မွန်အမျိုးသားနေ့ ကြော်ငြာများ ဆင်ဆာထိ

Thursday, 07 January 2010 19:23
Print
မွန်ပြည်နယ်အတွင်း ဆိုက်ထူထားသည့် လာမည့် ဇန်န၀ါရီ ၃၀ ရက်နေ့တွင် ကျရောက်သော ၆၃ ကြိမ် မြောက် မွန် အမျိုးသားနေ့ ကြော်ငြာဆိုင်းဘုတ်များ၌ ပါရှိသည့် မြန်မာဘာသာကို စစ်အစိုးရအာဏာပိုင်များက ပယ်ဖျက်ပေးရန် အမိန့်ပေး ညွှန်ကြားမှုပြုလုပ် သည်ဟု မွန်အသိုင်းအ၀ိုင်းက ပြောသည်။

မွန်ယဉ်ကျေးမှု ကော်မတီမှတာဝန်ရှိသူတဦးက“တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ထိခိုက်နိုင်တဲ့အတွက် ဆိုင်းဘုတ်မှာ ပါတဲ့ မြန်မာစာတွေကို ဖျက်ပေးဖို့ ပြည်နယ်အေးချမ်းသာယာရေးအဖွဲ့က ပြောတယ်၊ တိုင်းမှူးရဲ့အမိန့်လို့ သိရတယ်”ဟု ဧရာဝတီသို့ ပြောဆိုသည်။

mon_nationaldayမွန်နှင့် မြန်မာ ၂ ဘာသာ အသုံးပြုထားသော အဆိုပါ ဆိုင်းဘုတ်များတွင်“သထုံတ၀ိုက်မှ မလေးကျွန်းဆွယ်အထိ အရှေ့တောင် အာရှ ဒေသ တခုလုံးသည် သုဝဏ္ဏဘူမိ ဒေသ တွင် အကျုံးဝင်သည်။ ခရစ်နှစ် (၁၀၅၇) တွင် သထုံဒေသ တိုက်ခိုက်ခံရပြီး အမျိုးသား အမွေအနှစ်အားလုံး ဆောင်ကြဉ်းသွားခြင်း ခံရသော်လည်း သုဝဏ္ဏဘူမိ နန်းစဉ် ဗုဒ္ဓ ရုပ်ပွားတော်ကိုကား ပင့်ဆောင် သွားခြင်း မပြုနိုင်ခဲ့ချေ”ဟု ရေးသားထားသော မြန်မာစာ ကို ပယ်ဖျက်ခိုင်းခြင်းဖြစ်သည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၉ ရက်နေ့ ကတည်းက ယင်းဆိုင်းဘုတ်များ၌ မွန်ဘာသာ တမျိုးတည်းကိုသာ အသုံးပြုရန် အာဏာပိုင် များက အမိန့်ပေးခဲ့သည်ဟု မွန်ယဉ်ကျေးမှု ကော်မတီ၏ အဆိုအရ သိရသည်။

“မွန်ဘာသာ တမျိုးတည်းဆို လူတချို့ပဲနားလည်မှာပေါ့၊ ၂ ဘာသာနဲ့ဆိုရင် လူအများပိုပြီး သိနိုင်တယ်လေ”ဟု မွန်ယဉ်ကျေးမှု ကော်မတီမှတာဝန်ရှိသူ က ပြောသည်။

မြန်မာနိုင်ငံတွင် မွန်လူမျိုး ၂ သန်းခန့် ရှိပြီး အများစုမှာ မွန်ဘာသာ စကားကို တတ်ကျွမ်းမှုမရှိဟုလည်း ၎င်းက ဆိုသည်။

အာဏာပိုင်များက ဆိုင်းဘုတ်များအပြင် လက်ကမ်း စာရွက်များတွင်လည်း မြန်မာစာနှင့် ရေးသားထားသည်များကို ဖျက်ပေးရန် ပြောကြားကြောင်းလည်း သိရသည်။

ယခင်ကလည်း စစ်အာဏာပိုင်များက မွန်အမျိုးသား ယဉ်ကျေးမှု ပြတိုက် အမည်ကို အမျိုးသားပြတိုက် ဟု အမည်ပြောင်းခိုင်းပြီး မွန်တိုင်းရင်းသား အထိမ်းအမှတ် ဟင်္သာရုပ်ထားသည့် နေရာတွင်လည်း ဆွမ်းအုပ်ကဲ့သို့သော အရုပ်များဖြင့် အစားထိုးထားရှိမှုများ ပြုလုပ်ခဲ့သေးသည်။

မွန်အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားများကို မွန်ပြည်နယ် မော်လမြိုင်၊ မုဒုံ ၊ သံဖြူဇရပ် နှင့် ရေး မြို့နယ်များတွင် ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။