UWSA ခေါင်းဆောင် စစ်အစိုးရနှင့် တွေ့မည်

E-mail Print
ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) အဖွဲ့ ဥက္ကဋ္ဌ ဦးပေါက်ယူချန်းသည် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အစီအစဉ် အတွက် စစ်အစိုးရနှင့် ဆွေးနွေးရန် ရှမ်းပြည်နယ်၊ တန့်ယန်းမြို့သို့ ယနေ့ ရောက်ရှိလာကြောင်း တရုတ် မြန်မာ နယ်စပ် အရေး စောင့်ကြည့်သူများက ပြောသည်။

တပ်အသွင် ပြောင်းလဲရေးကို အဆုံးအဖြတ် ပေးနိုင်သူဟု စစ်အစိုးရက ယူဆထားသည့် ဦးပေါက်ယူချန်းသည် ဆွေးနွေးပွဲ တက်ရောက်ရန် ဖိအားပေး ခံနေရသည်ဟု သျှမ်းသံတော်ဆင့် သတင်းစဉ် အယ်ဒီတာ ဦးစိန်ကြည်က ဆိုသည်။

“အရင်က ( ဦးပေါက်ယူချန်း) ကျန်းမာရေး မကောင်းလို့ မတွေ့နိုင်ဘူးလို့ ပြောထားတာ အခု တရုတ်က ဖိအားပေးလို့ သွားတယ်လို့ ပြောတယ်” ဟု ထိုင်းနိုင်ငံ ချင်းမိုင်မြို့ အခြေစိုက် ဦးစိန်ကြည်က ဧရာဝတီကို ပြောသည်။

တန့်ယန်းတွင် ဦးပေါက်ယူချန်းနှင့် တွေ့မည့် စစ်ဖက်ဆိုင်ရာ လုံခြုံရေး အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်သည် မကြာသေးမီက ယူနန်ပြည်နယ်သို့ သွားရောက်၍ UWSA ကို ဖိအားပေးရန် တရုတ်အစိုးရကို အကူအညီ တောင်းခံခဲ့သည်ဟု အတည် မပြုနိုင်သည့် နယ်စပ်သတင်းများ အရ သိရသည်။

သို့သော်လည်း စစ်သည် အင်အား ၃၀၀၀၀ ၀န်းကျင် ရှိသည်ဟု ယူဆရသည့် UWSA တပ်ဖွဲ့ အသွင်ပြောင်းရေးကို  ဦးပေါက်ယူချန်း တဦးတည်း သဘောဖြင့် လုပ်ဆောင်၍ မရနိုင်ကြောင်း တရုတ်  မြန်မာနယ်စပ် စစ်ရေးနိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇောက သုံးသပ်သည်။

စစ်အစိုးရသည် ယခုနှစ် ပြုလုပ်မည်ဟု ကြေညာထားသည့် ရွေးကောက်ပွဲ မတိုင်မီ အပစ်ရပ် အဖွဲ့များကို နယ်ခြားစောင့် တပ်များ အဖြစ် အသွင်ပြောင်းလဲရေးကို လိုလားနေကြောင်း သိရသည်။  ဤအတောအတွင်း တပ်မတော်ခေါင်းဆောင်များက အပစ်ရပ်အဖွဲ့များနှင့် ဆက်တိုက် တွေ့ဆုံနေကြသည်။

ရှမ်းပြည်တပ်မတော် မြောက်ပိုင်း(SSA-N) အဖွဲ့မှ ဥက္ကဋ္ဌ ဦးလွယ်မောင်း နှင့် တပ်မဟာ ၃ တပ်မှူး ဗိုလ်မှူးကြီး လှမြင့်တို့သည် အင်္ဂါနေ့က တြိဂံတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ် နှင့် ဆွေးနွေးခဲ့ကြောင်း ဦးစိန်ကြည်က ပြောသည်။ သို့သော်လည်း မည်သည့် ရလဒ်ထွက်ပေါ်ခဲ့သည်ကို မသိရသေးပေ။

ရှမ်းပြည်နယ် အခြေစိုက်  မိုင်းလား တပ်ဖွဲ့ ခေါ် အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) ခေါင်းဆောင် ဦးစိုင်းလင်းသည် ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် မကြာမီ တွေ့မည်ဟု သိရသည်။

ပြီးခဲ့သည့် လကလည်း ဒုတိယဗိုလ်ချုပ်ကြီး ရြဲမင့်က ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ခေါင်းဆောင်များကို မြစ်ကြီးနားမြို့တွင် ခေါ်ယူတွေ့ဆုံခဲ့သည်။

KIA အဖွဲ့က ၁၉၄၇ခုနှစ်က ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ် တွင် ပါဝင်သည့် အချက်အလက်များအတိုင်း ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်မည်ဆိုလျှင် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်ခံမည်ဟု တုံ့ပြန်ထားသည်။

စစ်ရေးတင်းမာမှု ဖြစ်ပွားနေချိန်တွင် KIAက အပစ်အခတ် ရပ်စဲသည့် ၁၆နှစ်ပြည့် အထိမ်းအမှတ်ပွဲကို အင်္ဂါနေ့က ပြုလုပ်ရာ စစ်ရေးပြပွဲများ ပါဝင်သည်ဟု သိရသည်။

ကရင်ပြည်နယ်တွင်လည်း တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော်  (DKBA)၊ ဗိုလ်ချုပ်ထိန်မောင် ဦးစီးသော ကရင်ငြိမ်းချမ်းရေးကောင်စီ တို့သည် အရှေ့တောင်တိုင်းစစ်ဋ္ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်းနှင့်  ယခုလအတွင်း တွေ့ဆုံခဲ့သည်ဟု DKBAတာဝန်ခံ တဦးက ပြောသည်။

စစ်အစိုးရနှင့် မဟာမိတ်တပ်ဖွဲ့ဖြစ်သည့် DKBA အဖွဲ့ခေါင်းဆောင် အများစုက နယ်ခြားစောင့်တပ် ဖွဲ့ရေးကို လက်ခံလိုခြင်း မရှိကြောင်း သိရသည်။

နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို ယခုလကုန်တွင် အပြီးသတ် အကောင်အထည်ဖော်ရန် စစ်အစိုးရက အချိန်ကာလ သတ်မှတ်ထားသည်။

နယ်ခြားစောင့်တပ် အစီအစဉ်သည် ပြီးခဲ့သည်နှစ် ဧပြီလမှ စတင်ခဲ့ပြီး ယခုအချိန်အထိ ကချင် ဒီမိုကရေစီသစ် တပ်မတော် (NDA-K) ၊ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေး တပ်ဦး (ကလလတ) နှင့် ကိုးကန့် အထူးဒေသ(၁) စသည့် အဖွဲ့ ၃  ဖွဲ့သာ နယ်ခြားစောင့် တပ်များ အဖြစ် ပြောင်းလဲခဲ့သည်။

ရှမ်းပြည်နယ် လောက်ကိုင်အခြေစိုက် ကိုးကန့် လက်နက်ကိုင် တပ်များကို ၂၀၀၉ သြဂုတ်လက စစ်အစိုးရ တပ်များ ၀င်ရောက် တိုက်ခိုက်ပြီး နောက်ပိုင်းတွင် ကိုးကန့် အထူးဒေသ(၁) သည် နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲသွားခြင်း ဖြစ်သည်။

နယ်ခြားစောင့် အစီအစဉ်ကို လက်ခံခြင်း မပြုသည့် တိုင်းရင်းသား တပ်ဖွဲ့များကို စစ်အစိုးရက စစ်ရေးနည်းဖြင့် ဖြေရှင်းဖွယ်ရှိသည်ဟုလည်း အကဲခတ်တချို့က ခန့်မှန်းကြသည်။

မြန်မာ့ အလင်း နှင့် ကြေးမုံ သတင်းစာတွင် ဖော်ပြထားသည့် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ဦးစီးပြီး ဖေဖော်ဝါရီလ ၃ ရက်နေ့မှ ၁၈ရက်နေ့အထိ ပြုလုပ်ခဲ့သည်ဟူသော  လမ်းပန်း ဆက်သွယ်ရေး လုပ်ငန်းများမှာ စစ်ရေး ပြင်ဆင်ခြင်း၊ နယ်မြေခံလူထုအား စည်းရုံးခြင်း ဖြစ်သည်ဟု အကဲခတ်များက ပြောသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်