အိန္ဒိယ အမတ်များနှင့် AIPMC ၂၀၁၀ ရွေးကောက်ပွဲ အတွက် တောင်းဆို

E-mail Print
မြန်မာ့အရေးလှုပ်ရှားနေသော အိန္ဒိယ ပါလီမန်အမတ်များနှင့် မြန်မာ့ရေးရာ အာဆီယံအမတ်များအဖွဲ့တို့က မြန်မာစစ်အစိုးရက ရေးဆွဲအတည်ပြုထားသော၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြုပြင်ရန်လိုအပ်ကြောင်းနှင့် ၂၀၁၀ ရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်ရန် ယမန်နေ့က တိုက်တွန်းတောင်းဆိုလိုက်သည်။

နိုဝင်ဘာ၂၇ ရက် ညနေပိုင်းက အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင်ပြုလုပ်သည့် မြန်မာ့ဒီမိုကရေစီရေး ဆွေးနွေးညှိနှိုင်းပွဲတွင် ဤကဲ့သို့ တောင်းဆိုလိုက်ခြင်းဖြစ်သည်။

ယင်း ဆွေးနွေးပွဲ၌ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးလှုပ်ရှားသူများကို ဖမ်းဆီး အကျဉ်းချမှုများပြုလုပ်နေခြင်း၊ တိုင်းရင်းသားလူနည်းစုတို့ကို ဖိနှိပ်မှုများပြုနေခြင်းတို့ကြောင့် လွတ်လပ်မှု၊ တရားမျှတမှု၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အတွက် ပြုပြင်မှုများလိုအပ်ကြောင်းလည်း တင်ပြဆွေးနွေးခဲ့ကြသည်။

01thanshweမြန်မာ့ရေးရာ အာဆီယံအမတ်များအဖွဲ့(AIPMC) မှ ဒုတိယဥက္ကဌ Mr. Charles Chong က ပြုပြင်မှုများ မလုပ်သေး သရွေ့ ၂၀၁၀ ရွေးကောက်ပွဲမှာ တရားမျှတမှု ရှိမည်မဟုတ်သလို ရလဒ်မှာလည်း ကောင်းသောရလဒ်ဖြစ်ရန် မမျှော်လင့်ကြောင်း ဆွေးနွေးပြောဆိုသွားသည်။

AIPMC အနေဖြင့် မြန်မာပြည်တွင် ဒီမိုကရေစီစနစ် ထွန်းကားလာသည်အထိ ဖိအားပေးလုပ်ဆောင်သွားမည်ဟုလည်း သူက ဆိုသည်။

အဝေးရောက် တိဘက်အစိုးရ ပါလီမန်အမတ်တဦးဖြစ်သူ ဘုန်းတော်ကြီး Acharya Yeshi phuntsok ကလည်း “စစ်အစိုးရအနေနဲ့ ၁၉၉၀ ပြည့်ရွေးကောက်ပွဲတုန်းကလိုမျိုး မတရားလုပ်တာ မဖြစ်သင့်ဘူး။ ၂၀၁၀ ရွေးကောက်ပွဲဟာ တကယ့်ကို တရားမျှတမှုရှိတဲ့ လွတ်လပ်မှုရှိတဲ့ ရွေးကောက်ပွဲမျိုးပဲ ဖြစ်သင့်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

သူကဆက်၍ တိဘက်အရေးနှင့် မြန်မာ့အရေးတို့မှာ ဒီမိုကရေစီရေးနှင့် ငြိမ်းချမ်းရေးကို အခြေခံကြသည်ဖြစ်၍ အကြမ်းမဖက် လှုပ်ရှားမှုဖြင့် မြန်မာ့အရေးလုပ်ဆောင်နေသော ဒေါ်အောင်ဆန်းစုကြည်နှင့် တိဘက်လူမျိုးများ၊ ဘုန်းတော်ကြီးများမှာ ထပ်တူ တစိတ်တ၀မ်းတည်းရှိကြောင်း ပြောဆိုသွားသည်။

ထို့အတူ နီပေါနိုင်ငံ လက်ရှိ အာဏာရပါတီမှ ပါလီမန်အမတ် Chandrika Prasad Yadav ကလည်း နီပေါပြည်သူများနှင့် သူ၏ ပါတီဝင်များသည် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားနေသူများ၊ မြန်မာပြည်သူများနှင့် တစိတ် တ၀မ်းတည်းရှိကြောင်း ထုတ်ဖော်ပြောဆိုသည်။

လက်ရှိဖြစ်ပေါ်နေသော မြန်မာ့ရေးရာများ တင်ပြဆွေးနွေးခဲ့သူ အဝေးရောက် ညွန့်ပေါင်းအစိုးရ (NCGUB)မှ ၀န်ကြီး ဒေါက်တာ တင့်ဆွေက “ဒီနေ့လာတဲ့သူတွေက ပြည်သူလူထုက ရွေးကောက်ထားတဲ့ ပြည်သူ့လွှတ်တော်အမတ်တွေဖြစ်တော့ သူတို့ဒေသ တွင်းမှာ ပြန်ပြီး ဒီနေ့ ဆွေးနွေးတာတွေကို တင်ပြဆွေးနွေးမှာဖြစ်တဲ့ အတွက် ဒီကထွက်လာတာတွေဟာ သက်ဆိုင်ရာ အစိုးရ တွေကို သွားပြီး သက်ရောက်ပါလိမ့်မယ်။ မြန်မာ့ရေးအတွက် တစုံတရာ ထိရောက်မှုတော့ ရှိလာပါလိမ့်မယ်” ဟု ဧရာဝတီသို့ ပြောသည်။

ဆွေးနွေးပွဲ တက်ရောက်လာသူ ဗြိတိန်၊ အိန္ဒိယ၊ နီပေါ၊ မြန်မာ၊ တိဘက် နှင့် အာဆီယံတို့မှ မြန်မာ့အရေး ထောက်ပံ့ အားပေး သူအမတ်များ၊ မြန်မာ့အရေးနှင့် တောင်အာရှဆိုင်ရာ လေ့လာရေး ပညာရှင်များ၊ မြန်မာ့အရေးလှုပ်ရှားနေသူများက မြန်မာ့ ဒီမိုကရေစီရေးအတွက် သက်ဆိုင်ရာ အစိုးရချင်း ဆွေးနွေးဖိအားပေးမှုများ ပေါ်ပေါက်လာသည်အထိ တောင်းဆိုသွားမည် ဟု ဆိုသည်။

ဆွေးနွေးပွဲ၌ ယနေ့မြန်မာတွင် ဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများနှင့် အိမ်နီးချင်းနိုင်ငံများအရေး ကိုလည်း ထည့်သွင်း ဆွေးနွေးရာ အိန္ဒိယအစိုးရ၏ မြန်မာ့ဒီမိုကရေစီရေးအပေါ် ရေငုံနှုတ်ပိတ်နေမှုများကို ထောက်ပြကြသည်။

“ဒီမိုကရေစီ ကျင့်သုံးတဲ့ နိုင်ငံကြီးဖြစ်တဲ့ အိန္ဒိယအစိုးရအနေနဲ့ မြန်မာအစိုးရနဲ့ ဆက်ဆံတဲ့နေရာမှာ စီးပွားရေးတခုတည်းကို မကြည့်ပဲ မြန်မာနိုင်ငံတွင်းမှာ ဖြစ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ပြည်သူလူထု ခံစားနေရတာတွေ၊ ဒီမိုကရေစီရေးနဲ့ ငြိမ်းချမ်းရေးအတွက် ၀င်ရောက်ပြောဆိုပေးပါဆိုတာကို ဒီနေရာကနေ ကျမ မေတ္တာရပ်ခံလိုပါတယ်”ဟု မြန်မာဒုက္ခသည်များရေးရာ လုပ်ဆောင်ကူညီပေးနေသူ ဗြိတိန်မှ ပါလီမန်အမတ် Mrs. Baroness Cox က ပြောဆိုသည်။

၁၉၈၈ တွင် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုများကို အားပေးကူညီခဲ့သော အိန္ဒိယအစိုးရအနေဖြင့် ၁၉၉၀ နောက်ပိုင်းတွင်မူ မြန်မာ့ အရေးတွင် ၀င်ရောက်ပြောဆိုခြင်း မပြုတော့ပဲ မြန်မာအစိုးရခေါင်းဆောင်များနှင့် နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းများ ပူးပေါင်း လုပ်ဆောင်မှုများကိုသာ တိုးမြှင့်လုပ်ဆောင်လာသည်။

အိမ်နီးချင်းနိုင်ငံတခုဖြစ်သော မြန်မာနိုင်ငံမှာ ပထ၀ီအနေအထားအရ အိန္ဒိယနှင့် အရှေ့တောင်အာရှနိုင်ငံများ ကူးလူးဆက်ဆံမှု အတွက် တခုတည်းသော ပေါင်းကူးနိုင်ငံဖြစ်နေသောကြောင့် အစိုးရချင်း စီးပွားရေးပူးပေါင်းလုပ်ဆောင်ခြင်းများ ဖြစ်လာသည် ဟုလည်း တောင်အာရှလေ့လာရေး ပညာရှင်များက သုံးသပ်တင်ပြကြသည်။

မြန်မာနိုင်ငံတွင်းဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေ မတည်ငြိမ်မှုများကြောင့် အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးလာနေသော ဒုက္ခသည်အရေအတွက် တိုးမြင့်လာသည်ကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံအရေးမှာ ဒေသတွင်းနိုင်ငံများ၏ အရေးပင်ဖြစ်သည် ဟု လက်ရှိ အိန္ဒိယအစိုးရ၏ အတိုက်အခံပါတီများမှ ပါလီမန်အမတ်များက ဆိုသည်။

“မြန်မာပြည်မှာ ဒီမိုကရေစီမရှိရင် တိုးတက်မှုရှိမှာမဟုတ်ဘူး။ အိန္ဒိယဟာ မြန်မာပြည်နဲ့ စီးပွားရေးအရ ပူးပေါင်းနေတဲ့ အိမ်နီးချင်း နိုင်ငံကြီးတခုဖြစ်တော့ မြန်မာပြည် ဒီမိုကရေစီရေး၊ မြန်မာပြည်တိုးတက်ရေးအတွက် ပြောကိုပြောသင့်တယ်။ အိန္ဒိယ မီဒီယာတွေ ဟာလည်း မြန်မာပြည်အရေးကို သိပ်စိတ်မ၀င်စားကြဘူး။ ဒါကို အိန္ဒိယအစိုးရသိအောင်ပြောဖို့ မီဒီယာတွေမှာလည်း တာဝန်ရှိ တယ်”ဟု အိန္ဒိယ အတိုက်အခံပါတီကြီးတခုဖြစ်သည့် BJP မှ ပါလီမန်အမတ်တဦးက တင်ပြပြောဆိုသည်။

မြန်မာ-အိန္ဒိယ နယ်စပ်၊ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပြည်နယ်ကိုယ်စားပြု လွှတ်တော်အမတ်တဦးကလည်း ဖိနှိပ်မှုများကြောင့် နယ်စပ်ဒေသသို့ ရောက်ရှိလာသော မြန်မာလူမျိုးများ အရေအတွက် များပြားလာသည်ကို ထောက်ပြ၍ မြန်မာနိုင်ငံတွင် ဖြစ်ပေါ် နေသော လူ့အခွင့်အရေး ချိုးဖောက်မှုများက အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများကို ခြိမ်းခြောက်လာနေသည် ဟုဆိုသည်။

“မြန်မာပြည်မှာဖြစ်နေတဲ့ တကယ့်ဖြစ်ရပ်မှန်အခြေအနေတွေကို နိုင်ငံတကာက သိအောင်၊ သတင်းအချက်အလက်တွေဖြန့်ဝေတာ တွေ၊ မြန်မာ့ဒီမိုကရေစီရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ လှုံ့ဆော်တာတွေကို ကျနော်တို့ ဆက်ပြီးတော့ လုပ်သွားမယ်။ ဒါမှ ကမ္ဘာက မြန်မာ့ဒီမိုကရေစီရေးကို ပိုအလေးထား လာကြမယ်” ဟု ဆွေးနွေးပွဲ ဦးဆောင်သည့် မြန်မာ့ဒီမိုကရေစီရေးအတွက် သွေးစည်းညီညွတ်သော အိန္ဒိယ ပါလီမန် အမတ်များအဖွဲ့ (IPFDB) မှ အထက်လွှတ်တော်အမတ် Sharad Joshi က ပြောသည်။

ထို့အတူ အိမ်နီးချင်းနိုင်ငံတခုဖြစ်သော တရုတ်နိုင်ငံအစိုးရအနေဖြင့်လည်း မြန်မာပြည်မှ ထွက်ရှိသော ရေနံ၊ သဘာဝဓာတ်ငွေ့၊ ရေအားလျှပ်စစ်များကို ၀ယ်ယူမှုများသာရှိပြီး လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် မြန်မာပြည်သူများ ငြိမ်းချမ်းတိုးတက်ရေးတို့ကို လစ်လျူရှုထားသည်ဟု ဝေဖန်ပြောဆိုကြသည်။

မြန်မာပြည်တွင်းဖြစ်ပေါ်နေသော နိုင်ငံရေး မတည်ငြိမ်မှုများ၊ ဒီမိုကရေစီ နည်းလမ်းမကျမှု၊ တိုင်းရင်းသားများအပေါ် ဖိနှိပ်နေမှုများ၊ ဒီမိုကရေစီရေး လှုပ်ရှားသူများကို ဖမ်းဆီးအကျဉ်းချနေမှုများ ရပ်တန့်စေရန်နှင့် တိုးတက်မှုအတွက် ဒေသတွင်းနိုင်ငံများအနေဖြင့် ပူးပေါင်းလုပ်ဆောင်ရန် လိုအပ်နေကြောင်း သက်ဆိုင်ရာ အစိုးရများကို ယင်းဆွေးနွေးပွဲတွင် တိုက်တွန်းပြောဆိုသွားသည်။

အဆိုပါ  ဆွေးနွေးပွဲမှ“အခြေခံဥပဒေကို ပါဝင်သင့် ပါဝင်ထိုက်သူများ အားလုံးပါဝင်၍ ပြုပြင်ရေးဆွဲရန်၊ စစ်အစိုးရက တဖက် သတ်ရေးဆွဲအတည်ပြု ထားသော ၂၀၀၈ အခြေခံဥပဒေအတိုင်း ရွေးကောက်ပွဲ မပြုလုပ်ဘဲ ပါဝင်သင့်သူအားလုံးပါဝင်ခွင့်ရှိသည့် ရွေးကောက်ပွဲဖြစ်ရန်၊ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရန်အတွက် နိုင်ငံတကာမှ စောင့်ကြည့်မှုကို ခွင့်ပြုရန်” တို့ကိုလည်း ချမှတ်တောင်းဆိုခဲ့သည်။

ထို့အတူ ဖမ်းဆီးထိန်းသိမ်းထားသော ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံးကို ချွင်းချက်မရှိ ပြန်လွှတ်ပေးရန်၊ ဒီမိုကရေစီရေး လှုပ်ရှားနေသူများကို ထပ်မံဖမ်းဆီးအကျဉ်းချ၍ နှိပ်စက်နေမှုများကို ရပ်တန်းကရပ်ရန်၊ တိုင်းရင်းသားများအပေါ် ဖိနှိပ်နေမှုများကို ရပ်တန့်ရန် စသည့်အချက်များလည်း ပါဝင်သည်။

မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများကလည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ထုတ်ပြန်သော ရွှေဂုံတိုင် ကြေငြာစာတမ်း၊ ဒေါ်အောင်ဆန်းစုကြည်မှ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ပေးပို့သောစာ၊ လက်ရှိဖြစ်ပေါ်နေသော မြန်မာ့နိုင်ငံရေးအခြေအနေများကို ဆွေးနွေးပွဲ တက်ရောက်လာသူ ပါလီမန်လွှတ်တော်အမတ်များအား ပေးဝေတင်ပြခဲ့ကြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်