အိန္ဒိယအစိုးရ မူဝါဒ ပြောင်းလဲရန် သတင်းထောက်များ တိုက်တွန်း

E-mail Print
မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ပေါ်ထွန်းရေး အတွက် အိန္ဒိယအစိုးရ အနေဖြင့် မြန်မာ စစ်အစိုးရအပေါ် ထားရှိသော နိုင်ငံခြားရေး မူဝါဒများကို ပြန်လည်စဉ်းစား ပြောင်းလဲသင့်ပြီ ဖြစ်ကြောင်း အိန္ဒိယနိုင်ငံ အရှေ့မြောက်ပြည်နယ်များမှ မြန်မာ့အရေးစိတ်ဝင်စားသူ သတင်းထောက်များက ယနေ့တွင် တိုက်တွန်းလိုက်သည်။

အာသံပြည်နယ် Guwahati မြို့တွင် သတင်းထောက်များနှင့် အိန္ဒိယရောက် မြန်မာ့ ဒီမိုကရေစီအင်အားစုများပူးပေါင်း ကျင်းပသည့် စစ်အစိုးရပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲနှင့်ပတ်သက်၍ သဘောထား ဆွေးနွေးဖလှယ်ပွဲတွင် သတင်းထောက်များအဖွဲ့ (Journalist's Forum Assam) က ယင်းသို့ တိုက်တွန်းပြောဆိုခဲ့ခြင်းဖြစ်သည်။

BCD“မြန်မာစစ်အစိုးရရဲ့ ရွေးကောက်ပွဲနောက်မှာ ဘယ်လိုမှ တရားမျှတမှု ရှိလာမှာမဟုတ်တဲ့အတွက် ကျနော်တို့အနေနဲ့ ကျနော်တို့ အိန္ဒိယအစိုးရကို မြန်မာအစိုးရအပေါ်မှာထားရှိတဲ့ မူဝါဒကို ပြောင်းလဲပေးပါ။ အိမ်နီးချင်းနိုင်ငံ မြန်မာ့ဒီမိုကရေစီရေးအတွက် ပြန်လည်စဉ်းစားပေးပါလို့ ပြောလိုပါတယ်”ဟု အဖွဲ့၏ အတွင်းရေးမှူး Nava Thankuria ကပြောသည်။

အာသံ၊ မဏိပူရ်၊ ထရိပူရ၊ နာဂလန်း၊ မီဇိုရမ် စသည့်အိန္ဒိယ အရှေ့မြောက်ပိုင်းဒေသအခြေစိုက် အိန္ဒိယ သတင်းသမား ၃၀ ကျော်တက်ရောက်ခဲ့သော အဆိုပါ ဆွေးနွေးပွဲတွင် စစ်အစိုးရ ရေးဆွဲ၍ ၂၀၀၈ ခုနှစ်တွင် အတည်ပြု ပြဌာန်းလိုက်သည့် အခြေခံ ဥပဒေပါ အချက်အလက်များ၊၂၀၁၀ ရွေးကောက်ပွဲကို တရားမျှတမှု၊ လွတ်လပ်မှု ရှိစေမည်ဆိုသည့် ပြောဆိုချက်များ၊ ဖမ်းဆီး ထားသော ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ၏ အရေးကိစ္စများကို ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ထို့အပြင် အိန္ဒိယ ပြည်သူများကလည်း အိန္ဒိယအစိုးရကို မြန်မာ့အရေးအတွက် တိုက်တွန်းပြောဆိုရန်၊ မြန်မာစစ်အစိုးရကို ၂၀၁၀ ရွေးကောက်ပွဲ လွတ်လပ်၍ တရားမျှတမှုရှိစေရန်နှင့် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ၊ ဖမ်းဆီး ထိန်းသိမ်းထားသော သတင်းထောက်များကို ခြွင်းချက်မရှိ ချက်ခြင်းလွှတ်ပေးရန် စသည့်အချက်များကို တောင်းဆိုခဲ့ကြသည်။

ဒီမိုကရေစီကို ကျင့်သုံးသည့်အိန္ဒိယအစိုးရအနေဖြင့် အိမ်နီးချင်းနိုင်ငံ၏ ဒီမိုကရေစီရေး ဖြစ်ထွန်းမှုကို အားပေးမှု မပြုဘဲ လျစ်လျူရှု ၍ အာဏာရှင်အစိုးရနှင့် စီးပွားရေး၊ စစ်ရေးများ လုပ်ဆောင်နေခြင်းမှာ မသင့်လျော်ကြောင်း၊ အိမ်နီးချင်းနိုင်ငံမှ ရိုက်ခတ်မှုများ ကြောင့် ဖြစ်လာမည့် အကျိုးဆက်များကို သိနားလည်သင့်ကြောင်းကိုလည်း Thankuria က ထောက်ပြ ဝေဖန်သည်။

“မြန်မာပြည်မှာ အစစအရာရာ ဖိနှိပ်မှု ကျပ်တည်းမှုတွေများလာနေတယ်ဆိုတာ အိမ်နီးချင်းနိုင်ငံတွေကို ခိုလှုံလာတဲ့ လူဦးရေ တစစ များလာတာက သက်သေပြနေပါတယ်။ အိန္ဒိယ အစိုးရက ဒါကို လျစ်လျူရှုတာ မလုပ်သင့်ပါဘူး။ မြန်မာ့အရေးအတွက် လုပ်ဖို့ အိန္ဒိယ အစိုးရကို ကျနော်တို့ တတ်နိုင်သလောက် တိုက်တွန်းသွားပါမယ်”ဟု သူကပြောသည်။

Thankuria က ၂၀၁၀ ရွေးကောက်ပွဲမှ ရလဒ်များသည် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသော အိန္ဒိယ ပြည်နယ်များသို့ လည်း ရိုက်ခတ်မှုများ ရှိလာနိုင်သည်။ လက်ရှိတွင် မြန်မာနှင့် အိန္ဒိယ နယ်နိမိတ်ထိစပ်နေသော ဒေသများ၌ အဖိနှိပ်ခံ မြန်မာလူမျိုး အများအပြား ၀င်ရောက်နေထိုင်မှုများ ရှိနေရာ စစ်အစိုးရ၏ ရွေးကောက်ပွဲအပြီးတွင် မြန်မာလူမျိုးများ ထိုထက်မက ပိုမိုဝင်ရောက် လာနိုင်သည်ဟု သုံးသပ်ပြောဆိုသည်။

သူကဆက်၍ “လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ကို ရွေးကောက်ပွဲ မတိုင်ခင်မလွှတ်ပေးဘူး၊ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲမှာ ပါဝင်ခွင့် မပြုဘူးဆိုရင် ဒီရွေးကောက်ပွဲဟာ ဒီမိုကရေစီ နည်းလမ်းကျပြီး မျှတမှုရှိမယ်ဆိုတာကို ပြောလို့ မရပါဘူး”ဟု ဆိုသည်။

မြန်မာ့အရေးများ တင်ပြဆွေးနွေးခဲ့သော ပြည်ထောင်စုမြန်မာနိုင်ငံ အဝေးရောက်ညွန့်ပေါင်းအစိုးရ ၀န်ကြီး ဒေါက်တာတင့်ဆွေက လည်း “အိန္ဒိယက ဒီမိုကရေစီနိုင်ငံဖြစ်တော့ ပြည်သူရဲ့အသံကို အလေးထားတယ်။ နောက် မီဒီယာတွေက မြန်မာပြည်မှာလို မဟုတ်ဘဲ လွတ်လပ်တဲ့ မီဒီယာတွေဖြစ်တော့ အခုလို မြန်မာပြည်မှာဖြစ်နေတာတွေကို သူတို့ သိသွားတဲ့အချိန်မှာ မြန်မာပြည်နဲ့ အိန္ဒိယ နှစ်နိုင်ငံ ဆက်စပ်နေတဲ့အရေးကို ပိုနားလည်ပြီးတော့ မြန်မာ့အရေးအတွက် တဖက်တလမ်းကနေ အထောက်အကူ ရမယ်လို့ ယုံကြည်ပါတယ်” ဟု ပြောဆိုသွားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်