မိုင်းလား ဒေသလုပ်ကြံမှု ထင်မြင်ချက်များ ရှုပ်ထွေးနေ

E-mail Print
ရှမ်းပြည် အရှေ့ပိုင်း အထူးဒေသ ၄ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် - NDAA (National Democracy Alliance Army) ခေါ် မိုင်းလား တပ်ဖွဲ့မှ အတွင်းရေးမှူး ဦးမင်းအိမ် လုပ်ကြံခံရမှုနှင့် ပတ်သက်ပြီး ၎င်း ဒေသ အတွင်း အမျိုးမျိုး ထင်ကြေးပေး သုံးသပ်နေကြသည်။ 

ယမန်နေ့က ဦးမင်းအိမ်သည် ၎င်း၏ နေအိမ်အနီးတွင် အဖော်တဦးနှင့် အတူလမ်းလျှောက်နေစဉ် အမည်မသိ လက်နက်ကိုင် တချို့က သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ယမန်နေ့က သေဆုံးခဲ့သည်။ အဆိုပါ ပစ်ခတ်မှုတွင် ၎င်းနှင့်အတူ ပါလာသောအဖော် တဦးလည်း အပစ်ခံရကာ ဆေးရုံးတင်ထားရကြောင်း သိရသည်။  

ပစ်ခတ်မှုနှင့် ပတ်သက်၍ တရားခံအား ထုတ်ဖော် ကြေညာချက် ထွက်ပေါ်လာခြင်း မရှိဘဲ၊ မည်သူ၏ လက်ချက် ဖြစ်မည် ဆိုသည်ကိုမှု မသိရှိ ရသေးပေ၊ သို့သော် ထင်မြင် ယူဆချက်များသာ  နယ်စပ်ဒေသတွင် ပေါ်ပေါက်နေသည်။

မိုင်းလားတပ်ဖွဲ့သည် ၁၉၈၉ ခုနှစ်တွင် ဗာမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) မှ ခွဲထွက်ပြီး စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သ ဘောတူညီခဲ့ပြီး ယင်း မိုင်းလား မြို့ကို အထူးဒေသ ၄ အဖြစ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ မူးယစ် ကင်းစင်ရေး ဒေသအဖြစ် လုပ် ဆောင်နိုင်ခဲ့သည့် လက်နက်ကိုင် တပ်ဖွဲ့ တဖွဲ့လည်းဖြစ်သည်။

သို့သော် စစ်အစိုးရ လမ်းပြမြေပုံအရ လက်နက်ကိုင်တပ်ဖွဲ့အားလုံးကို ကာကွယ်ရေး ဦးစီးချုပ်လက် အောက်ထားရှိမည့် နယ်ခြား စောင့်တပ် အသွင်ပြောင်းရေးအတွက် လွန်ခဲ့သည့်နှစ်အတွင်း စစ်ဖက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် နောက် ဆုံး တွေ့ဆုံခဲ့ပြီး မိုင်းလားအတပ်ဖွဲ့အနေဖြင့် လက်မခံနိုင်ကြောင်း ငြင်းဆန်ထားကြောင်းလည်း သတင်းများအရ သိရသည်။

စစ်အစိုးရက အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးအတွက် ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ကုန် နောက်ဆုံးထားပြီး အကြောင်းပြန်ရန် သတိပေးထားသော်လည်း လက်ရှိအခြေအနေတွင် အချိန်ကာလ ထပ်မံတိုးချဲ့သတ် မှတ်ခဲ့သည်။ 

အခင်းဖြစ်ပွားခဲ့သော နေရာသည် မိုင်းလား အထူး ဒေသတွင်ဖြစ်ပြီး စီးပွားရေး ပြဿနာ သို့မဟုတ် ၎င်းတပ်ဖွဲ့ဝင်များ အတွင်း ပြဿနာများကြောင့် စသဖြင့် သုံးသပ်ချက်များလည်း ပေါ်ထွက်နေသည်။

“တချို့ကတော့ နိုင်ငံရေး ကိစ္စတော့ ဟုတ်မယ် မထင်ဘူးလို့ ပြောကြတာရှိပါတယ်၊ ဘာလဲဆိုတော့ နိုင်ငံရေး ကိစ္စ ကျနော်တို့ အား လုံးဝိုင်းပြီးတော့ ဆုံးဖြတ်ပြီးပြီးပဲ၊ ဒါလုံးဝ မဖြစ်နိုင်ဘူး၊ စီးပွားရေး ကိစ္စ၊ ကိုယ်ရေးကိုယ်တာ ကိစ္စဖြစ် မလားလို့ တချို့ထင်ကြေးပေး ကြတာရှိတယ်”ဟု ထိုင်းနိုင်ငံ အခြေစိုက် ရှမ်းသံတော်ဆင့် သတင်းဌာနမှ အယ်ဒီတာ ဦးခွန်စိုင်းက ဧရာဝတီသို့ ပြောသည်။

လုပ်ကြံခံလိုက်ရသော ဦးမင်းအိမ်သည် စစ်အစိုးရ နှင့် နိုင်ငံရေးအရ ဆက်ဆံသည့်အခါတွင် အဓိကကျသော ခေါင်းဆောင်တဦး ဖြစ်၍ မိုင်းလားတပ်ဖွဲ့ သက်တမ်းတလျှောက်လုံးတွင် ဥက္ကဌ ဖြစ်သူ ဦးစိုင်းလင်းနှင့် အခိုင်အမာ လက်တွဲပြီး ဒေသခံ တိုင်းရင်းသား လူမျိုး များအတွက် ယုံကြည်အားကိုးရသူ ခေါင်းဆောင်တဦးဖြစ်ကြောင်း သိရသည်။ 

ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA -S)မှ အမည် မဖော်လိုသူ အရာရှိတဦးက“တဘက်မှာ ကျနော်တို့ကြားတာက စီးပွားရေး ပိုင်းနဲ့ ပတ်သက်တယ်လို့ ကြားထားတယ်၊ ဒီလို လုပ်ကြံခံလိုက်ရတဲ့ အတွက်လည်း အဖွဲ့ အစည်းတိုင်းက ဒီသတင်းကို စိတ်ဝင်စာ ပြီး လိုက်နေကြမယ်လို့ ယုံကြည်ပါတယ်”ဟု ပြောသည်။

တရားခံကို ဖမ်းမိရန်အတွက် ယမန်နေ့က မိုင်းလားမြို့တွင် လုံခြုံရေး တင်းကျပ်ထားပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရ သည်။ သို့သော် ဦးမင်းအိမ်ကို မကြာမီ ရက်ပိုင်း အတွင်း မီးသဂြိုဟ်ရန် အတွက် ၎င်းတပ်မှ တာဝန်ရှိသူများက ယနေ့ အစည်း အဝေးလုပ်နေကြောင်း ဦးခွန်စိုင်းက ပြောသည်။

ဦးမင်းအိမ် သေဆုံးမှု နှင့် ပတ်သက်ပြီး စီးပွားရေးကိစ္စကြောင့် မဟုတ်ဘဲ စစ်အစိုးရက နိုင်ငံရေးအရ လုပ်ကြံမှုတခုဖြစ်ကြောင်း တရုတ်နယ်စပ်မှ စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောက သုံးသပ်သည်။

“စီးပွားရေးနဲ့ မပတ်သက်ဘူး ဒါနိုင်ငံရေး အရ လုပ်ကြံမှုပဲဖြစ်တယ်၊ ရည်ရွယ်ချက်က ဒီလို လူမျိုး ဒီမှာ မရှိရင်၊ နိုင်ငံရေးအရ ကြံ့ ခိုင်နိုင်မှု မရှိရင် ပြဿနာများစွာ ရှိလာနိုင်တယ်၊ မပြေမလည်ဖြစ်နေတဲ့ ကိစ္စတွေမှာ ပိုပြီး တင်းမာလာနိုင်တယ်၊ တပ်ထဲမှာ အပြန် အလှန် နားလည်မှုတွေလွဲတာ၊ ထင်မြင်မှုတွေ လွဲတာ ဖြစ်လာနိုင်တယ်၊ အဲဒီလိုဖြစ်အောင် အဓိကထားပြီးတော့လုပ်တာ ဖြစ်နိုင် တယ်”ဟု၎င်းက ဧရာဝတီသို့ ပြောသည်။

အထူဒေသ (၄)မှာ နိုင်ငံရေး အပိုင်းတွင် ဦးဆောင်နေသူ တဦးဖြစ်သည် ဦးမင်းအိမ်ကို လုပ်ကြံလိုက်ခြင်းဖြစ်ကြောင်း၊ မိုင်းလား  တပ် ဖွဲ့တွင် ခေါင်းဆောင် မှာ ဦးစိုင်းလင်းဖြစ်ပြီး ၎င်းအား လုပ်ကြံရန် နည်းနည်းခက်ခဲသည့် အတွက် ယခုကဲ့သို့ လုပ်ကြံလိုက်ခြင်း ဖြစ် ကြောင်း ဦးအောင်ကျော်ဇောက ဆိုသည်။

အလားတူပင် ဒီမိုကရေစီ တပ်ပေါင်းစု ( မဒတ)က ဦးမင်းအိမ် လုပ်ကြံခံရမှုသည် စစ်အစိုးရ၏ အကြံပက်စက်သည့် နိုင်ငံရေး လုပ်ကြံမှုဖြစ်ကြောင်း ယနေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသော ကြေညာချက်တွင် ဖော်ပြထားသည်။

ထုတ်ပြန်ချက်တွင် “ယခုလုပ်ကြံမှုသည် စရဖ အရာရှိ ဒု ဗိုလ်ချုပ်ရဲမြင့် မှ တိုက်ရိုက်စေခိုင်းချက် သို့မဟုတ် ဒု ဗိုလ်ချုပ်ရဲမြင့်နှင့် တနည်းနည်းဖြင့် ဆက်နွယ်ပတ်သက်သော လူသတ်သမား၏ လက်ချက်ဖြစ်သည်”ဟု ဆိုသည်။

နယ်ခြားစောင့်တပ် လက်မခံသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များမှ ခေါင်းဆောင်များ၊ တိုင်းရင်းသားနှင့် ဒီမိုကရေစီ အင်အားစုမှ ခေါင်းဆောင်များကို ယခုနှစ်အတွင်း ဆက်လက်လုပ်ကြံမည့် အစီအစဉ်အား လုံခြုံရေး အထူးဂရုပြုကြရန် တိုက် တွန်းချက်ကိုလည်း ယင်း ကြေညာချက်တွင် ဖော်ပြထားသည်။

စစ်အစိုးရက အပစ်ရပ်တပ်ဖွဲ့များကို နယ်ခြားစောင့်တပ်ပြောင်းလဲဖွဲ့စည်းရေး အတွက် ၂၀၀၉ ခုနှစ် ဧပြီလကတည်းက စတင်ခဲ့ သော်လည်း ယခုအချိန်အထိ NDA-K ၊ ကယားပြည်နယ် အထူးဒေသ ၂ (ကလလတ)၊ ကိုးကန့် အထူးဒေသ ၁ တို့သာ နယ်ခြား စောင့်တပ်အဖြစ် ပြောင်းလဲခဲ့ပြီးဖြစ်သည်။

ထို့အပြင် အင်အား အကြီးဆုံးဖြစ်သည့် UWSA တပ်ဖွဲ့ အနေဖြင့် စစ်အစိုးရအား နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို မူအားဖြင့် သဘောတူညီ သော်လည်း တပ်ဖွဲ့စည်းလျှင် စစ်အစိုးရဘက်မှ ဒုတိယတပ်ရင်းမှူးရာထူးတခုသာ ပါဝင်ခွင့်ပြုမည် ဖြစ်ကြောင်း၊ ရှမ်းပြည် တောင်ပိုင်းရှိ ၀မ်ဟုန်ဒေသအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတခုအဖြစ်သတ်မှတ်ပေးရန် ပြန်လည် တောင်းဆိုရာတွင် စစ်အစိုးရက ပယ်ချခဲ့သည်။

၁၉၈၉ ခုနှစ်မှစတင်၍ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်း ၁၇ ဖွဲ့ရှိသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်