ရေအားလျှပ်စစ် စီမံကိန်းအတွက် ကချင်ဒေသခံများ ဖိအားပေးခံရ

E-mail Print
အာဏာပိုင်တို့က ကချင်ပြည်နယ် တောင်ပိုင်း မိုးမောက်မြို့၊ ပရန်ခူးဒုံးကျေးရွာ ရွာလူကြီးတချို့ကို အောက်တိုဘာ လဆန်းပိုင်းက ခေါ်ယူ ဆွေးနွေးပြီး တာပိန်ရေအားလျှပ်စစ် စီမံကိန်း မြေနေရာနှင့် ဒေသခံများ သက်ဆိုင်မှုမရှိ ဟူသည်ကို သိနားလည်ကြောင်း လက်မှတ် ရေးထိုးခိုင်းခဲ့သည်ဟု သတင်းရရှိသည်။

စီမံကိန်း မြေနေရာသည် မြေလွတ်မြေရိုင်းဖြစ်သည်ဟု အာဏာပိုင်တို့က အတင်းအကျပ် သတ်မှတ်လိုဟန်ရှိကြောင်း ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ရွာသားတဦးက ဧရာဝတီသို့ ပြောသည်။ 

“စာကို ဖတ်ကြည့်တော့ ဤဒေသဟာ မြေလွတ် မြေရိုင်း ဖြစ်တယ်၊ ကျနော်တို့ ပရန်ခူးဒုံးကျေးရွာနဲ့ ဘာမှ မဆိုင်ပါဘူး ဆိုတဲ့ စာ ဖြစ်နေတော့ ကျနော်တို့ လက်မှတ်မထိုးဘူး” ဟု ထိုရွာသားက ပြောသည်။

ကချင်ပြည်နယ် လွတ်လပ်ရေး တပ်မတော် (KIA)၏ တပ်ရင်း အမှတ် ၁၅ တွင် ပြုလုပ်သည့် အဆိုပါ တွေ့ဆုံပွဲသို့ ရွာသူကြီးအပါအ၀င် ကျေးရွာ ကိုယ်စားလှယ် ၄ ဦး တက်ရောက်ကြကြောင်း သိရသည်။

တာပိန်မြစ်ပေါ်ရှိ ရေအားလျှပ်စစ် စီမံကိန်းကို တရုတ်နိုင်ငံနှင့် ဖက်စပ် လုပ်ကိုင်နေကြောင်း၊ တရုတ်နိုင်ငံက အနှစ် ၃၀ လုပ်ကိုင်ပြီးပါက ရေအားလျှပ်စစ် စက်ရုံကို မြန်မာနိုင်ငံက ပိုင်ဆိုင်မည်ဖြစ်သောကြောင့် များစွာ အကျိုးရှိမည်ဖြစ်ကြောင်း၊ ဒေသခံများက လက်မခံလျှင်လည်း စီမံကိန်းကို ဆက်လက် အကောင်အထည် ဖော်မည်ဖြစ်ကြောင်း  အာဏာပိုင်တို့က ပြောကြားခဲ့သည်ဟု ဆိုသည်။

KIA အရာရှိများကလည်း ရေအားလျှပ်စစ် စီမံကိန်းကို သဘောကျခြင်း မရှိပေ။

“စစ်အစိုးရ နဲ့ တရုတ်က ဒီရေကာတာ စလုပ်တာ ကြာပြီ ။ ကျနော်တို့ကို ဘာတခွန်းမှ မပြောဘူးလေ” ဟု KIA အရာရှိ တဦးက ရှင်းပြသည်။

ရွာသားများကို လက်မှတ်မထိုးရန် KIA အရာရှိများက အကြံပြုထားသည်ဟု ၎င်းက ပြောသည်။

ဧရာဝတီ၏ မြစ်လက်တက် တခုဖြစ်သော တာပိန်မြစ်ပေါ်တွင် ပြုလုပ်မည့် စီမံကိန်းကြောင့် ဒေသ၏ သဘာဝပတ်ဝန်းကျင် ပျက်စီးမည်ကို စိုးရိမ်သူများလည်း ရှိသည်။

“စီမံကိန်း စတာတော့ ကြာပြီ။ ဒါပေမယ့် အလုပ် ကောင်းကောင်း မလုပ်ကြသေးဘူး။ လုပ်ဖြစ်ခဲ့ရင်တော့ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမယ်။ ပတ်ဝန်းကျင် ရွာများရဲ့ လုပ်ကိုင် စားသောက်နေတဲ့နေရာ ပျောက်ဆုံးမယ်၊ အောက်ပိုင်းမှာရှိတဲ့  ရွာများရဲ့ အသက်မွေးဝမ်းကျောင်း ထိခိုက်မယ်” ဟု ထိုဒေသတွင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆောင်ရွက်နေသူ တဦးက ဆိုသည်။

“ဗန်းမော်၊ မိုးမောက်မြို့နှင့် ပတ်ဝန်းကျင် ရွာပေါင်း များစွာရဲ့ဘ၀က တည်ငြိမ်မှု ရှိမှာ မဟုတ်တော့ဘူး၊ ဘယ်အချိန် ရေကာတာ ပြိုကျလာမလဲ၊ ပေါ်တာ ခေါ်တာတို့ ၊ ဘာကြေး ညာကြေး ဘယ်အချိန် ကောက်မလဲ စသည်ဖြင့်ပေါ့” ဟု ၎င်းက ဆက်လက် ရှင်းပြသည်။

စီမံကိန်းမှ ရေအားလျှပ်စစ် ထွက်ရှိမည် ဖြစ်သော်လည်း ရွာသူရွာသားများအတွက် အကျိုးရှိမည်မဟုတ် ၎င်းဒေသမှ ခရစ်ယာန် တရားဟောဆရာ တယောက်က သုံးသပ်သည်။

“ဒီလိုရွာသားထံမှ ဘာသဘောတူညီချက်မှလည်း မယူ၊ လျော်ကြေးမပေးဘဲ လုပ်ချင်တာ အကုန် လုပ်သွားတာ ကျနော်တို့ စိတ်မကောင်းပါဘူး၊  ရေကာတာ လုပ်သော်လည်း မီးရမှာလည်း မဟုတ်ပါဘူး” ဟု တရားဟောဆရာက ဆက်လက် ပြောကြားသည်။

အာဏာပိုင်တို့က ရေအားလျှပ်စစ်စီမံကိန်းကို ဆက်လက် လုပ်ဆောင်ခြင်း မရှိသေးပေ။  ၎င်းတို့၏ အခြေအနေကို စောင့်ကြည့်နေခြင်း ဖြစ်မည်ဟု ဒေသခံများက ယူဆနေကြသည်။

ပရန်ခူးဒုံး ကျေးရွာ အုပ်စုတွင် အိမ်ခြေ စုစုပေါင်း ၂၀၀ ကျော်ရှိကြောင်း သိရသည်။ ထိုဒေသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ရိန်ကျန်းမြို့နယ်နှင့် နယ်နမိတ်ချင်း ထိစပ်နေသောဒေသဖြစ်သည်။

မြန်မာနိုင်ငံတွင် တာပိန်မြစ်ပေါ်ရှိ စီမံကိန်းများအပါအ၀င် ပြည်ပရင်းနှီးမြှုပ်နှံမှုဖြင့် အကောင်အထည်ဖော်နေသည့် ရေအားလျှပ်စစ် စီမံကိန်း ၁၃ ခုရှိကြောင်း၊ စီမံကိန်းများ ပြီးစီးပါက လျှပ်စစ်ဓာတ်အားများကို အိမ်နီးချင်း နိုင်ငံများသို့ ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်