အိန္ဒိယခွဲထွက်ရေး သူပုန်များကို မြန်မာစစ်တပ်က ဝိုင်းဝန်းနှိမ်နင်းမည်ဟုဆို

E-mail Print
အိန္ဒိယ-မြန်မာ နယ်စပ်နှင့် မြန်မာနိုင်ငံ အနောက် မြောက်ပိုင်း ဒေသများတွင် ခိုအောင်းနေသော အိန္ဒိယ ခွဲထွက်ရေး သူပုန်များကို နှိမ်နင်းရေး အတွက် နှစ်နိုင်ငံ စစ်တပ်များက တိုးမြှင့် လုပ်ဆောင် သွားမည်ဟု အိန္ဒိယ စစ်တပ် ပြောရေးဆိုခွင့် ရှိသူက ဆိုသည်။

အိန္ဒိယ ပြည်ထဲရေး အတွင်းဝန် Gopal K. Pillai ၏ ဖေဖော်ဝါရီလအတွင်းက မြန်မာနိုင်ငံခရီးစဉ်တွင် မြန်မာစစ်အစိုးရ ထိပ်တန်းခေါင်းဆောင်များနှင့် နယ်စပ်ဒေသရှိ သူပုန်များအရေးကို ဆွေးနွေးခဲ့ပြီး မြန်မာစစ်အစိုးရထံမှ ကတိများ ရယူနိုင်ခဲ့သည်ဟု နယ်စပ်လုံခြုံရေး စည်းဝေးတွင် ပြောကြားခဲ့ကြောင်း အိန္ဒိယ အခြေစိုက် သတင်းဌာနများက ဆိုသည်။

“မြန်မာပြည်ထဲမှာ ရှိနေတဲ့ အိန္ဒိယနဲ့ ဆန့်ကျင်တဲ့သူတွေရဲ့ အခြေစိုက်စခန်းတွေကို သူတို့က အဓိကထား ခြေမှုန်းပေးမယ်လို့ ပြောတယ်” ဟူသော Gopal K. Pillai ၏ အဆိုကို သတင်းဌာနများက ဖော်ပြထားသည်။

သူ၏ ခရီးစဉ်အတွင်း ပြည်ထဲရေး ဒုတိယ ၀န်ကြီး ဗိုလ်မှူးချုပ် ဘုန်းဆွေနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး သူပုန်များ ကိစ္စကို အရေးယူဆောင်ရွက်ပေးမည့် ကတိကို ရရှိခဲ့သော်လည်း မြန်မာ စစ်အစိုးရက အမှန်တကယ် လုပ်ပေးနိုင်စွမ်းရှိ မရှိကိုမူ သံသယရှိကြောင်း ဆိုထားသည်။

အိန္ဒိယ အစိုးရက အလိုရှိနေသည့် အာသံသူပုန်အဖွဲ့ ခေါင်းဆောင် မြန်မာနိုင်ငံအတွင်း ခိုအောင်းနေသည်ဟူသော သတင်းများ ထွက်ပေါ်လာသည့်နောက်ပိုင်းတွင် အိန္ဒိယအစိုးရက မြန်မာအစိုးရ၏ ပူးပေါင်းစစ်ဆင်ရေးကို လိုလား နေကြသည်။

အိန္ဒိယ အစိုးရဘက်က သူပုန်များကိစ္စကို အလေးအနက်ထား ဆောင်ရွက်လိုသော်လည်း မြန်မာ စစ်အစိုးရဘက်ကမူ အလေးအနက်ထား ဆောင်ရွက်လိုခြင်း မရှိကြောင်း လေ့လာသူများက ဆိုသည်။

နယ်စပ်ဒေသ စစ်ရေးအခြေအနေများကို စောင့်ကြည့်လေ့လာသူ တဦးက “မြန်မာဘက်ကတော့ အိန္ဒိယနဲ့ အစည်း အဝေးတွေ လုပ်ပြီးတိုင်း ပူးပေါင်းမယ်၊ အကူအညီလိုတယ်ဆိုပြီး လက်နက်ခဲယမ်းနဲ့ ငွေကြေး အကူအညီတွေ ယူတယ်။ ဒီလိုဖြစ်နေတာ ၃ နှစ်ကျော်နေပြီ။ တကယ်တမ်းတော့ မတိုက်နိုင်သေးဘူး” ဟု ပြောသည်။

မြန်မာပြည်တွင်း အိန္ဒိယ ခွဲထွက်ရေး သူပုန်များ ခိုလှုံရာ နေရာဒေသများသည် ဝေးလံသည့် တောနက်တွင်း၌ ရှိ၍ ရာသီဥတု ကြမ်းတမ်းခြင်း၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း၊ အစာရေစာ ရှားပါးခြင်းတို့ကြောင့် စစ်ရေးအရ တိုက်ခိုက် ရန် ခက်ခဲလှသည်ဟု သူကဆိုသည်။

ဆက်လက်၍ သူက “အိန္ဒိယကတော့ နယ်စပ်ဒေသမှာ ထောက်လှမ်းရေးတွေ၊ နယ်မြေခံတပ်တွေ တိုးချဲ့ချင်တာ ရှိသလို လုပ်လည်း လုပ်နေတယ်။ မြန်မာဘက်ကတော့ ပူးပေါင်းမယ်လို့ ပြောတာပဲ ရှိနေသေးတယ်၊ မလုပ်နိုင်သေးဘူး” ဟုပြောသည်။

အိန္ဒိယ အစိုးရအနေဖြင့် မြန်မာနိုင်ငံနှင့် ထိစပ်နေသော နယ်စပ်ဒေသတလျှောက်တွင် နယ်မြေခံတပ်ရင်းများ၊ ရဟတ်ယာဉ်ကွင်းများ၊ အထူးထောက်လှမ်းရေးဌာနများ တိုးမြှင့်ဖွဲ့စည်းနေကြောင်း သူကဆိုသည်။

“နှစ်နိုင်ငံ ဆွေးနွေးပွဲတွေ လုပ်တိုင်း၊ ပြီးတိုင်းမှာ အိန္ဒိယ အစိုးရကလည်း ဒါကိုပဲပြောတယ်။ မြန်မာအစိုးရကလည်း ဒီလိုပဲ ပူးပေါင်းမယ်ပြောတယ်၊ ဒါပေမယ့် ဘယ်တော့မှ ဒါက ဖြစ်မလာဘူး။ နောင်ဘယ်တော့ ဖြစ်လာမယ်ဆိုတာကိုတော့ မသိဘူးပေါ့လေ” ဟု အဝေးရောက် ညွန့်ပေါင်းအစိုးရ ပြန်ကြားရေးဝန်ကြီး ဒေါက်တာတင့်ဆွေက ပြောသည်။

နှစ်နိုင်ငံ စစ်ခေါင်းဆောင်များ တွေ့ဆုံသည့်အခါ အိန္ဒိယ ခွဲထွက်ရေးသူပုန်များကို လက်ခံထားခြင်း မရှိကြောင်း မြန်မာစစ်အစိုးရက ပြောကြားလေ့ရှိသော်လည်း ကချင်ပြည်နယ် အနောက်ပိုင်းဒေသ၊ ချင်းပြည်နယ် တွန်းဇံမြို့နယ် အတွင်း၊ နာဂတောင်တန်းဒေသ၊ ဟုမ္မလင်းဒေသနှင့် စစ်ကိုင်းတိုင်း တမူးမြို့နယ်ပတ်ဝန်းကျင် ဒေသတို့မှာ အိန္ဒိယ ခွဲထွက်ရေး သူပုန်များဖြစ်သည့် အာသံ၊ ကသည်းနှင့် နာဂ သူပုန်များ ခိုလှုံသည့် အထင်ကရ နေရာများ ဖြစ်သည်။

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းတွင် မြန်မာနိုင်ငံနှင့် ကီလိုမီတာ ၁၆၈၀ ကျော် ထိစပ်လျက်ရှိသည်။ ၁၉၈၈ ခုနှစ် ကာလများက မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေးကို အားပေးခြင်း၊ ထွက်ပြေးလာသော ကျောင်းသားများကို ခိုလှုံခွင့်ပေးခြင်းများ ရှိခဲ့သော်လည်း နောက်ပိုင်းတွင် နှစ်နိုင်ငံ ပူးပေါင်း၍ နိုင်ငံရေး၊ စစ်ရေး၊ လူမှုရေး၊ စီးပွားရေးများ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး အိန္ဒိယ ခွဲထွက်ရေး သူပုန်များကို ပူးပေါင်းတိုက်ခိုက်ခြင်းများ ပြုခဲ့သည်။

၁၉၉၀ ပြည့်နှစ်တွင် အိန္ဒိယ အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား Jawaharlal Nehru ဆုချီးမြှင့်လိုက်ရာ မြန်မာအစိုးရဘက်က စစ်ဆင်ရေးကို ရပ်နားလိုက်သည်။ သို့သော် အစိုးရချင်း ဒေသအလိုက် သတင်းဖလှယ်ခြင်းများ ရှိနေခဲ့သည်။

ထိုမှ နှစ်နိုင်ငံ ထိပ်တန်းခေါင်းဆောင်များ၏ အပြန်အလှန် ချစ်ကြည်ရေး ခရီးစဉ်များ၊ ဆွေးနွေးပွဲများနောက်တွင် အိန္ဒိယက မြန်မာစစ်အစိုးရအား စစ်လေယာဉ်များ၊ လက်နက်ခဲယမ်းများနှင့် နည်းပညာ အထောက်အပံ့များ ပေးအပ်ကာ ခွဲထွက်ရေး သူပုန်များကို ကူညီတိုက်ထုတ်ပေးရေးအတွက် ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့သည်။

အိန္ဒိယ သမုဒ္ဒရာအတွင်း နှစ်စဉ်ပြုလုပ်လေ့ရှိသည့် တောင်အာရှနိုင်ငံများ၊ အာရှပစိဖိတ်ဒေသနိုင်ငံများ၏ ရေတပ်များ စစ်ရေးလေ့ကျင့်ခြင်းတွင်လည်း မြန်မာရေတပ် စစ်သင်္ဘောများကို ပါဝင်စေလေ့ရှိသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်