အင်းလျားလမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်း သင်္ကြန်မဏ္ဍပ် ခွင့်မပြု

E-mail Print
၂၀၁၀ ပြည့် ဧပြီလအတွင်း ကျရောက်မည့် မြန်မာ့ရိုးရာ နှစ်သစ်ကူး သင်္ကြန်ပွဲတော် ကာလ အင်းလျားလမ်းနှင့် တက္ကသိုလ် ရိပ်သာ လမ်းတွင် သင်္ကြန်မဏ္ဍပ်များ ဆောက်လုပ်ခွင့်ကို အာဏာပိုင်များက လုံခြုံရေး အကြောင်း ပြချက်ဖြင့် ပိတ်ပင်လိုက်ကြောင်း သတင်းရရှိသည်။

နှစ်စဉ် နှစ်တိုင်း အင်းလျား လမ်းနှင့် တက္ကသိုလ် ရိပ်သာ လမ်းတွင် သင်္ကြန် မဏ္ဍပ်များ ဆောက်လုပ်ခွင့် ပေးခဲ့သော်လည်း ယခု နှစ်တွင်မူ အဆိုပါ လမ်းများတွင် ခွင့်မပြု တော့ကြောင်း ရန်ကုန်တိုင်း အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီမှ တာဝန်ရှိသူ ဦးလှမြင့်က ပြည်တွင်း သတင်း မီဒီယာများကို အသိပေး ပြောဆို လိုက်သည်။

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိ ရဲအရာရှိ တဦးကလည်း အင်းလျားလမ်းနှင့် တက္ကသိုလ် ရိပ်သာလမ်းတွင် မဏ္ဍပ်များ ဆောက်လုပ်ခွင့် ပိတ်ပင် ခြင်းသည် ရွေးကောက်ပွဲ ကာလ လုံခြုံရေးနှင့် လူထုစည်းဝေး ဆန္ဒပြမှုများ ဖြစ်ပေါ်မည်ကို စိုးရိမ် သောကြောင့် ဖြစ်ကြောင်း ပြောသည်။

“မဏ္ဍပ်ဆောက်ခွင့်ပိတ်တာ နေပြည်တော်ကလာတဲ့အမိန့်အရပါ၊ ရန်ကုန်မှာရှိတဲ့ လူကြီးတွေ က အမိန့်အရ ပိတ်ပင်တာပါ”ဟု ၄င်းက ဆိုသည်။

အင်းလျားလမ်းတွင် YGN မဏ္ဍပ်ဆောက်လုပ်ရန် ပြင်ဆင်လျက်ရှိသော ရန်ကုန်တက္ကသိုလ် လှေလှော်ရွက်တိုက်အသင်းက မဏ္ဍပ် ဆောက်လုပ်ခြင်းလုပ်ငန်းများကို ရပ်ဆိုင်းလိုက်ရပြီဖြစ်ကြောင်း ယင်းအသင်းနှင့် နီးစပ်သည့် သတင်းရပ်ကွက်မှ သိရှိရသည်။

ယခင်နှစ်များက ရေပက်မဏ္ဍပ်များ ဆောက်လုပ်ပြီး ရေကစားကြသောကြောင့် စည်ကားခဲ့သည့် အင်းလျားလမ်းနှင့် တက္ကသိုလ် ရိပ်သာ လမ်းတွင် ယခုနှစ်သင်္ကြန် ခြောက်ကပ်နိုင်သည်ဟု ရန်ကုန် လူငယ်များက ပြောဆိုနေကြသည်။

“အင်းလျားလမ်းနဲ့ တက္ကသိုလ်ရိပ်သာလမ်းက ရန်ကုန်မြို့မှာ သင်္ကြန်မဏ္ဍပ်တွေနဲ့ အစည်ကား ဆုံးနေရာတွေပါ။ ဒီနေရာတွေမှာ မဏ္ဍပ်မရှိရင် သေချာတယ် ဒီနှစ်ရန်ကုန်သင်္ကြန် ခြောက်ကပ်ကပ်ဖြစ်သွားမယ်”ဟု ရန်ကုန်လူငယ်တဦးက ပြောသည်။

ရန်ကုန်မြို့တွင် မဏ္ဍပ်ဆောက်လုပ်ခွင့်ပိတ်ပင်ထားသော်လည်း နေပြည်တော်တွင် မဏ္ဍပ်များ မဖြစ်မနေဆောက်လုပ်ရမည်ဟု စီးပွားရေးလုပ်ငန်းရှင်များနှင့် ၀န်ကြီးဌာနများကို ညွှန်ကြားထားသောကြောင့် နေပြည်တော်ကို အဓိကမြို့တော်အဖြစ် ပိုမိုစည်ကား အောင် လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း ရန်ကုန်မြို့ခံများကပြောသည်။

“ရန်ကုန်မှာ ခြောက်ကပ်ကပ်ဖြစ်ပြီး နေပြည်တော်မှာ စည်ကားအောင်လုပ်မယ့် ပုံစံပဲ၊ ဒါက သူတို့ နေတဲ့ မြို့တော်ကို စည်ကား အောင်လုပ်တာလို့ ထင်တယ်”ဟု ရန်ကုန်မြို့မှ ဆောက်လုပ်ရေးအင်ဂျင်နီယာတဦးက ဆိုသည်။

ရန်ကုန်မြို့ရှိ နာမည်ကျော် အဆိုတော်အများစုကလည်း နေပြည်တော်ရှိ သင်္ကြန်မဏ္ဍပ်များကို သွားရောက်ဖျော်ဖြေရန် လက်ခံပြီးဖြစ်သည်ဟုလည်း သတင်းများရရှိသည်။

ထိုသို့ အင်းလျားလမ်းတွင် သင်္ကြန်မဏ္ဍပ်ဆောက်လုပ်ခွင့်ပိတ်ပင်ထားသည်ဟုဆိုသော်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မြေး နေရွှေသွေးအောင်(ခေါ်)ဖိုးလပြည့်က အင်းလျားလမ်းတွင် ကိုယ်ပိုင်မဏ္ဍပ်ဆောက်လုပ်ပြီး ရေကစားလေ့ရှိသည့်အတွက် သင်္ကြန် ကာလ နီးကပ်ချိန်တွင် မဏ္ဍပ်များ ဆောက်လုပ်ခွင့်ပြန်လည်ရရှိနိုင်သည်ဟု သင်္ကြန်မဏ္ဍပ်ဆောက်လုပ်သူများက မျှော်လင့် နေကြ ကြောင်း သိရသည်။

ယခုနှစ် ရန်ကုန်မြို့၌ မဏ္ဍပ်များဆောက်လုပ်ခွင့်ပြုရာတွင်လည်း မြန်မာ့ရိုးရာယဉ် ကျေးမှုနှင့်ဆိုင်သော အဆို၊ အက များသာ ခွင့်ပြုမည်ဆိုသော စည်းကမ်းသတ်မှတ်ချက်များ ပါဝင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ က ပြည်တွင်းမီဒီယာများသို့ အသိပေးပြောကြားသည်ဟု သိရှိရသည်။

မြန်မာ သက္ကရာဇ် ၁၃၇၁ ခုနှစ်မှ ၁၃၇၂ ခုနှစ်သို့ ကူးပြောင်းမည့် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ကာလသည် ၂၀၁၀ ပြည့် ဧပြီလ ၁၃ ရက်နေ့မှ ဧပြီလ ၁၆ ရက်နေ့ထိ ကျရောက်မည် ဖြစ်ကြောင်း  မြန်မာ ပြက္ခဒိန်များတွင် ဖော်ပြထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်