ပါမောက္ခ ဒေါက်တာဖေသိန်း အမှတ်တရ

E-mail Print
(၁)

၁၃ ရက်နေ့ မနက်က ကျနော့် အီးမေးလ် သေတ္တာတွင်းသို့ ဆေးတက္ကသိုလ် မန်းထွက် ဂျူနီယာညီ တယောက်ဆီမှ မန္တလေး ဆေးရုံကြီး အထူးကြပ်မတ် ကုသဆောင်တွင် ဆရာကြီး ဦးဖေသိန်း ဆုံးပြီဆိုသည့် စာတစောင်ဝင်လာပါသည်။

ထိုစာဖတ်ပြီးနောက် စိတ်အစဉ်သည် လွန်ခဲ့သည့် ၂၁ နှစ်က ဇန်နဝါရီလကို ပြန်ရောက်သွားတော့သည်။ ရန်ကုန်မြို့ ဦးဝိစာရ အဗင်းနျူးဘေး ခြံတခြံတွင်းရှိ တိုက်ပုကလေး ဧည့်ခန်းတွင် သက်လတ်ပိုင်း အမျိုးသမီး နှစ်ယောက်နှင့် ကလေးတယောက် ထိုင်နေသည်ကို လည်းကောင်း၊ ခပ်ချောချော နှာတံပေါ်ပေါ် ဥပဓိကောင်းလှသည့် အန်တီကြီးတယောက် ထွက်ဧည့်ခံသည်ကို လည်းကောင်း မျက်စိထဲ ပေါ်လာပါသည်။

ထိုအိမ်ရှင် အန်တီကြီးမှာ ဦးဖေသိန်းကတော် ဒေါ်ကြူကြူဆွေ (သားဖွားမီးယပ်ပါမောက္ခ) ဖြစ်ပြီး ဧည့်သည်အမျိုးသမီးနှစ်ဦးမှာ ကျနော့်အမေနှင့် အဒေါ် ညီအစ်မဖြစ်ပါ၏။ ကလေးပေါက်စ မည်သူမည်ဝါဖြစ်ကြောင်း စာဖတ်သူများကို ဝိတ္တာရချဲ့ဖို့ မလိုတော့ပါ။

ထိုစဉ်က အမေ့နယ်ပြောင်းနယ်ရွှေ့ကိစ္စအတွက် သူ့ဆရာတွေလိုက်တွေ့သည်ဟုသာ နားလည်ထားပါသည်။ နောက်ကျမှ ထိုအိမ်ရှင် အမျိုးသမီးကြီးမှာ အာဏာသိမ်းခါစ နဝတ စစ်အစိုးရ ကျန်းမာရေးနှင့်ပညာရေးဝန်ကြီးကတော်ဖြစ်ကြောင်း၊ အမေ့ နယ်ပြောင်းကိစ္စတွင် ချင်းတောင်ပြန်မသွားဖို့ ကိစ္စအပြင် အရေးအခင်းပြီးပြီးချင်း အလုပ်ပြန်မဝင်သောကြောင့် ထုချေလွှာ တင်ခိုင်းသောကိစ္စ၊ အရေးအခင်းတုန်းက ဆရာဝန်တွေ ဆေးရုံပစ်ပြေးသည်ဆိုပြီး အတိုင်ခံရသည့် ကိစ္စများပါဝင်ကြောင်း သိရသည်။

အရေးအခင်းတွင် ဒီမိုကရေစီတောင်းဆိုမှုများအပြင် လူမျိုးရေး၊ မြန်မာမုန်းတီးရေး တင်းမာမှုများ ပါရှိလာသည့်အတွက် ဆရာဝန်တွေ မြန်မာတွေ မြေပြန့်ဆင်းပြေးရသည့်အကြောင်း သိသွားသည့်အခါ ဝန်ကြီးဒေါက်တာဖေသိန်းက ထိုဒေသများသို့ အမျိုးသမီး ဆရာဝန်များမလွှတ်သင့်ဟု ညွှန်ကြားပြီး ကျနော့်မာမီဘုရားကို အညာမြို့ကြီးတမြို့သို့ ပြောင်းရွှေ့ပေးလိုက်ပါသည်။

ထို့နောက် ဆရာဦးဖေသိန်းကို မှတ်မှတ်ရရ နှစ်ခါသာ ပြန်တွေ့ဖူးပါတော့သည်။ နဝတမှ နအဖ ဟု ဆိုင်းဘုတ်မလဲမီ တနှစ်က မန်းရွှေမြို့၌ ထိပ်သီးသန်းသန်း ခေတ္တစံမြန်းတော်မူစဉ် ပါလာသည့် ဝန်ကြီးတချို့ကို မြို့ပေါ်က သက်ကြီး စာရေးဆရာများအား စာဆိုတော်နေ့ လိုက်ကန်တော့ဖို့ လွှတ်လိုက်သဖြင့် ပြန်ကြားရေးဝန်မင်း ဗိုလ်မှူးချုပ်အေးကျော် (ဘိလပ်တွင်ဆုံး) နှင့် ဆရာဖေသိန်း လိုက်ပါလာခြင်းဖြစ်ပါသည်။ ထိုစဉ်က ဘယ်ယတြာကိန်းခန်းအရ မသိ၊ ဆရာဝန် ကျောင်းဆရာ ဘိလပ်ပြန်ပါရဂူမှာ အကြောင်းမညီညွတ်ဘဲ နှာခေါင်းဆီဆွတ်၍ ဘောင်းဘီဝတ်နေချိန်ဖြစ်ပါသည်။

ဘယ်အပွင့် ဘယ်အခက်တွေ ဘယ်လိုတင်စေကာမူ ဗိုလ်မှူးကြီးယောင်ဆောင်ထားရသော ပါမောက္ခကြီးမှာ ကျောင်းဆရာ ပုံစံမပျောက်ပါ။ ဒေါ်အမာနှင့် တွေ့ချင်သဖြင့် လိုက်လာခြင်းဖြစ်ပီး အပြန်တွင်လည်း ထပ်လာဦးမည်ဟု နှုတ်ဆက် သွားပါသေးသည်။

ပြန်လာသော အချိန်တွင် ဆရာကြီးမှာ ပါကင်ဆောနစ်ဆင်ခေါ် သွက်ချာပါဒဝေဒနာသည် တယောက် ဖြစ်နေရှာလေပြီ။ ရန်ကုန် တော်လှန်ရေးပန်းခြံအနီး ရိပ်သာလမ်းမကြီးပေါ်က သူ့အဖေ သမ္မတအိမ်တော်ဝန် စစ်ရှေ့ခေတ်အတွင်းဝန်ဟောင်း စည်သူဦးစံဖေ (K.S.M, A.T.M ) ပိုင်ခြံဝန်းထဲတွင် ရှိသမျှနှင့် ချွေတာဆောက်လုပ်ထားသော အိမ်ကလေးမှာလည်း လူကြီးနယ်မြေမို့ ခဏခဏ ဟိုပိတ်ဒီပိတ် လုပ်သည့်အခါတိုင်း ညရေးညတာ ကျန်းမာရေးအတွက် အဝင်အထွက် ခက်လှသောကြောင့် မန္တလေးကသားဆီ ပြန်ပြောင်းလာခြင်းဖြစ်သည်။

ရွှေညာဆီပြန်လာသော ဝန်ကြီးဟောင်းနှင့် မိခင်နှင့်ကလေးဥက္ကဋ္ဌဟောင်းတို့တွင် ချွေမှရံသောသူများ မရှိတော့သော်လည်း တပည့်တပန်းဟောင်း၊ မိတ်ဟောင်းဆွေဟောင်းတွေ သိုင်းသိုင်းဝန်းဝန်းနှင့်မို့ အထူးအားငယ်စရာ မရှိပါ။

ဘိလပ်ပြန်အမရာ ဆိုလောက်သည့် ဆရာမကြီးမှာလည်း နာတာရှည်ခင်ပွန်းနှင့် မိခင်နှင့်အဒေါ်ညီအစ်မကို ဒိုင်ခံ ပြုစု ရသည့် ကမ္ဘာ့အသက်အကြီးဆုံး ၈၀ ကျော် သူနာပြု ဖြစ်ပါသည်။

အဘိဓမ္မာအကြောင်း အင်္ဂလိပ်လိုရေးသားခဲ့သော ဦးစံဖေ၏သွေးပါလာသည့် တွမ်စံဖေခေါ် ဦးဖေသိန်းသည် ရောဂါ ဖိစီးနေသည့်ကြားက မြန်မာစာကို ရိုမန်အက္ခရာနှင့် အလွယ်တကူ ရေးနိုင်အောင် ကွန်ပျူတာလေးနှင့် ကြိုးစား ပါသေးသည်။

စာစီပြီးသမျှကို ကျနော့်အဘွားဆီ အမှာရေးဖို့ ပို့ပေးသော်လည်း ဇရာထောင်းနေသည့် ကိုးဆယ်ကျော် အဖွားမှာ ရေးမသွားနိုင်ခဲ့။ မှတ်မှတ်ရရ ဆရာကြီးကို နောက်ဆုံးတွေ့ခဲ့သည်မှာ မန္တလေးဆေးသိပ္ပံ ရွှေရတု ဆရာကန်တော့ပွဲကို ဘီးတပ်ကုလားထိုင်နှင့် ကြိုးစားလာပြီး ၁၉၅၄ ကျောင်းစထောင်ချိန်မှ အနှစ် ၃၀ နီးပါး စာသင်၊ သုတေသနနှင့် အုပ်ချုပ်ရေး တာဝန်ယူခဲ့သော ဝါအရင့်ဆုံး ပညာရေး ဝန်ထမ်းအဖြစ် ဆုံးမစကားပြောသည်ကို တွေ့ခဲ့ခြင်းပါပေ။

(၂)

ကျနော်တို့ ဒုတိယနှစ် ဆေးတက္ကသိုလ် တက်ခဲ့စဉ်က ဇီဝကမ္မဗေဒဆရာများ ဂုဏ်ယူစွာပြောလေ့ရှိသော စကားမှာ သူတို့ခေတ် အနောက်တိုင်းသင်ရိုးစာအုပ်များတွင် မောင်ဖေသိန်း၏ တွေ့ရှိချက်များ ထည့်သွင်းထားသည်ဆိုခြင်းပင်။

ထိုစကားကို အမှတ်ရ၍ googleတွင် physiology Pe Thein ဟုရှာကြည့်ရာ ၁၉၅၉ လောက်မှစပြီး ဒေါက်တာ မောင်ဖေသိန်း Ph.D. (Dunelm) ၏ သုတေသနစာတမ်းများကို စတွေ့ရပါသည်။ ပါမောက္ခဘဝတွင်လည်း ထမင်းမေ့ ဟင်းမေ့ သုတေသန လိုက်စားသူဖြစ်ရာ သူ့အတွက် မေ့ဆေးပေးသတ်ခဲ့ရသော ခွေးကောင်ရေ အတော်နည်းလိမ့်မည် မဟုတ်။

ဆရာတွေ ကျူရှင်မပေးသေးသည့်ခေတ်မို့ ပညာရေးကို အထူးကြပ်မတ်နိုင်သည့်အပြင် ရန်ကုန် လမ်းမတော် ကျောင်းထက်စောပြီး ရတနာပုံဆေးတက္ကသိုလ်တွင် ပထမဆုံး မဟာသိပ္ပံတန်းကို ၁၉၆၀ ကျော်ခေတ်က ဆရာဖေသိန်း ဌာနမှ စတင်ဖွင့်လှစ်ခဲ့ခြင်းမှာ အညာဆရာဝန်တွေ လက်မထောင်ခဲ့ရသည့် အကွက်ဖြစ်သည်။

သူနှင့်ခေတ်ပြိုင် ဆရာဦးမြတူမှာလည်း ရန်ကုန်တွင် ဆေးသုတေသနဌာနကို အားထုတ် တည်ထောင်နေချိန်ဖြစ်ပါသည်။ သူတို့ခေတ်ကကဲ့သို့ အခြေခံကောင်းကောင်းနှင့် ပြည်ပတွင် အစိုးရစရိတ်နှင့် ပညာသင်သွား၊ ထူးချွန်စွာတတ်မြောက်ပြီး ပြန်လာတော့လည်း တက္ကစီး အလုပ်အဆင်သင့်၊ မြေစမ်းခရမ်းပျိုး၊ ပျိုးကြဲစရာ စီမံကိန်းများစွာနှင့် သုတေသနတွင် ပျော်မွေ့ပြီး ဆေးပညာသင်ကြားရေးကို အပတ်တကုတ်ရှိလှသည့် ဆေးပညာရှင်လောက မြန်မာပြည်ဝယ် ဆုတ်ယုတ် သွားရသည်မှာ အထူးကြေကွဲစရာဖြစ်ပါသည်။

ယနေ့ ဆရာဝန်ငယ်များအကြား ဆေးလက်တွေ့ အကြိုဘာသာရပ်များဟု ခေါ်သော ဆေးရုံဘက်ကမဟုတ်သည့် ပညာရပ်များကို လိုက်စားချင်သူကို ရှာရခက်လှပြီး ထိုပညာရပ်များနှင့် ဘွဲ့လွန်ယူသူကပင် ဝင်ငွေဖောဖော ဒေါ်လာပေါပေါရသော ဘာသာများလောက် မတော်သလို အထင်ခံရတတ်သည်။

ပညာရှင်ကို ထိုက်သင့်သည့် လစာနှင့် လွတ်လပ်စွာ စီမံပိုင်ခွင့်ကို များများကြီး ပေးနိုင်မှ ပညာရပ်ကြီးပွားရေး၊ မျိုးဆက်သစ် လူမွန်လူချွန်ပျိုးထောင်ရေး ဆိုသည့် နိုင်ငံပြု အိပ်မက်များ ရုပ်လုံးပေါ်နိုင်ပေသည်။

ဆရာဖေသိန်း၏ ဘဝဇာတ်ကြောင်းမှ ရလိုက်သည့် စဉ်းစားဖွယ်တချက်မှာ စူးနေရာစူး ဆောက်နေရာဆောက်ဆိုသည့် စကားပါပေ။ ပညာပိုင်းကိစ္စကို စိတ်ညွတ်ပီး လူမှုဆက်ဆံရေးအားနည်းသော ဆရာကြီးလိုလူကို စိတ်ချရသည့် လူအေးဆိုပြီး အုပ်ချုပ်ရေးကိုင်ခိုင်းခြင်းက ပညာရေးလောကအတွက် တအားလျော့သည် မှတ်ပါသည်။

သို့သော် လူတော်လူထက်ဆိုသည့် ဆရာကြီးတချို့ကဲ့သို့ ဗောင်းတော်ညိတ် စိတ်တော်သိ အလုပ်လွန်ပြီး ဖွတ်မိကျောင်း ဖြစ်သည့်ပမာ “ဆရာဝန်ချင်း ကပ်နှိပ်တာ အပြင်လူထက်ဆိုးတယ်” ဆိုသည့်ကိန်းမျိုး ဆရာဖေသိန်း လက်ထက်တွင် မကြားခဲ့ရပါ။

မြန်မာပြည်မှာ ဆရာဝန်တွေလိုတယ်၊ များများခေါ်ဆိုသည့် နှုတ်ကမ္ပတ်တော်အတွက် တောခေါင်ခေါင်အလယ် ဆေးတက္ကသိုလ် အသစ်ဖွင့်ခြင်း၊ ဆရာတိုးခန့်ဖို့ မွေးထုတ်ပြီးသားလည်း အသင့်မရှိ၊ ပညာတော်သင်လည်း ဖောဖောသီသီ မလွှတ်နိုင်၊ နိုင်ငံခြားမှငှားဘို့လည်း ခါလီကျနေပါလျက် ကျောင်းသားတွေ နွားအုပ်သွင်းသကဲ့သို့ ထောင်နဲ့ချီခေါ်ခြင်း စသည့် မဖွယ်မရာတွေ သူ့လက်ထက်တွင် မဖြစ်ခဲ့ပါ (စာအုပ်စာတမ်းနှင့် ခွဲစရာ လူသေအလောင်း၊ လက်တွေ့ခန်းက ပစ္စည်းပစ္စယများ ပါးရှားခန်းခြောက်နေသည်ကတော့ မဆလ ခေတ်ကတည်းကပင်)။

ဘတ်ဂျက်မရှိ၍ နယ်တွင် ဆရာဝန်တွေ လိုသော်လဲ မခန့်နိုင်ဘဲ ပုံနေသော ဘွဲ့ရအလုပ်လက်မဲ့တွေ တပုံတခေါင်းနှင့် ဆင်ဖြူတော်ပညာရေးအဖြစ်လဲ မဆိုက်ခဲ့။ ဆေးပညာဘွဲ့ကို ငါးနှစ်သင်တန်းသို့ လျှော့ချခြင်းမှာ ဦးနုလက်ထက်က အကြံကို ပြန်ဖော်ခြင်းဖြစ်ပြီး အနောက်တက္ကသိုလ်များတွင်လည်း လျှော့သည့်နေရာတွေ ရှိပါသည်။ သို့သော်သူတို့၏ အခြေခံ ပညာရေးနှင့် ဆေးအကြိုကောလိပ် သင်တန်းမျိုး ရွှေပြည်ကြီးတွင် မပေါ်နိုင်သေး။

ဆေးကုသရေး ဘက်တွင်လည်း လတမ မလတမ လုပ်ထုံးလုပ်နည်းနှင့် ဆေးကောင်စီကို ရုပ်သေးသဖွယ် ထင်တိုင်းကျဲပြီး ကျိုးကြောင်းမကျသည့် ခပ်တိမ်တိမ်ကိုင်တွယ် စီရင်မှုမျိုး၊ တနည်း နိုင်ငံရေးကျားကွက်တွင် ထိုးကျွေးခြင်းမျိုး မရှိခဲ့ပါ။ တက္ကသိုလ်များ နှစ်ကာလ ရှည်ကြာစွာ ပိတ်ခံရခြင်း၊ ပညာရေးလောကတွင် နိုင်ငံရေးအရ ဖြုတ်ထုတ်ရှင်းမှုများ ဖြစ်ပွားခြင်း စသည့် အထက်ကလာသည့် သူလည်းမတတ်နိုင်သည့် ဆုံးရှုံးမှုများ ပေါ်ပေါက်ခဲ့သော်ငြား ပညာရပ်အသိုက်အမြုံနှင့် ကျန်းမာရေးလောက အလယ်တွင် လူကြီးသူမ ပီသစွာ ရပ်တည်ခဲ့ခြင်းကြောင့် နိုင်ငံရေး အမြင်စုံသည့် တပည့်တပန်း ပေါင်းစုံ၏ ချစ်ခင်လေးစားခြင်းကို ရာသက်ပန်ခံယူနိုင်ခြင်းဖြစ်ပါ၏။

ထိုထက် လာမည့် ခေတ်စံနစ် အသစ်သစ်တို့တွင် အစိုးရအဖုံဖုံ၏ မူဝါဒကို ရေးဆွဲဖော်ဆောင်မည့် ပညာရှင်ဟူသည့် လူတန်းစားအဖို့ ပညာရပ်နှင့် ပြည်သူအပေါ် ထားရှိရမည့် သမာသမတ် လစ်ဟင်းပြီး အဂတိလေးပါး လိုက်စားခဲ့ပါက မစင်စက်စွန်းသည့် နတ်သုဒ္ဓါသဖွယ် ပညာပိုင်းအရ မည်သို့ပင် ဝိဇ္ဇာဓိုရ်နေစေကာမူ တက္ကတွန်း အရည်း ပြာဋိဟာ ပြသည့်နှယ် လူသူလေးပါး အော့နှလုံးနာစရာကိန်း ဆိုက်ဖို့သာရှိပါကြောင်း။     ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်