အလုပ်သမား သပိတ်များကို စစ်အစိုးရ စောင့်ကြည့်နေ

E-mail Print
ရန်ကုန်မြို့ စက်ရုံ အလုပ်သမား တို့၏ ဆန္ဒပြမှု များသည် ပြီးခဲ့သည့် ၂ လ အတွင်း ၁၄ ကြိမ် ဖြစ်ပွားခဲ့ သော်လည်း နိုင်ငံရေး လှုပ်ရှားမှုနှင့် ပတ်သက်ခြင်း မရှိသဖြင့် အင်အားသုံး ဖြိုခွင်းခြင်း မပြုခဲ့ကြောင်း အမှတ် (၁) စက်မှု ၀န်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်းက ပြီးခဲ့သည့် စနေနေ့တွင် ပြောကြားလိုက်သည်ဟု သိရသည်။

အလုပ်သမားတို့က လစာ တိုးမြှင့်ရေး အတွက် ဆန္ဒပြခဲ့ ကြခြင်း ဖြစ်သည်ဟု ဦးအောင်သောင်းက စက်မှု ကုန်ထုတ် လုပ်သူများ အသင်း နှစ်ပတ်လည် အစည်းအဝေးတွင် ပြောကြား လိုက်သည်ဟု အစည်းအဝေး တက်ရောက် သူများထံမှ သိရသည်။

“လုံခြုံရေးကို ထိခိုက် လာရင်တော့ ဒီအတိုင်းနေလို့ မရတော့ပါဘူး။ ဒီနေ့ အထိတော့ သံသယ ဖြစ်ဖွယ်ရာ အနည်း အကျဉ်းပဲ ရှိပါတယ်။ လစာ ပိုတောင်းတဲ့ လှုပ်ရှားမှုက ပိုများပါတယ်” ဟု ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ရုံးတွင် ကျင်းပခဲ့သော အထက်ပါ အစည်း အဝေးတွင် ပြောကြားခဲ့သည်။

သို့သော်လည်း အလုပ်သမား လုပ်အားခ တိုးမြှင့်ပေးရေး ဆန္ဒပြမှုများသည် တနှစ်ထက် တနှစ် ပိုမို များပြားလာပြီး ၂၀၀၇-၀၈ ခုနှစ်အတွင်း  ၆ ကြိမ်၊ ၂၀၀၈-၀၉ ခုနှစ်တွင် ၉ ကြိမ် ဖြစ်ပွားခဲ့ကြောင်း  အထည်ချုပ် လုပ်ငန်းများ ကြီးကြပ်ရေး ကော်မတီ ဥက္ကဋ္ဌ အဖြစ်လည်း တာဝန် ယူထားသူ ၀န်ကြီး ဦးအောင်သောင်းက ထောက်ပြသည်။

ယခုနှစ်  ဖေဖော်ဝါရီလဆန်းပိုင်းတွင် အလုပ်သမား အခွင့်အရေး တောင်းဆို ဆန္ဒပြပွဲများသည် လှိုင်သာယာ စက်မှုဇုန်မှ စတင်ခဲ့ပြီး  မကြာမီ မင်္ဂလာဒုံ၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ရွှေပြည်သာ စသည့် မြို့နယ်များရှိ အထည်ချုပ်စက်ရုံ၊ ဖိနပ်ချုပ် စက်ရုံများသို့လည်း ကူးစက်ခဲ့သည်။

စက်ရုံတချို့တွင် လစာ တိုးမြှင့်ရေးနှင့် ပတ်သက်ပြီး အလုပ်ရှင် နှင့် အလုပ်သမားတို့ ညှိနှိုင်းကာ အဆင်ပြေမှု ရရှိခဲ့ကြသည်။

လုပ်ငန်းရှင်များက အလုပ်သမား တချို့ကို ဆန္ဒပြခြင်း ထပ်မံ မပြုလုပ်ရန် ခြိမ်းခြောက်၊ ဖိအားပေးခဲ့ကြောင်း လှိုင်သာယာ စက်မှုဇုန်တွင် အလုပ်လုပ်ကိုင်လျက်ရှိသော အင်ဂျင်နီယာတဦးက ဧရာဝတီသို့ ပြောသည်။

ဤအတောအတွင်း  ရွေးကောက်ပွဲ ဥပဒေများ ထွက်ပေါ်လာရာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့နိုင်ငံရေးတွင် ပါဝင်နိုင်ခြင်း မရှိစေရန် ကန့်သတ်ထားသည့် ဥပဒေများဖြစ်သောကြောင့် အများပြည်သူတို့ ကျေနပ်ကြမည် မဟုတ်ကြောင်း၊  ပြည်သူများ၏ မကျေနပ်ချက်နှင့် အလုပ်သမားများ၏ ဆန္ဒပြမှု တို့ ပူးပေါင်းသွားမည်ကိုလည်း စစ်အစိုးရက စိုးရိမ်နေမည်ဖြစ်ကြောင်း ရန်ကုန်မှ အကဲခတ် တချို့က ပြောသည်။

မြန်မာပြည်သူများသည် စားဝတ်နေရေး ပြေလည်ချိန်တွင် ဆန္ဒပြလေ့ မရှိကြောင်း၊ မြန်မာနိုင်ငံ တ၀န်း ဖြစ်ပွားခဲ့သော ဆန္ဒပြမှုများမှာ ဆင်းရဲကျပ်တည်းမှုကို အခြေခံ၍ ဖြစ်ပွားခဲ့ခြင်းသာ ဖြစ်ကြောင်း ရန်ကုန်မှ လေ့လာသူတဦးက ဧရာဝတီသို့ ပြောသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်