ကရင် ဒုက္ခသည်များ ဒေသပြန်ရေး ဖိအားပေးခံနေရ

Thursday, 28 January 2010 17:53
Print
ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထဆောင်ယန်း မြို့နယ်ရှိ ဒုက္ခသည် ၃၀၀၀ ခန့်ကို မြန်မာပြည်သို့ ပြန်လည် ပို့ဆောင်ရေးနှင့် ပတ်သက်၍ ထိုင်းအစိုးရ တာဝန်ရှိသူများက ဦးဆောင်၍ အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် ကရင် ကိုယ်စားလှယ်များ အင်္ဂါနေ့က ဆွေးနွေးခဲ့ကြသည်။

တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်ဖွဲ့ (DKBA)၊ ကရင် အမျိုးသား အစည်းအရုံး (KNU) လက်အောက်ခံ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ (၇) မှ တာဝန် ရှိသူများ၊ထိုင်း - မြန်မာ နယ်စပ် တလျှောက် ကူညီ စောင့်ရှောက်ရေး ညွန့်ပေါင်းအဖွဲ့ (TBBC)၊ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။

ဒုက္ခသည်များ ပြန်လည် ပို့ဆောင်ရေးနှင့် ပတ်သက်၍ ယခုအချိန်ထိ တစုံတရာ ဆုံးဖြတ်ချက် ချမှတ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

DKBA နှင့် KNLA တပ်မဟာ (၇) မှ ခေါင်းဆောင် တချို့က ဒုက္ခသည်များ ပြန်လည် ပို့ဆောင်ရေး အတွက် အားတက်သရော ဆောင်ရွက် နေကြောင်း နယ်စပ်ရှိ ကရင် တိုင်းရင်းသားများက ဆိုသည်။

“ထိုင်းအာဏာပိုင်တွေက အိမ်ကို သူတို့ဆန္ဒရှိလို့ ပြန်တယ်လို့ ပြောဖို့ ကရင် ဒုက္ခသည်တွေကို တိုက်တွန်းနေတယ်၊ DKBA ကလည်း သူတို့ရဲ့ မြေမြှုပ်မိုင်းတွေကို ရှင်းပေးဖို့ သဘောတူတယ်၊ DKBAက TBBCကို ဒုက္ခသည်တွေကို ၃ နှစ် ရိက္ခာ ထောက်ပံ့ပေးဖို့ပြောတယ်” ဟု DKBAနှင့် နီးစပ်သူတဦးက ဆိုသည်။

တိုက်ပွဲများ ထပ်မံ ဖြစ်ပွားခြင်းမရှိတော့သဖြင့် ဒုက္ခသည်များ အနေဖြင့် မြန်မာပြည်သို့ ပြန်သွားပါက လုံခြုံစိတ်ချရပြီ ဖြစ်ကြောင်း၊  နောက်ထပ် ယာယီခိုလှုံခွင့်နှင့် ပတ်သက်၍ ထိုင်းအစိုးရတွင် မူဝါဒ မရှိကြောင်း ထိုင်း စစ်ဗိုလ်ချုပ် Thanongsak Apirakyothin၏ အဆိုကိုကိုးကား၍ ဇန်န၀ါရီလ ၂၅ ရက်နေ့ Thai News Agency သတင်းတွင်ရေးသားထားသည်။

TBBC လက်ထောက် ဒါရိုက်တာ Sally Thompson က“ထိုင်းအာဏာပိုင်တွေက ဒုက္ခသည်တွေကို ပြန်ပို့ချင်ပေမယ့် သူတို့ဆန္ဒမပါဘဲ ပြန်မပို့ပါဘူး။ တခြား ဖြေရှင်းနိုင်မယ့် သင့်တော်တဲ့ နည်းလမ်းကိုရှာနေပေမယ့် အခုထိတော့ မရသေးပါဘူး” ဟုပြောသည်။

ထိုင်းလွှတ်တော်၏ နိုင်ငံမဲ့များဆိုင်ရာ ဥပဒေပြဌာန်းရေး ဆပ်ကော်မတီဝင် လွှတ်တော် အမတ် Surapong Khongchantuekက  ယခင်ကတည်းက မြေမြှုပ်မိုင်းများကြောင့် ဒုက္ခသည်များ အပါအ၀င် ကျွဲ၊ နွား တိရစ္ဆာန်များ ထိခိုက်မှုများကို ထင်ထင်ရှားရှား မြင်တွေ့ခဲ့ရသည်ဟု ဆိုသည်။

“ဟေတီ ငလျင်ခံရတဲ့ လူတွေကိုတော့ ထောက်ပံ့မှုတွေလုပ်နေသလိုပဲ ကျနော်တို့ ဒေသအတွင်းမှာ နေထိုင်နေတဲ့ မျှော်လင့်ချက်မဲ့ နေတဲ့ ဒုက္ခသည်တွေကိုလည်း လစ်လျူမရှုသင့်ပါဘူး”ဟူသော Surapong Khongchantuek၏ ပြောဆိုချက်ကို ကိုးကား၍ ဘန်ကောက်ပို့စ်သတင်းစာတွင် ရေးသားထားသည်။

ယခင်နှစ်ကမြန်မာစစ်အစိုးရတပ်နှင့် DKBA ပူးပေါင်းတပ်များက KNUလက်အောက်ခံ KNLAတပ်မဟာ (၇) မှ တပ်စခန်းများ  ထိုးစစ်ဆင်ခဲ့ရာတွင် DKBAနှင့် KNUအဖွဲ့တို့သည် မြေမြှုပ်မိုင်း အမြောက်အမြားကို အသုံးပြုခဲ့သဖြင့် ရွာသားများအတွက် အန္တရာယ်ဖြစ်ခဲ့ရကြောင်း သိရသည်။

ဇွန်လအတွင်းက မြေမြှုပ်မိုင်းကြောင့် လာပါဟာအနီးတွင် အနည်းဆုံး လူ ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး အသက် ၁၃ နှစ်အရွယ် ကလေးငယ်တဦးနှင့် ကိုယ်ဝန်ဆောင်တဦးတို့ ပါဝင်ကြောင်း KHRGက ဆိုသည်။

ဒုက္ခသည်များ၏ လုံခြုံရေးအတွက် စိုးရိမ် ပူပန်မိသည့်အတွက် ယင်း အစီအစဉ်ကို ရပ်တန့်ပေးရန် လူ့အခွင့်အရေး လှုပ်ရှားသည့် အဖွဲ့များကထိုင်းအစိုးရကို တောင်းဆိုလိုက်သည်။

ကရင် ဒုက္ခသည် ကော်မတီ (KRC) Robert Htweက“ဒုက္ခသည်တွေက အန္တရာယ်တွေကြောင့် အိမ်မပြန်ချင်ဘူးလို့ထင်တယ်၊ ဟိုမှာ အခုချိန်ထိ မငြိမ်းချမ်းသေးတော့ ကျနော်လည်း စိုးရိမ်ပူပန်မိတယ်”ဟု ပြောသည်။

ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG) ခေါင်းဆောင် ဖိုးရှမ်းကလည်း“ ဒုက္ခသည်တွေ အိမ်ပြန်သွားရင် လုံခြုံမှုရှိမှာ မဟုတ်ပါဘူး၊ DKBA ရဲ့ လုပ်အားပေးခိုင်းစေမှုကို ခံရနိုင်ပါတယ်” ဟု ဆိုသည်။

၂၀၀၉ ခုနှစ် ဇွန်လဆန်းပိုင်းက စ၍ ကရင်ပြည်နယ် ဘားအံခရိုင်အတွင်း မြန်မာစစ်အစိုးရတပ်နှင့် DKBA ပူးပေါင်းတပ်များက KNUလက်အောက်ခံ KNLAတပ်မဟာ (၇) မှ တပ်စခန်းများကို ထိုးစစ်ဆင်မှုကြောင့် ကရင်ဒုက္ခသည်များ ထိုင်းနိုင်ငံသို့ ထွက်ပြေး လာကြခြင်းဖြစ်သည်။

ဒုက္ခသည် အများစုမှာ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ ကျေးရွာများမှဖြစ်ကြောင်း သိရသည်။