“လေလွင့်သူ”၀တ္ထု မူရင်းစာရေးဆရာ ကွယ်လွန်

Tuesday, 02 February 2010 18:39
Print
စာရေးဆရာ မြသန်းတင့် ဘာသာပြန်သည့် “လေလွင့်သူ” ဝတ္ထုမူရင်း “The Catcher in the Rye” ကို ရေးသားခဲ့သည့် အမေရိကန် စာရေးဆရာကြီး J. D. Salinger ကွယ်လွန် သွားပြီ ဖြစ်ကြောင်း ကြားသိရသည်။

အဆိုပါ စာရေး ဆရာကြီးသည် ယခင် အပတ် ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီ ၂၇ ရက်နေ့က ကွယ်လွန်ခဲ့ခြင်း ဖြစ်ပြီး ၎င်းကွယ်လွန် ချိန်တွင် အသက် ၉၁ နှစ် ရှိပြီဖြစ်သည်။

ကွယ်လွန်သူ စာရေးဆရာ မြသန်းတင့်က “လေလွင့်သူ” အဖြစ် ဘာသာ ပြန်ခဲ့သည့် “The Catcher in the Rye” ဝတ္ထုကို ၁၉၅၁ ခုနှစ်က ဖြန့်ချိခဲ့ပြီး အဆိုပါ ဝတ္ထုမှာ သူ၏ နာမည် အကြီးဆုံး များထဲမှ တအုပ်ဖြစ်သည်။

The New York Times သတင်းစာက  J. D. Salinger အကြောင်းနှင့် ပတ်သက်၍ “ဒုတိယ ကမ္ဘာစစ် အပြီး နောက်ပိုင်းတွင်  အလွန် အရေးကြီးသော အမေရိကန် စာရေးဆရာ တယောက်ဖြစ်ပြီး ကျော်ကြားမှုကို မလိုချင်ဘဲ ကျော်ကြားနေခဲ့သူ” ဟူ၍ ရေးသားထားသည်။

“The Catcher in the Rye” ဝတ္ထုသည် ဆယ်ကျော်သက်အရွယ် လူငယ်တယောက်က သူ့ဘဝဇာတ်ကြောင်းကို ပြန်ပြောင်း ပြောသူအဖြစ် ဖန်တီးထားခြင်းဖြစ်သည်။ ထိုဝတ္ထုထဲမှ ဇာတ်ကြောင်းပြောသူ ဟိုလ်ဒန်ကောလ်ဖီးလ် ကို အမေရိကန် စာဖတ် ပရိသတ် အားလုံး ရင်းနှီးပြီး ဖြစ်သည်ဟု ဆိုသည်။

၁၉၈၀ ပြည့်နှစ်က ဘီတဲလ် အဆိုတော် ဂျွန်လင်နွန်ကို လုပ်ကြံခဲ့သည့် မာ့ခ်ဒေးဗစ် ချိပ်မန်းက “The Catcher in the Rye” ဝတ္ထုထဲက စာမျက်နှာတချို့၌ သူ၏ လုပ်ဆောင်ချက်များကို မြင်တွေ့နိုင်သည်ဟု ရှင်းပြခဲ့ကြောင်း The New York Times သတင်းစာတွင် ဖော်ပြထားသည်။

ထိုစာအုပ်ကို နှစ်စဉ် အုပ်ရေ ၂ သိန်းခွဲခန့် ရောင်းချနေရဆဲဖြစ်ပြီး အမေရိကန် ဝတ္ထုစာအုပ်များထဲတွင် ရောင်းအကောင်းဆုံး စာရင်းဝင်ဖြစ်သည်။

ရှင်းလင်းစွာ ဘာသာပြန်လေ့ရှိသည့် ဆရာမြသန်းတင့်၏ ကျေးဇူးကြောင့် “The Catcher in the Rye” ကို မြန်မာ စာဖတ်ပရိသတ်က “လေလွင့်သူ” အဖြစ်နှင့် ရင်းနှီးခွင့်ရခဲ့သည်။

စာရေးဆရာကြီး J. D. Salinger ၏ တခြားထင်ရှားသော စာအုပ်များမှာ “ဝတ္ထုတို ၉ ပုဒ် စုစည်းမှု” “Franny and Zooey” နှင့် “Raise High the Roof Beam, Carpenters and Seymour: An Introduction” တို့ဖြစ်သည်။