ဦးဝင်းတင် အတ္ထုပ္ပတ္တိ ပြင်သစ်ဘာသာဖြင့် ထုတ်ဝေမည်

Tuesday, 17 November 2009 18:53
Print
သတင်းစာ ဆရာကြီး ဦးဝင်တင်၏ ဘ၀အကြောင်း တစေ့တစောင်း ရေးထားသည့် အတ္ထုပ္ပတ္တိ စာအုပ်ကို ပြင်သစ်ဘာသာဖြင့် ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ (RSF) မှ ထုတ်ဝေမည်ဟု သိရသည်။

ယင်းစာအုပ်ကို ပြင်သစ်လူမျိုးစာရေးဆရာမ ( Sophia Malibeaux ) ကရေးသား၍  စာအုပ်အမည်မှာ  “Une Vie de dissident” (အတိုက်အခံတဦး၏ဘ၀) ဟု အမည်ပေးထား ကြောင်း၊ဦးဝင်းတင်၏ ငယ်ဘ၀၊သတင်းထောက်တဦးအဖြစ် တာဝန်ယူခဲ့ပုံ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တဦး အဖြစ် ဒီမိုကရေစီအတွက် ဆောင်ရွက်မှုများအပြင်၊ အခြား စိတ်ဝင်စားဖွယ်ကောင်းသည့် မြန်မာ့နိုင်ငံရေးဖြစ်ရပ်များ ပါဝင်သည်ဟု RSF အဖွဲ့၏ ထုတ်ပြန်သည့်ကြေညာချက်တွင် ဖော်ပြထားသည်။

ဤကဲ့သို့ အတ္ထုပ္ပတ္တိ စာပေအမျိုးအစားအား နိုင်ငံနှင့် ပြည်သူများအကျိုးကို အနစ်နာခံပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင် သည့် မိမိထက်ပိုမိုအနစ်နာခံဆောင်ရွက်နေသော ဒေါ်အောင်ဆန်းစုကြည်၊ မင်းကိုနိုင် ဦးခွန်ထွန်းဦး၊ဆရာတော် ဦးဂမ္ဘီရတို့ ၏ အကြောင်းကိုရေးသားလျှင် ပိုမိုသင့်လျော်မည်ဟု ထင်ကြောင်း ဦးဝင်းတင်က ဧရာဝတီသို့ ပြောသည်။

“စစ်အာဏာရှင်စနစ်ကို ဘ၀အပျက်ခံ၊ အသက်ဆုံးတဲ့လူတွေအကြောင်းကို မှတ်တမ်းတင်ထားတော့ နောင်မျိုးဆက်သစ် အာဏာရှင်လှုပ်ရှားမှု ဆန့်ကျင်ရေးသမားတွေအတွက် အများကြီးအထောက်အကူဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါပြင်သစ် စာရေးဆရာအမျိုးသမီးသည်  ဦးဝင်းတင်အင်းစိန်ထောင်မှ မလွတ်မြောက်မီ နှစ်နှစ်ခန့်ကတည်းက ရန်ကုန်မြို့သို့ လာရောက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များ နိုင်ငံရေးဘက်မှပုဂ္ဂိုလ်များ၊ သတင်းစာနှင့် စာပေ အသိုင်းအ၀န်းမှ လူထုဒေါ်အမာအပါအ၀င်ပုဂ္ဂိုလ်များနှင့် တွေ့ဆုံခဲ့ပြီး ဦးဝင်းတင်၏ ဘ၀နှင့်ပတ်သက်သည့် သတင်း အချက်အလက်များကို စုဆောင်းခဲ့သည်ဟု သိရသည်။ 

၂၀၀၈ ခုနှစ်တွင် ၎င်းလွတ်မြောက်လာသည့်အခါ တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ရန်အတွက် ပြင်သစ်စာရေး ဆရာမက  စစ်အစိုးရထံသို့ ဗီဇာလျောက်ခဲ့သော်လည်း မရရှိသောကြောင့် ခင်ပွန်းဖြစ်သူသာ လာရောက်နိုင်ခဲ့ပြီး အကြိမ်ကြိမ်တွေ့ ဆုံခဲ့ကြောင်းလည်း ဦးဝင်းတင်က ဆိုသည်။

“အိမ်တအိမ်မှာတွေ့ပြီး မေးမြန်းခန်းလုပ်နေတုန်း ထောက်လှမ်းရေးက ဓာတ်ပုံလာရိုက်ပြီး အနှောင့်အယှက်ပေးတော့ အိမ်ရှင်ကို အားနာပြီး ဆာကူ ရာဟိုတယ်မှာပဲ အင်တာဗျုးလုပ်ရတယ်”ဟု ၎င်းကပြောသည်။

တွေဆုံမေးမြန်းမှုကို နာရီပေါင်း ၂၀ခန့်ပြုလုပ်ခဲ့သည့်အပြင် သီးခြားမေးခွန်းများကို စာရွက်များဖြင့် ဖြေဆိုခြင်းများနှင့် အသံလွှင့်ဌာနများတွင် ပြုလုပ်ခဲ့သည့် တွေ့ဆုံမေးမြန်းမှုများကိုပါ ဤစာအုပ်တွင်ထည့်သွင်းထားသည့်အပြင် သတင်းစာ ဆရာ စာရေးဆရာ လူထုစိန်ဝင်း ၏ အမှာစာဖြင့်ထုတ်ဝေမည်ဟု သိရသည်။

လူတိုင်းတွင် အတ္ထုပ္ပတ္တိ ရှိသော်လည်း ဦးဝင်းတင်ကဲ့သို့ တိုင်းပြည်အတွက် သတင်းစာသမား ဘ၀၊ အဖမ်းအဆီးခံ နိုင်ငံရေးသမားဘ၀ စသည့်ဘ၀မျိုးစုံကို ဖြတ်သန်းခဲ့ရသူများ၏အကြောင်း ရေးသားသည့် စာအုပ်များထွက်ရှိ ခြင်းသည် လူ ငယ်မျိုးဆက်အတွက် တန်ဖိုးရှိကြောင်း၊ သို့သော်လည်း မြန်မာလူမျိုးတဦးက ရေးသားပြီး မြန်မာနိုင်ငံတွင် ထုတ်ဝေနိုင် လျှင်ပိုမို ကောင်းမွန်ကြောင်း သတင်းစာဆရာ မောင်ဝံသကပြောသည်။

အသက် ၈၀ အရွယ်ရှိ သတင်းစာ ဆရာကြီး ဦးဝင်းတင်သည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေးလှုပ်ရှားမှု၌ ပါဝင်ခဲ့ရာ ၁၉၈၉ ခုနှစ် ဇူလိုင်လတွင် စစ်အစိုးရ၏ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခြင်းခံခဲ့ရပြီး ထောင်တွင်း၌ ၁၉ နှစ် ကျော်နေခဲ့ရကာ၂၀၀၈ ခုနှစ် စက်တင်ဘာလ ၂၃ ရက်တွင် အင်းစိန်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက် လာခဲ့သည်။ ၎င်းသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်ရာတွင် ပါဝင်သူ တဦးလည်းဖြစ်သည်။