ဥပဒေ ပြင်ဆင်ရေး စာရင်းတင်သွင်းနိုင်

ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းကို စက်တင်ဘာ ဒုတိယပတ်အတွင်း ဆွေးနွေးရန် ဆုံးဖြတ်သည့်အတွက် ပြင်ဆင်လိုသည့် ဥပဒေကြမ်း၏ အပိုဒ်၊ အပိုဒ်ခွဲ၊ အကြောင်းအရာတို့ကို ဖော်ပြ၍ အောက်လွှတ်တော်သို့ တင်သွင်းနိုင်ကြောင်း သိရသည်။ ရွေးကောက်ပွဲဥပဒေ ပြင်ဆင်ရေး ဥပဒေကြမ်းကို ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က လွှတ်တော်သို့ တင်သွင်းခြင်း ဖြစ်သည်။
Page 5 of 41

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်