ရတနာပုံ FC ထိုင်း All Star ကို ရှုံး၊ မနက်ဖြန် တတိယနေရာလုမည်

E-mail Print

ထိုင်းနိုင်ငံ ဖူးကက်တွင် ကျင်းပနေသော ဖူးကက် ကာတာ ဂရုဖ်(၂၀၀၉) ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ၌ ယမန်နေ့  ည(၇)နာရီက မြန်မာ နေရှင်နယ်လိဂ် ချန်ပီယံ ရတနာပုံ FC အသင်းနှင့် ထိုင်း လက်ရွေးစင် All Star အသင်း တို့ ယှဉ်ပြိုင် ကစားရကြရာ All Star အသင်းက ရတနာပုံ FC အသင်းကို ၂ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသွားသည်။


အဆိုပါ ပြိုင်ပွဲတွင် ရတနာပုံ FC အသင်းသည် ထိုင်းအသင်းကို ခြေရည်တူ ကစားနိုင်ရုံသာမက ဒိုင်လူကြီး များက မျှတစွာ ကြီးကြပ်ပေးမည်ဆိုလျှင် ရှုံးနိမ့်ဖွယ်ရာမရှိဘဲ အနိမ့်ဆုံးသရေရလဒ်ကို ရယူနိုင်ကြောင်း ကိုယ်တိုင်သွားရောက်ကြည့်ရှုအားပေးခဲ့သူ ကိုမောင်ဇော်က ပြောဆိုသည်။

“ဘောလုံးပွဲ ကတော့ဗျာ မြန်မာ (၁၁) ယောက်နဲ့ ထိုင်း(၁၄)ယောက် ကန်သွားတယ်လို့ပဲ ကျနော်တော့ပြော ချင်တယ်၊ ဒိုင်လူကြီး ၃ယောက်စလုံးက အိမ်ရှင်အသင်းကိုပဲ မျက်နှာသာပေးတာကိုတွေ့ ရတယ်၊ မြန်မာ အသင်းရထိုက်တဲ့ ပြစ်ဒဏ်ဘောတွေ အခွင့်အရေးတွေကို မသိချင်ယောင်ဆောင်ဆောင်နေတယ်၊ ပထမပိုင်း မှာ မြန်မာတွေ ထိုင်းကို ခြေအသာနဲ့ ဖိကစားသွားခဲ့တယ်”ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။

ရတနာပုံအသင်းသည် ပထမပိုင်းတွင် ဂိုးမရှိသရေဖြင့်ကစားနိုင်ခဲ့သော်လည်း ပွဲချိန်(၅၄)မိနစ်နှင့် (၇၈)မိနစ် တို့တွင် ထိုင်းအသင်းက အနိုင်ဂိုးများ သွင်းယူသွားနိုင်ခဲ့ခြင်းဖြစ်ကြောင်းလည်း ကိုမောင်ဇော်က ဆိုသည်။

ပြိုင်ပွဲမစတင်မီ ရတနာပုံ FC အသင်းမှ အုပ်ချုပ်သူအပါအ၀င် ကစားသမားတချို့နှင့် ဧရာဝတီက စကား ပြောခွင့်ရခဲ့သည်။

အသင်း အုပ်ချုပ်သူ ဦးစိုးမိုးလှိုင်က“ကျနော်တို့ အနေနဲ ကတော့ ဒီနေ့ပွဲမှာ နိုင်ဖို့ မနိုင်ဖို့ထက် ကိုယ့်ထက် အဆင့်မြင့်တဲ့ အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာမို့လို့အတွေ့ အကြုံကောင်း ရဖို့ ကို ပိုမျှော်လင့်ပါ တယ်၊ အခုလို ယှဉ်ပြိုင်ခွင့်ရတဲ့အတွက် ကျနော့်ကစားသမားတွေဟာ နိုင်ငံတကာအတွေ့ အကြုံရလာမယ်၊ အဲဒီ အတွေ့  အကြုံက ကျနော်တို့ ပြည်တွင်းမှာ ကစားတဲ့အခါ ကောင်းကောင်းအထောက်အကူပြုလာလိမ့်မယ်လို့ ထင်ပါ တယ်၊ ကျနော်တို့ရဲ့ အကောင်းဆုံး ကစားသမားတွေနဲ့ ယှဉ်ပြိုင်သွားမှာပါ”ဟု ပြောခဲ့သည်။

ရတနာပုံ FC ကစားသမားတဦးဖြစ်သော ကြောနံပါတ် (၁၆) ကိုအောင်မျိုးက“ကျနော်တို့ အနိုင် ကစားမှာပါ ၊ ကျနော်တို့ဘက်ကလည်း အကောင်းဆုံးပြင်ဆင်ထားပါတယ်။ ကျနော်တို့ အသင်းမှာ နိုင်ငံခြားသား ကစား သမားတွေလည်း အရည်အချင်းရှိကြပါတယ်။ အဲသလိုပဲ ထိုင်းအသင်းကလည်း အရှေ့ တောင်အာရှမှာ ထိပ် သီး အသင်းဖြစ်တာရယ်။ သူတို့က ပရော်ဖက်ရှင်နယ် ကစားသမားဖြစ်တာ ကျနော်တို့ထက် စောတယ် ဆိုတော့ ကျနော်တို့ထက်တော့ သာကောင်းသာမယ်ပေါ့ဗျာ၊ ဒါပေမယ့် ကျနော်တို့က မြန်မာစိတ်ဓာတ် အပြည့်နဲ့ နိုင်အောင်ကြိုးစား ကစားသွားမှာပါ”ဟုဆိုသည်။

အလားတူ ရတနာပုံ FC အသင်းမှ ကစားသမားကြောနံပါတ်(၁၇) ကိုထက်နိုင်ဝင်းကလည်း ရတနာပုံ အသင်း တွင် မြန်မာ့လက်ရွေးစင် ကစားသမားများဖြစ်ကြသော ထွန်းထွန်းဝင်းနှင့် ပိုင်စိုးတို့ပါဝင်ပြီး နိုင်ငံခြား မှ ကြေးစား ကစားသမား(၆)ဦး ပါဝင်ကြောင်း၊ ယခုပွဲမှရရှိသော ကွင်းဝင်ကြေးများကို မသန်မစွမ်းသူများကို လှူဒါန်းသွားမည်ဟု သိရကြောင်း ပြောပြသွားသည်။

ယမန်နေ့က ပြုလုပ်ခဲ့သော ပထမပွဲစဉ်တွင် ထိုင်းပရီးမီးယားလိဂ် ချန်ပီယံ မြောင်ထောင် ယူနိုက်တက် အသင်းနှင့် ဗီယက်နမ်လိဂ် ချန်ပီယံ ဟောင်အန်း ဂိုင်လိုင်တို့ တဘက် တဂိုးစီဖြင့် သရေကျခဲ့သည်။

ပထမပိုင်း ပြီးခါနီးတွင် ဟောင်အန်း ဂိုင်လိုင်က ဦးဆောင်ဂိုးသွင်းကာ ဒုတိယပိုင်း ၅၇ မိနစ်တွင် မြောင် ထောင် အသင်းက ချေပဂိုး သွင်းယူခဲ့ခြင်းဖြစ်သည်။ သရေ ဖြစ်နေ၍ ပင်နယ်တီ အဆုံးအဖြတ် ကန်ရာ ဟောင်အန်း ဂိုင်လိုင်က (၄)ဂိုး (၃)ဂိုးဖြင့် အနိုင်ရသွားသည်။

ထိုအနိုင်ရရှိသော အသင်းနှစ်သင်းက မနက်ဖြန် အောက်တိုဘာ(၂၉)ရက်နေ့တွင် ဗိုလ်လုပွဲ ယှဉ်ပြိုင် ကစား ကြမည်ဖြစ်ပြီး ရတနာပုံ FC အသင်းနှင့် မြောင်ထောင် ယူနိုက်တက်အသင်းတို့ကလည်း တနေ့တည်းတွင် တတိယ နေရာ လုပွဲကို ယှဉ်ပြိုင်ကစားကြမည်ဟု သိရသည်။

ယမန်နေ့က ပြိုင်ပွဲသို့မြန်မာဘောလုံးဝါသနာရှင် သောင်းနှင့်ချီ၍ အားပေးကြည့်ရှုခဲ့ကြကြောင်း ကိုယ်တိုင် သွားရောက် အားပေးခဲ့သည့် ကိုကျော်ခိုင်ကဆိုသည်၊

ထို့ပြင် ရတနာပုံ FC အသင်းနှင့်အတူ မြန်မာနိုင်ငံမှ လိုက်ပါအားပေးခဲ့ကြသော နာမည်ကျော် အဆိုတော် သရုပ်ဆောင်များ က ယနေ့ညတွင် ဖျော်ဖြေပွဲတရပ်ကို ပြုလုပ်သွားမည်ဟု သိရကြောင်းလည်း ပြောပြသည်။

“ဒီနေ့ Tesco Lotus ရဲ့ရှေ့ က Brewery ရွက်လှေပုံ ဇာတ်ရုံကြီးမှာ ဖျော်ဖြေပွဲရှိသေးတယ်၊ စိုင်းစိုင်းခမ်းလှိုင်၊ ခိုင်သင်းကြည်၊ စိုးမြတ်နန္ဒာတို့ပါဝင်ဖျော်ဖြေမယ်လို့ ကြေညာထားတယ်”ဟု ၎င်းက ဆိုသည်။

ယနေ့ည ပါဝင်ဖျော်ဖြေမည့် အနုပညာရှင်များမှာ စိုင်းစိုင်းခမ်းလှိုင်၊ ခိုင်သင်းကြည်၊ စိုးမြတ်နန္ဒာတို့ အပါအ၀င် ကောင်းမြတ်၊ ဟဲလေး၊ ချစ်သုဝေ၊ စန္ဒီမြင့်လွင်၊ ရတနာနှင့် Jenny တို့ဖြစ်ကြောင်း သိရှိရသည်။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်