မြန်မာ့ဆိုင်းဝိုင်းတွင် အနောက်တိုင်းတူရိယာများ မသုံးရဟုဆို

E-mail Print
အလှူ၊ မင်္ဂလာ အခမ်းအနားများတွင် ငှားရမ်း အသုံးပြုလေ့ရှိသော မြန်မာ့ ဆိုင်းဝိုင်းများတွင် ကီးဘုတ်အပါအ၀င် အနောက်တိုင်း တူရိယာ ပစ္စည်းများ ထည့်သွင်း တီးမှုတ်ခြင်း မပြုရန် မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး (ဗဟို) က ထုတ်ပြန် လိုက်ကြောင်း သိရသည်။

“ဆိုင်းပညာ ရှင်ကြီးတွေက ယဉ်ကျေးမှု ၀န်ကြီးဌာနကို တိုင်လို့ အဲဒီကတဆင့် ညွှန်ကြားချက် ထုတ်ပြန် လိုက်တာပါ” ဟု သဘင် ပညာရှင်များ အစည်းအရုံးမှ တာဝန်ရှိသူ တဦးက ဧရာဝတီကို ပြောသည်။

ဒီဇင်ဘာ ၁၀ ရက်နေ့က စတင်သည့် အဆိုပါ ထုတ်ပြန် ချက်ထဲတွင် ညွှန်ကြားချက် ၅ ချက် ပါဝင်ကြောင်း သိရသည်။

ညွှန်ကြားချက် များထဲ၌ မြန်မာ့ရိုးရာ ဆိုင်းအဖွဲ့များ အနေနှင့် မြန်မာ ဆိုင်းသမားစဉ် အတိုင်း တီးခတ်ရန်၊ မြန်မာ့ရိုးရာ ဆိုင်းဝိုင်းကြီးများနှင့် အနောက်တိုင်း တူရိယာများ ဖြစ်သော အော်ဂင်၊ ကီးဘုတ်၊ ဒရမ်ဆက်၊ ဂစ်တာ၊ အနောက်တိုင်း လေမှုတ် တူရိယာများ၊ မြန်မာ့ရိုးရာနှင့် မကိုက်ညီသော တူရိယာများနှင့် တွဲဖက်အသုံးပြု တီးမှုတ်ဖျော်ဖြေခြင်း မပြုရန်၊ မြန်မာ့ရိုးရာ ဆိုင်းဝိုင်းကြီးများနှင့် တွဲဖက်သီဆိုသော အဆိုတော်များသည် မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်သော ဟီရိသြတ္တပ္ပတရား ကင်းမဲ့သည့် လျှပ်ပေါ်လော်လီသော သရုပ်ပျက် ၀တ်စားဆင်ယင် ခြင်းများ မပြုလုပ်ရန်၊ ဆိုင်းအဆိုတော်များသည် ဆိုင်းဝိုင်းကြီးရှေ့တွင် သီဆို ဖျော်ဖြေခြင်း မပြုရန်၊ ဆိုင်းဖျော်ဖြေမှု၌ လျှပ်စစ်မီး ဆလိုက်များနှင့် အသံချဲ့စက်များကို တွဲဖက်အသုံးပြုနိုင်ပြီး မြန်မာ့ရိုးရာ ဆိုင်းဖျော်ဖြေ တင်ဆက်ပွဲများ၌ ဆိုင်းဝိုင်းကြီးကို စင်မြင့်ပေါ်တင်၍ ဇာတ်ခုံ ပြင်ဆင်မွမ်းမံခြင်း ပြုလုပ်နိုင်သည် ဟူ၍ ပါဝင်သည်။

မြန်မာနိုင်ငံရှိ နယ်ပရိသတ်အများစုမှာ ဆိုင်းဝိုင်းဖျော်ဖြေတင်ဆက်မှုတွင် ခေတ်ပေါ်တေးသီချင်းများကိုထည့်သွင်း တီးမှုတ် သီဆို ပေးရန် တောင်းဆိုကြသောကြောင့် လက်ရှိဆိုင်းအဖွဲ့များမှာ ထိုကဲ့သို့ဖျော်ဖြေမှုကို ထည့်သွင်းလာကြခြင်းဖြစ်ကြောင်း သိရသည်။

“နယ်ကလူတွေကျတော့ မြို့ကြီးတွေလို စတိတ်ရှိုးတွေ ဘာတွေမရှိတော့ ဒီလို ဆိုင်းဝိုင်းနဲ့ဖျော်ဖြေတဲ့ အခါမှာပဲ သူတို့ကြိုက်တဲ့ ခေတ်ပေါ် သီချင်းတွေကို ဖျော်ဖြေစေချင်ကြတယ်” ဟု နိုင်ငံတော်အဆင့် မြန်မာ့ဆိုင်း ရွှေတံဆိပ် ၁၉ ဆုရှင် သီရိမောင်မောင်က ဧရာဝတီကိုပြောသည်။

ထို့အပြင် နယ်များသို့ လိုက်လံဖျော်ဖြေနေရသည့် ဆိုင်းဝိုင်းအဖွဲ့ငယ်များအနေဖြင့် ဖျော်ဖြေတင်ဆက်မှုအပိုင်းတွင် အခက် အခဲများ ရှိလာနိုင်ကြောင်း ၎င်းကဆက်ပြောသည်။

ယနေ့ခေတ် ပြည်သူများအနေဖြင့် မြန်မာ့ဆိုင်းပညာရပ်နှင့် ပတ်သက်၍ စိတ်ပါဝင်စားမှု အားနည်းနေချိန်တွင် ယခုကဲ့သို့ ထုတ်ပြန် လိုက်ခြင်းကြောင့် ဆိုင်းအဖွဲ့များ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းကိုပါ ထိခိုက်လာနိုင်ဖွယ်ရှိကြောင်း မန္တလေးမှ ယဉ်ကျေးမှု သုတေသန စာတမ်းများကို ပြုစုနေသည့် ဒေါက်တာ ခင်မောင်ကြည်က ပြောသည်။

“လူ့သဘာဝကိုက အသစ်ကိုကြိုက်ကြတယ်၊ အဟောင်းတွေကို လက်မခံချင်ကြဘူး။ အခုတောင် မြန်မာ့ဆိုင်းဝိုင်းတွေကို ငှားတဲ့ သူတော်တော် နည်းလာပြီ။ ဒီလို ကန့်သတ်ချက်တွေပါ ထုတ်လိုက်တော့ ပိုဆိုးတာပေါ့” ဟု ၎င်းကသုံးသပ်သည်။

မြန်မာ့တူရိယာ ပစ္စည်းများကြားတွင် နိုင်ငံခြား တူရိယာပစ္စည်းများ ရောစပ်၍ ကောင်းမွန်စွာ အသုံးချမည်ဆိုလျှင်  အသုံးချ သင့်ကြောင်း၊ ထိုကဲ့သို့ အသုံးပြုမှုမှာ အနုပညာတရပ်မဖြစ်ဘဲ ဖျက်ဆီးသည့် သဘောမျိုးဆိုလျှင် မလုပ်သင့်ကြောင်း တေးရေးဆရာ မြင့်မိုးအောင်က ၎င်း၏အမြင်ကိုပြောသည်။

နန်းတော်ရှေ့ဆရာတင်၏ မြေးဖြစ်သူ ဇာတ်မင်းသားနန်းဝင်းကလည်း “မြန်မာ့ဂီတနဲ့ ကမ္ဘာ့ဂီတကို ရောစပ်လို့ရပါတယ်။ ဒါပေမယ့် သိပ် လွန်ကဲသွားပြီး ကိုယ့်ရဲ့ရိုးရာယဉ်ကျေးမှု ပျောက်သွားမယ်ဆိုရင်တော့ မကောင်းဘူးပေါ့။ မလွန်ကဲဘူး ဆိုရင်တော့ ဘယ်ဂီတမဆို ဆက်နွှယ်နေတဲ့အတွက် ပြဿနာမရှိပါဘူး” ဟု ဆိုသည်။

မြန်မာ့ရိုးရာ ဂီတသံစဉ်များနှင့် အနောက်တိုင်း သံစဉ်များကို ရောစပ်၍ ပြန်လည်ဆန်းသစ် ထုတ်လုပ်လျက်ရှိသည့် ဟစ်ပ်ဟော့ပ် အဆိုတော် သားစိုးကလည်း ယခုကဲ့သို့ အနောက်တိုင်း တူရိယာမျာဖြင့် တွဲဖက်သုံးစွဲခွင့်မပေးလျှင် အနောက်တိုင်း ပစ္စည်းများ ဖြစ်သည့် အသံချဲ့စက်ကဲ့သို့သော လျှပ်စစ်ပစ္စည်းများ ထည့်သွင်းသုံးစွဲခြင်းကိုပါ ပိတ်ပင်သင့်သည်ဟု ပြောသည်။

“ရိုးရာ ထိန်းသိမ်းချင်တယ် ဆိုရင်တော့ စပီကာတွေပါ မသုံးသင့်ဘူးလို့ အကြံပြုချင်တယ်။ ဒီလို ခေတ်နောက်ပြန်ဆွဲနေတဲ့ အယူအဆတွေကို ထုတ်ပြန်တယ်ဆိုတော့ ကျနော်တို့တိုင်းပြည်က ၁၈ ရာစုကို နှစ်သက်လို့ဖြစ်ပါလိမ့်မယ်” ဟု သူက ဆက်ပြောသည်။

မြန်မာ့ဆိုင်းဝိုင်း ဖျော်ဖြေမှုများတွင် အနောက်တိုင်း ဂီတသံစဉ်များကို တွဲဖက် သီဆို တီးမှုတ် ဖျော်ဖြေလာသည်မှာ ၂၀၀၄ ခုနှစ် နောက်ပိုင်းမှ စတင်ဖြစ်နိုင်ကြောင်း ဆိုင်းပညာရှင် သီရိမောင်မောင်က ပြောသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်