မြန်မာပြည်ကို ကူညီရန် ကမ္ဘာ့ဘဏ် စဉ်းစားနေ

Friday, 29 January 2010 16:51
Print
မြန်မာနိုင်ငံကို ပြန်လည် အကူအညီ ပေးရန် ကမ္ဘာ့ဘဏ်က စဉ်းစားနေသည်ဟု ကမ္ဘာ့ဘဏ် အရာရှိ တဦးကို ကိုးကား၍ Financial Times သတင်းစာတွင် ယမန်နေ့က ရေးသားထားသည်။

မကြာသေးမီက ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေး ဘဏ်မှ ကိုယ်စား လှယ်များ မြန်မာပြည်သို့ သွားရောက် ဆွေးနွေးခဲ့ကြောင်း၊  မြန်မာ ပြည်သူ လူထု ဖွံဖြိုး တိုးတက်ရေး အတွက် ထိရောက်သော အစီအစဉ်များ လုပ်ဆောင်နိုင်ရန် ရည်ရွယ်ကြောင်း ကမ္ဘာ့ဘဏ် အရာရှိ James Adams က ပြောသည်။

သို့သော်လည်း မြန်မာ ပြည်တွင် နိုင်ငံရေး ဖိနှိပ်မှုများ ဆက်လက် တည်ရှိနေလျှင် ကမ္ဘာ့ဘဏ်က ငွေထုတ်ချေးမည် မဟုတ်ဟု ဆိုသည်။

“လက်ရှိ အခြေအနေအတိုင်း ဆိုရင်တော့ ကျနော်တို့ ဆက်လုပ်သွားဖို့ ရည်ရွယ်ချက် မရှိဘူးလို့  မြန်မာအစိုးရနဲ့ လုပ်ငန်းရှင်တွေကို ရှင်းရှင်းလင်းလင်း ပြောထားပါတယ်” ဟု ကမ္ဘာ့ဘဏ်၏ အရှေ့အာရှဆိုင်ရာ ဒုတိယ ဥက္ကဋ္ဌJames Adams က ပြောသည်။

ကမ္ဘာ့ဏ်နှင့် မြန်မာအစိုးရတို့ ဆွေးနွေးရာတွင် ၁၉၆၈ခုနှစ်မှ စတင် အသုံးပြုခဲ့သော မြန်မာနိုင်ငံ၏ ငွေစာရင်းစနစ် ပြုပြင်ရေး ဟူသော အချက်လည်း ပါဝင်ကြောင်း သိရသည်။

ပူးပေါင်းဆောင်ရွက်မှုများ  အကန့်အသတ် ရှိသော်လည်း ယခုကဲ့သို့ စေ့စပ်ညှိနှိုင်းခြင်းကို သိသာ ထင်ရှားသည့် တိုးတက်မှုအဖြစ် သုံးသပ်သူများက ယူဆကြသည်။

“ဒီဟာကို ကောင်းတဲ့ အလားအလာလို့ မြင်ပါတယ်၊ ကြိုဆိုပါတယ်၊ တကယ်တမ်းတော့ မြန်မာနိုင်ငံကို အကူအညီ ပေးသင့်နေတာကတော့ ကြာပြီ” ဟု ရန်ကုန်မြို့ရှိ စီးပွားရေးပညာရှင် ခင်မောင်ညို (ဘောဂဗေဒ) က ဧရာဝတီသို့ ပြောသည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့ဘဏ်ကို အကြွေး ဒေါ်လာ သန်း ၃၀၀ ပေးရန် ကျန်ရှိနေကြောင်း သိရသည်။ အကြွေးပြန်ဆပ်ခြင်း မရှိပါက မည်သည့်နိုင်ငံကိုမျှ ငွေထုတ်ချေးမည်မဟုတ် ဟူသော ကမ္ဘာ့ဘဏ်အရာရှိ၏ ပြောကြားချက်ကို Financial Times တွင် ဖော်ပြထားသည်။

မကြာသေးမီက အမေရိကန်နှင့် မြန်မာစစ်အစိုးရတို့ ဆက်ဆံရေး ကောင်းမွန်လာပြီးနောက် ကမ္ဘာ့ဘဏ်က မြန်မာပြည်ကို ပြန်လည် ကူညီရန် စဉ်းစားလာခြင်းဖြစ်သည်။

တပ်မတော်အစိုးရက ဒီမိုကရေစီရေး လှုပ်ရှားမှုများကို ပြင်းပြင်းထန်ထန် ချေမှုန်းခဲ့သဖြင့် ၁၉၈၈ ခုနှစ်မှ စတင်၍ ကမ္ဘာ့ဘဏ်က ကူညီမှုများ ရပ်ဆိုင်းခဲ့သည်။