တီဗီ သတင်းထောက်ကို ထောင်ဒဏ် ၁၃ နှစ် ချမှတ်

E-mail Print
ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) သတင်းဌာန၏ မြန်မာပြည် အခြေစိုက် သတင်းထောက် ကိုငွေစိုးလင်းကို စစ်အစိုးရ အာဏာ ပိုင်များက ထောင်ဒဏ် ၁၃ နှစ် ချမှတ် လိုက်သည်။

ကိုငွေစိုးလင်းကို ရန်ကုန်မြို့ အင်းစိန်ထောင်တွင်းရှိ အနောက်ပိုင်းခရိုင် တရားရုံးက အီလက်ထရွန်နစ် ဥပဒေ ပုဒ်မ ၃၃ (က)၊ လူဝင် မှုကြီးကြပ်ရေး အရေးပေါ်ပြဌာန်းချက် ဥပဒေ ပုဒ်မ ၁၃/၁ တို့ဖြင့် ယခုလ ၂၇ ရက်နေ့က အဆိုပါထောင်ဒဏ် ချမှတ် ခဲ့ခြင်းဖြစ်သည်။

“စစ်အစိုးရက DVB သတင်းထောက်ဆိုတာနဲ့ ပြင်းပြင်းထန်ထန် အရေးယူမယ့်ဟာကို ၂၀၁၀ နဲ့ နွှယ်ပြီး တမင် ဟန့်တားတာ လည်း ဖြစ်နိုင်တယ်။ အခု ချလိုက်တာက DVB အတွက် သတင်းလုပ်တယ်ဆိုပြီးတော့ကို စွပ်စွဲပြီး ထောင်ချလိုက်တာလို့ ပြောတယ်”ဟု ထိုင်းနိုင်ငံရှိ DVB သတင်းဌာနခွဲမှ တာဝန်ရှိသူ ဦးတိုးဇော်လတ်က ဧရာဝတီသို့ ပြောသည်။

ကိုငွေစိုးလင်းသည် DVB ၏ ရုပ်သံ သတင်းထောက်တဦးဖြစ်ပြီး ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရသော မိဘမဲ့ ကလေးငယ် များအကြောင်း မှတ်တမ်း ရိုက်ကူးခဲ့၍ ၂၀၀၉ ခုနှစ် Rory Peck Awards ဗီဒီယို ကင်မရာ သတင်းသမား ဆုကို ရရှိခဲ့သူဖြစ် ကြောင်း ဦးတိုးဇော်လတ်က ဆိုသည်။

ယင်း Rory Peck ဆုကို လန်ဒန်အခြေစိုက်  Rory Peck Trust အဖွဲ့က ကမ္ဘာတ၀န်းရှိ စွန့်စား လုပ်ကိုင်နေသည့် သတင်း သမားများအတွက် ပေးလေ့ရှိသည်။ ၁၉၉၃ ခုနှစ်တွင် ရုရှားနိုင်ငံ မော်စကိုမြို့၌ ရုပ်သံ သတင်း ရိုက်ကူးနေစဉ် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ ရသော သတင်းထောက် Rory Peck ကို ရည်ရွယ်ပြီး ၎င်း၏ မိတ်ဆွေများနှင့် ဇနီးဖြစ်သူတို့က ၁၉၉၅ ခုနှစ်တွင် အဆိုပါ အဖွဲ့ကို ထူထောင်ခဲ့သည်။ 

ရန်ကုန်အခြေစိုက် ရှေ့နေ ဦးအောင်သိန်းက“ဥပဒေ ပုဒ်မ ၁၃/၁ နဲ့ ပတ်သက်ပြီး အထောက် အထားမရှိဘူး၊ နယ်စပ်ကို ရောက်ခဲ့တယ် ဆိုတဲ့ အထောက်အထားလဲမရှိဘူး။ သူတို့ စွပ်စွဲချက်နဲ့ ပြစ်ဒဏ်ပေးတာ အဲဒါတခုတော့ ရှင်းရှင်းလင်းလင်း သိရတယ်” ဟု ပြော သည်။

ထွက်ဆိုချက်များတွင် DVB သို့ သတင်းပေးပို့ကြောင်း အခြေခံထားပြီး ၎င်းတို့တွင် ရှိသော ကင်မရာ များကိုလည်း သိမ်းဆည်းခဲ့ ကြောင်း သိရသည်။

လွန်ခဲ့သည့် ၂၀၀၉ ခုနှစ် ဇွန်လအတွင်း ကိုငွေစိုးလင်းနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လူငယ် ကိုနိုင်ငံလင်းတို့သည် ကျောက်မြောင်းမြို့နယ်ရှိ အင်တာနက်ဆိုင် တဆိုင်တွင် ဒေသခံ အာဏာပိုင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ ကိုနိုင်ငံလင်းသည် အောင်သပြေ စစ်ကြောရေး စခန်းတွင် ၂ လခန့် စစ်ဆေးခံခဲ့ရပြီးနောက် ပြန်လည် လွတ်မြောက်ခဲ့သည်။

အလားတူပင် DVB သတင်းထောက် မလှလှဝင်းကိုလည်း ၂၀၀၉ ခုနှစ် စက်တင်ဘာလအတွင်းက ဖမ်းဆီးခဲ့ကာ မကွေးတိုင်း ပခုက္ကူ ထောင်တွင် ယခုလဆန်းပိုင်း၌ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့သည်။ 

သတင်းထောက် မလှလှဝင်းကို ဂျပန်နိုင်ငံ အခြေစိုက် APF သတင်း ဌာနနှင့် မြန်မာနိုင်ငံ သတင်းသမဂ္ဂတို့ပူးတွဲ၍ ယခုနှစ်အတွက် ကန်ဂျီးနာဂအိ ဆု ချီးမြှင့် လိုက်သည်။ ကန်ဂျီးနာဂအိသည် ၂၀၀၇ ခုနှစ် ရန်ကုန်မြို့ ရဟန်းသံဃာများ၏ ဆန္ဒပြပွဲတွင် ဓာတ်ပုံရိုက်နေစဉ် သေနတ်ကျည်ဆံ ထိပြီး သေဆုံးခဲ့သည့် ဂျပန်နိုင်ငံသား သတင်းထောက် ဖြစ်သည်။

မြန်မာနိုင်ငံသည် သတင်းသမားများကို ဖမ်းဆီးထောင်ချသည့် နေရာ၌ ဖိနှိပ်ချုပ်ချယ်မှု အဆိုးဆုံး ၅ နိုင်ငံ စာရင်းထဲတွင် ပါဝင်နေကြောင်း အမေရိကန်နိုင်ငံ အခြေစိုက် စာနယ်ဇင်းသမားများ အကာအကွယ်ပေးရေးအဖွဲ့(CPJ) က လွန်ခဲ့သည့် ဒီဇင်ဘာ လဆန်းပိုင်း၌ ထုတ်ဖော်ပြောကြားခဲ့သည်။

“စာနယ်ဇင်းလုပ်ငန်းသည် မြန်မာပြည်တွင် အလွန် အန္တရာယ်ရှိသော လုပ်ငန်းဖြစ်သည်။  မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဆင်ဆာ အဖြတ်ဆုံး နိုင်ငံတခုဖြစ်သည်” ဟုလည်း CPJ ၏ အစီ ရင်ခံစာတွင် ဖော်ပြထားသည်။

သတင်းထောက်များကို ဖမ်းဆီး ထောင်ချသည့် အဆိုးဆုံးနိုင်ငံများမှာ တရုတ်၊ အီရန်၊ ကျူးဘား၊ အီရီထရီးယားနှင့် သတင်းသမား ၉ ဦးကို ဖမ်းဆီး ထောင်ချထားသော မြန်မာနိုင်ငံ တို့ဖြစ်သည်။

၂၀၀၈ ခုနှစ် ဒီဇင်ဘာလမှ ၂၀၀၉ ဒီဇင်ဘာ ၁ ရက်နေ့ထိ တနှစ်တာ စာရင်းအရ ကမ္ဘာတ၀န်းရှိ သတင်းထောက်၊ သတင်း အယ်ဒီ တာ၊ ဓာတ်ပုံသတင်းထောက်နှင့် သတင်းမီဒီယာ လုပ်ငန်း လုပ်ကိုင်သူ စုစုပေါင်း ၁၃၆ ဦးတို့သည် ထောင်ဒဏ်အပစ်ပေးခံထား ရ ကြောင်း CPJ အဖွဲ့က ဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်