အလုပ်သမား လက်မှတ် သက်တမ်း မတိုးသူများ ဖမ်းဆီးခံနေရ

Wednesday, 10 March 2010 19:20
Print
ထိုင်းအစိုးရက ယာယီနိုင်ငံကူး လက်မှတ်လုပ်ရန် နိုင်ငံသား စိစစ်ရေး လျှောက်လွှာ မတင်ရသေး သူများနှင့် အလုပ်သမား လက်မှတ် သက်တမ်း မတိုးသူများကို ဒေသခံ အာဏာပိုင်များက ဖမ်းဆီး မှုများ ပြုလုပ်နေကြောင်း သိရသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီးရှိ မဟာချိုင် အပါအ၀င် Buriramမြို့နှင့် မဲဆောက်မြို့တို့၌ စတင်ဖမ်းဆီးနေပြီ ဖြစ်သည်။ 

ယမန်နေ့က ထိုင်းနိုင်ငံ အရှေ့မြောက်ဘက်ရှိ Buriram မြို့ရှိ မြန်မာပြည်သားများ အပါအ၀င် ၃ နိုင်ငံမှ နိုင်ငံခြား အလုပ်သမား ဦးရေ ၁၅၀ကို သတ်မှတ်ထားသည့် ရက်ကျော်လွန်နေသောကြောင့် ဒေသခံ ရဲများက ဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း NNT (National News Bureau of Thailand) အင်တာနက် သတင်း၌ ဖော်ပြထားသည်။

ထို့အပြင် အလုပ်သမားများ အလုပ်သမား လက်မှတ် သက်တမ်းတိုးထားခြင်း မရှိပါက ဒေသခံ အာဏာပိုင်များက ဖမ်းဆီးပြီး နေ ရပ်သို့ ပြန်ပို့ခံရမည် ဖြစ်ကြောင်းလည်း Buriram Provincial Employment Office မှ Mr Suwon Duangdaa ၏ အဆိုကို ကိုး ကား၍ ယမန်နေ့ NTT သတင်း၌ ဖော်ပြထားသည်။ 

ထိုင်း အလုပ်ရှင် အနေနှင့် တရားမ၀င် အလုပ်သမားများကို ခန့်ထားခြင်းကို စစ်ဆေးတွေ့ရှိပါက ဥပဒေအရ အရေးယူဆောင် ရွက်သွား မည်ဖြစ်ကြောင်းလည်း သတင်းက ဆိုသည်။

Buriram မြို့တွင် အလုပ်သမား ဦးရေ စုစုပေါင်း ၈၁၉ ဦးရှိပြီး နိုင်ငံသား စိစစ်ရေး လျှောက်လွှာတင်ထားသူနှင့် အလုပ်သမား လက်မှတ် သတ်တမ်း တိုး ထားသူ ၅၀၀ ကျော်ခန့် ရှိကြောင်း သိရသည်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားအဖွဲ့မှ ကိုကျော်ဇင်က“ဆိုးတာက ဒီတပတ်အတွင်းမှာ မဲဆောက်မြို့ဈေးထဲမှာ အဖမ်းအဆီးတွေကြမ်းလာတယ်၊ မဲဆောက်ဈေးထဲမှာတောင် လူတော်တော်ပါးသွားပြီ”ဟု ပြောသည်။

ယခုတပတ်အတွင်း မဲဆောက်မြို့၌ အဖမ်းခံရသူ ဦးရေ ၂၀၀ခန့် ရှိကြောင်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး ထိုင်းလှုပ်ရှားမှု ကော်မတီ(TACDB)မှ ဒါရိုက်တာ ဦးမြင့်ဝေကမလည်း ဘန်ကောက်မြို့၌ အဖမ်း အဆီး ကြမ်းသည်အထိ မရှိသေးကြောင်း၊ သို့သော် ယခင်ကထက် ထိုင်းအာဏာပိုင်များက စစ်ဆေးမှုများ ပိုမိုပြုလုပ်လာကြောင်း ဧရာဝတီသို့ ပြောသည်။

“ရဲတွေက စုံစမ်း စစ်ဆေးတာတွေ အရမ်းစိတ်လာတာတော့ တွေ့ရတယ်၊ စိတ်လာတယ်ဆိုတာက တွေတဲ့လူတွေကို အလုပ် သမားလို့ ယူဆတာနဲ့ ချက်ချင်း မေးတော့တာပဲ၊ လက်မှတ်ပြ ဘာပြ အဲဒီလိုမျိုးစစ်တယ်”ဟု ၎င်းက ဆိုသည်။

မြန်မာအစိုးရက နယ်စပ်မြို့များဖြစ်သော တာချီလိတ်၊ ကော့သောင်း၊ မြ၀တီမြို့များတွင် ယာယီ မြန်မာနိုင်ငံကူး လက်မှတ် ထုတ် ပေးရေး ရုံးများဖွင့်ပြီး ၂၀၀၉ ဇူလိုင် လမှ စတင်၍ လုပ်ငန်းများ လည်ပတ်ခဲ့သည်။

နိုင်ငံကူး လက်မှတ် လုပ်ဆောင်ကြရန် မြန်မာ အစိုးရက အလုပ်သမားများကို လှုံ့ဆော်သည့် လက်ကမ်း စာစောင်များကို ထိုရုံးများ မှ တဆင့် ဖြန့်ဝေခဲ့သည်။ နိုင်ငံကူး လက်မှတ် လာရောက် လုပ်ဆောင် သူများကို “ဖမ်းဆီးခြင်း မရှိ၊ တားဆီး စစ်ဆေးခြင်း မရှိ၊ အခွန်ကောက်ခြင်း မရှိ” ကြောင်း ထိုလက်ကမ်း စာစောင်တွင် ဖော်ပြထားသည်။ 

အလုပ်သမား အများစု စိုးရိမ်သည့် အချက်မှာ“အခွန် ကောက်ခြင်း” ဖြစ်သည်။ နေရပ်ရင်းရှိ မိသားစုထံသို့ မြန်မာ အာဏာပိုင်များ က သွားရောက်ပြီး အခွန် ကောက်မည်ကို ၎င်းတို့က ပူပန်ကြသည်။ အလုပ်သမား တို့၏ စိုးရိမ်ချက်ကို မည်သည့် အဖွဲ့ အစည်းက မျှ ဖြေရှင်း ပေးနိုင်ခြင်း မရှိသေးပေ။

ယာယီနိုင်ငံကူး လက်မှတ် အစီအစဉ် အတွက် အလုပ်သမား၊ အလုပ်ရှင်တို့ ပူးပေါင်းပြီး ၂ နိုင်ငံ အစိုးရ အရာရှိများကို ဆက်သွယ်  ဆောင်ရွက် ရမည် ဖြစ်သည်။ ယခင်က ဤသို့သော လုပ်ငန်းစဉ်များနှင့် ရင်းနှီးမှု မရှိခြင်းသည် အလုပ်သမားများက နိုင်ငံကူး လက် မှတ် လုပ်ဆောင်ရန် ၀န်လေးနေ ကြသည့် အချက်တချက် ဖြစ်သည်ဟု သိရသည်။

သို့သော်လည်း ရွှေ့ပြောင်း အလုပ်သမားများကို ယခုကဲ့သို့ အတင်းအကျပ် ဖမ်းဆီးကာ ပြန်ပို့မည် ဆိုပါက ထိုင်းနိုင်ငံတွင်း လူ မှောင်ခိုကူးမှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ ပိုမိုများပြားလာနိုင်သည်ဟုလည်း ထိုင်းနိုင်ငံရှိ အလုပ်သမားအရေး ဆောင် ရွက်နေသူတချို့က သုံးသပ်သည်။ 

ထိုင်းနိုင်ငံတွင် အလုပ် လုပ်ကိုင်နေသူ မြန်မာ ပြည်သား ၂ သန်းမှ ၄ သန်းအထိ ရှိသည်ဟု အလုပ်သမား အဖွဲ့များ၏ အဆိုအရ သိရသည်။