မဲဆောက် အမှိုက်ပုံ ကျောင်းတွင် နိုင်ငံတကာ ဆပ်ကပ်ပွဲ ပြသ

Monday, 01 February 2010 19:46
Print
မဲဆောက်မြို့ “ကောင်းကင်ပြာ” စာသင်ကျောင်းနှင့် ထိုကျောင်း တည်ရှိရာ အမှိုက်ပုံတွင် နေထိုင်သူများကို နိုင်ငံတကာ ဆပ်ကပ် ပညာရှင်များက ယနေ့ သွားရောက် ဖျော်ဖြေခဲ့ကြသည်။

ယင်ကောင်များ၊ အနံ့အသက် ဆိုးများဖြင့် ထုံမွမ်းထားသော ထိုနေရာတွင် နေထိုင်သူများက နိုင်ငံခြား ဆပ်ကပ်နှင့် မျက်လှည့် ပြကွက်များကို အနီးကပ် မြင်တွေ့ရ သောကြောင့် အံ့သြ၀မ်းသာ ဖြစ်ရသည်ဟု ဆိုသည်။

“ထူးထူး ဆန်းဆန်းတွေ ဆိုတော့ ဗဟုသုတလည်း ရတယ်၊ ပျော်လည်း ပျော်ရတယ်။ အရမ်းကို ပျော်တယ် ဦးရယ်။ ကလည်း ကပြတယ်။ သီချင်းလည်း ဆိုပြကြတယ်၊ မီးကွင်းတွေ ဘာတွေနဲ့ ကစားပြတာကို ကြည့်ရတာ အရမ်းကောင်းတာပဲ” ဟု ၅ တန်း ကျောင်းသူ မစမ်းပပလွင်က ပြောသည်။

မိဘတဦးဖြစ်သူ ဒေါ်မဗိုက်ကလည်း “ကျမတို့ သားသမီးတွေကို အခုလို လာလာပြီး ကူညီ ပေးကြ၊ ပျော်အောင် လုပ်ပေးကြတာ အတွက် ကျမ ၀မ်းသာတယ်ရှင်” ဟု ဆိုသည်။

ဆပ်ကပ်အဖွဲ့ မှ ကနေဒါလူမျိုး Ms. Ann က  ဖျော်ဖြေခွင့်ရသဖြင့် အလွန် ၀မ်းသာကြောင်း၊ ကလေးများ ပျော်ရွှင်မှု ရစေရန်နှင့် စိတ်ဓာတ်ခွန်အား ပေးရန် တင်ဆက်ပေးခြင်း ဖြစ်ကြောင်း ပြောသည်။

“အခုလို ဒီကလေးတွေရဲ့ မျက်နှာပေါ်က အပြုံးတွေကို မြင်ရတာဟာ ဖူးပွင့် လန်းဆန်းနေတဲ့ ပန်းကလေးတွေကို ကြည့်ရသလို ခံစားရတယ်” ဟု သူက ဆိုသည်။

နေ့လယ် ၃ နာရီတွင် စတင်သော ဆပ်ကပ်ပွဲသည် ည ၇ နာရီခန့်တွင် ပြီးဆုံးသွားသည်။ ဆပ်ကပ်ပွဲ ဖြစ်မြောက်စေရန် ကမကထ ပြုလုပ်ပေးသူမှာ အရှင်သောပါက ဘွဲ့အမည်ရှိ သံဃာတပါး ဖြစ်သည်။

“သူတို့ ဘ၀က တနေကုန် အမှိုက်ပုံထဲမှာ နံနံစော်စော်နဲ့ နေရတယ်၊ တော်ရုံလူဆို မူးမေ့ အော့ အန်ပြီး လဲသွားနိုင်တယ်၊ ဦးပဇင်းတို့ကတော့ နှာခေါင်းယဉ်နေပြီဗျာ၊ ခဏခဏ သွားနေလို့လေ” ဟု မိန့်ကြားသည်။

“ဒီကလေးတွေက အမှိုက်ပုံထဲမှာ မွေးတာ ဆိုတော့ ဒီကျောင်းလေးရှိလို့ စာသင်ခွင့် ရတယ်၊ ဒါဟာ အရမ်းကောင်းတဲ့ အခွင့်အရေးပါ” ဟု သူက မိန့်ကြားသည်။

မဲဆောက်တမြို့လုံးမှ အမှိုက်များ စုပုံထားသည့် ထိုနေရာကို မှီခိုစားသောက်နေကြသည့် မြန်မာ ဆင်းရဲသား အများအပြား ရှိသည်။ ၎င်းတို့၏ ရင်သွေးများ ပညာသင်ခွင့်ရရှိစေရန်  ကောင်းကင်ပြာ စာသင်ကျောင်းကို ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ၂၀၀၆ ခုနှစ်က ထိုနေရာတွင်ပင် တည်ထောင်ထားခဲ့ကြသည်။ ယခုအခါ ဒေသခံ အကူအညီပေးရေးအဖွဲ့တချို့ထံမှ အထောက်အပံ့ ရနေသည်ဟု ကောင်းကင်ပြာမှ ကျောင်းဆရာတဦးဖြစ်သူ ကိုအောင်ဇော်ဦးက ဧရာဝတီသို့ ပြောသည်၊

“စဖွင့်တုန်းက ကလေး ၂၇ယောက်ရှိတယ်၊ ၂ တန်း အထိ ရှိတယ်၊ အခုတော့ ကလေး ၁၀၀ ကျော် ရှိလာပြီ။ ၅ တန်း အထိ သင်ပေးနေတယ်ဗျာ” ဟု ဆိုသည်။

ကျောင်းတွင် ဆရာ ဆရာမ (၇)ယောက်ရှိပြီး တဦးမှာ ထိုင်းဘာသာ သင်ကြားပေးသူ ထိုင်းလူမျိုးတဦး ဖြစ်သည်။

နိုင်ငံခြားသား အများအပြားသည် အမှိုက်ပုံပေါ်ရှိ ကောင်းကင်ပြာ စာသင်ကျောင်းသို့ သွားရောက်လေ့လာပြီး ကူညီထောက်ပံ့လေ့ရှိသည်ဟု သိရသည်။

သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာ ရဟန်းတော်များအဖွဲ့ချုပ်မှ အရှင်သောပါက က အမှိုက်ပုံတွင် နေထိုင်သူများကို ချီးကျူးမိသည်ဟု ဆိုသည်။

“အရမ်းညီကြတယ်၊ ချစ်လည်းချစ်ခင်ကြတယ်၊ လူကြီးတွေရွေးရင်လည်း မဲစနစ် နဲ့ ရွေးကြတာ၊ ပြောရရင် အမှိုက်ပုံထဲမှာ ဒီမိုကရေစီ လာထွန်းကားနေတယ်ပေါ့ဗျာ၊ ဒီလိုနေရာမျိုးမှာတောင် ဒီမိုကရေစီ ထွန်းကားနိုင်သေးရင် အခြား နေရာတွေမှာလည်း သူတို့ကို နမူနာယူပြီး ကျင့်သုံးရင် ကောင်းမှာပဲလို့ ပြောချင်တယ် ဒကာ” ဟု သူက မိန့်ကြားသည်။