ဘောလုံးအသင်း ပိုင်ရှင်များအကြား ဂုဏ်ပြိုင်မှုပြင်းထန်လာ

Thursday, 18 February 2010 18:11
Print
မြန်မာ နေရှင်နယ်လ် လိဂ် (MNL) ပြိုင်ပွဲဝင် ဘောလုံး အသင်းများ တည်ထောင် ထားသော နာမည်ကြီး စီးပွားရေး လုပ်ငန်း ရှင်ကြီးများ အကြား ပြိုင်ဆိုင်မှု ပိုမိုပြင်းထန် လာကြောင်း စီးပွားရေး အသိုင်း အ၀ိုင်းက ပြောသည်။

အထူးသဖြင့် ရန်ကုန် ယူနိုက်တက် အသင်း ပိုင်ရှင် ဦးတေဇ၊ MNL ချန်ပီယံ ရတနာပုံ အသင်းပိုင်ရှင် ဒေါက်တာ စိုင်းဆမ်ထွန်း၊
ကမ္ဘောဇ ဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်းတို့ အကြားတွင် ပြိုင်ဆိုင်မှု ကြီးမားလာကြောင်း ရန်ကုန်မြို့ရှိ စီးပွားရေး သမားတဦးက ပြောသည်။

ဘောလုံး အသင်း ချန်ပီယံ ဖြစ်ရေးအတွက် အနိုင်၊ အရှုံးများနှင့် ဆက်စပ်ပြီး အသင်း ပိုင်ရှင်များ အကြားတွင် စီးပွားရေး၊ ပုဂ္ဂိုလ်ရေးနှင့် ဂုဏ်သိက္ခာပိုင်း ယှဉ်ပြိုင်မှုများ မြင့်မားလာခြင်း ဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။

ရန်ကုန် အခြေစိုက် အားကစား သတင်းထောက် တဦးကလည်း “အခု မြန်မာ နေရှင်နယ်လိဂ် ပြိုင်ပွဲက ဘောလုံးပွဲ မဟုတ်တော့ဘူး၊ စီးပွားရေးသမား အချင်းချင်း ယှဉ်ပြိုင်တဲ့ပွဲ ဖြစ်လာပြီ။ အသင်း တသင်းက ကျပ် သိန်း ၃၀၀၀ သုံးရင် အခြား အသင်းက သိန်း ၅၀၀၀ သုံးတယ်။ အကျိုးအမြတ် မရတာကို အရှုံးခံပြီး ဂုဏ်သိက္ခာ အတွက် ပြိုင်နေကြတာ”ဟု ပြောသည်။

ဦးတေဇက ၄င်းပိုင် ရန်ကုန် ယူနိုက်တက် အသင်း ဘောလုံး သမားများကို ရတနာပုံ၊ ကမ္ဘောဇ ဘောလုံး အသင်းများနှင့် ယှဉ်ပြိုင်ရပါက အနိုင်ရလျှင် ဆုကြေးငွေ သိန်းရာထောင်ချီ ပေးမည်ဟု ပြောဆို၍ အနိုင်ကန် ခိုင်းကြောင်း၊ Alpine သောက်ရေသန့်၊ အချိုရည် လုပ်ငန်း၊ ယမကာ လုပ်ငန်းများ ပိုင်ဆိုင်သည့် ဒေါက်တာ စိုင်းဆမ်ထွန်း ကလည်း ဦးတေဇ၊ ဦးအောင်ကိုဝင်းတို့နှင့် စီးပွားရေး အရ ယှဉ်ပြိုင်ရန် အတွက် ပုဂ္ဂလိကဘဏ် တည်ထောင်ရန် ပြင်ဆင်နေကြောင်း ရန်ကုန် စီးပွားရေး အသိုင်း အ၀ိုင်းတွင် ပြောဆိုနေ ကြသည်။

ပုဂ္ဂလိကဘဏ် တခု တည်ထောင်ရန် ငွေကြေး အရင်းအနှီးများစွာ စိုက်ထုတ်ရပြီး အနည်းဆုံး ရင်းနှီးငွေ ကျပ် သန်းတစ်သောင်း ရှိမှသာ ဗဟိုဘဏ်က ပုဂ္ဂလိက စီးပွားရေး ဘဏ်အဖြစ် ဖွင့်လှစ်ခွင့် ပြုကြောင်း၊ မြန်မာ နိုင်ငံတွင် ပုဂ္ဂလိကဘဏ်၊ အစိုးရနှင့် ပုဂ္ဂလိက ဖက်စပ်ဘဏ် အပါအ၀င် စုစုပေါင်း ဘဏ် ၁၄ ခု ရှိကြောင်း သိရသည်။

ဒုတိယအကြိမ်မြောက် MNL ပြိုင်ပွဲပြီးဆုံးချိန် ထိုဘောလုံး ပြိုင်ပွဲများကို ပရိသတ် စိတ်ဝင်စားမှု တဖြည်းဖြည်းလျော့ကျ လာသော် လည်း လာမည့် မတ်လတွင် ကျင်းပမည့် တတိယအကြိမ်မြောက် MNL ဘောလုံး ပြိုင်ပွဲတွင် ယခင် ၈ သင်း အပြင် ပုဂ္ဂလိက ဘောလုံး အသင်း ၃ သင်း ထပ်မံပါဝင်လာမည်ဟု မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်က ပြောသည်။

ဘောလုံးအသင်းသစ် ၃ သင်းမှာ နေပြည်တော်တိုင်းကိုယ်စားပြု နေပြည်တော်ယူနိုက်တက်ဘောလုံးအသင်း၊ ကရင်ပြည်နယ် ကိုယ်စားပြု ဇွဲကပင်ယူနိုက်တက်ဘောလုံးအသင်း၊ ကချင်ပြည်နယ်ကိုယ်စားပြု မနောမြေ ဘောလုံးအသင်းတို့ ဖြစ်ပြီး စုစုပေါင်း
အသင်း ၁၁ သင်းယှဉ်ပြိုင်ရမည်ဖြစ်သည်ဟု ဆိုသည်။

နေပြည်တော်ယူနိုက်တက် ဘောလုံးအသင်းကို နေပြည်တော်တည်ဆောက်လုပ်ငန်းများ လုပ်ကိုင်ခွင့်ရရှိသည့် ACE ဆောက် လုပ်ရေးကုမ္ပဏီပိုင်ရှင် ဦးတင့်ဆန်း၏သား ဦးဖြိုးကိုကိုတင့်ဆန်း တည်ထောင်ခြင်းဖြစ်ပြီး ဇွဲကပင်ယူနိုက်တက် အသင်းပိုင်ရှင်မှာ ဌေးမိသားစုကုမ္ပဏီပိုင်ရှင် ဦးလှဌေး ဖြစ်ကြောင်း ၊မနောမြေအသင်းမှာ ကချင်ပြည်နယ်အထူးဒေသ ၁ ဥက္ကဋ္ဌ ဦးဇခုန်တိမ်ယိန်း ၏ သား ပိုင်ဆိုင်ကြောင်း သိရှိရသည်။