ရွေးကောက်ပွဲ ဥပဒေကို အိန္ဒိယ လွှတ်တော် အမတ်များ ရှုတ်ချ

Wednesday, 17 March 2010 19:15
Print
မြန်မာအစိုးရ၏ ရွေးကောက်ပွဲ ဥပဒေကို အိန္ဒိယ နိုင်ငံရေး သမားများက ယနေ့ ပြစ်တင် ရှုတ်ချလိုက်ပြီး ထိုဥပဒေကြောင့် မြန်မာနိုင်ငံ အတွင်း မငြိမ်မသက်မှုများ ဆက်လက် ဖြစ်ပွားလိမ့်မည်ဟု ပြောကြား လိုက်ကြသည်။

အိန္ဒိယရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုတို့က နယူးဒေလီမြို့ လွှတ်တော် အဆောက်အအုံ အနီးရှိ ဂျန်တားမန်တား ပန်းခြံတွင် နံနက် ၁၁ နာရီက ပြုလုပ်သော ရွေးကောက်ပွဲ ဥပဒေ ဆန့်ကျင်သည့် ဆန္ဒ ဖော်ထုတ်ပွဲတွင် IPFDB ခေါ် မြန်မာ့အရေး လှုပ်ရှားနေသော အိန္ဒိယ ပါလီမန် အထက် လွှတ်တော် အမတ်များ အဖွဲ့က ထိုသို့ ပြောကြား လိုက်ခြင်း ဖြစ်သည်။

“စစ်အစိုးရက ထုတ်တဲ့ ဥပဒေဟာ ဒီမိုကရေစီ နည်းလမ်း မကျဘူး။ ဒီအတိုင်းသာ ရွေးကောက်ပွဲ လုပ်ခဲ့ရင် ဘယ်လိုမှ လွတ်လပ်ပြီး တရား မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာမှာ မဟုတ်ဘူး။ ဒီအတိုင်းသာဆိုရင် မြန်မာပြည်တွင်း မငြိမ်မသက်မှုတွေ ဆက်ဖြစ်နေဦးမှာပဲ” ဟု အထက် လွှတ်တော်အမတ် ၁၀၀ ကျော် ဖြင့် ဖွဲ့စည်းထားသည့် IPFDB အဖွဲ့၏ ခေါင်းဆောင် မစ္စတာ ရှရတ်ဂျိုရှီး က ဧရာဝတီသို့ ပြောသည်။

ပါတီဝင်များသည် အကျဉ်းကျနေသူများ မဖြစ်စေရဟု အစိုးရက ရွေးကောက်ပွဲ ဥပဒေတွင် ပြဌာန်းထားခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို ရည်ရွယ်ခြင်း ဖြစ်သည်ဟု သူက ဆိုသည်။

“အကျဉ်းကျနေသူတွေ မပါရဘူး ဆိုတာဟာ ထူးဆန်းတဲ့ ကိစ္စပဲ။ ကျနော်တို့ နိုင်ငံမှာရော တခြား နိုင်ငံတွေမှာပါ ပါတီဝင်တွေ တခါတလေ ထောင်ထဲ ဝင်ကြရတဲ့ ကိစ္စတွေ ရှိခဲ့ဖူးတာပဲ။  ဒီလို ကန့်သတ်လိုက်တာကို ကြည့်ရင် ဒီရွေးကောက်ပွဲဟာ ဘယ်လိုမှ တရား မျှတမှုရှိမယ့် ရွေးကောက်ပွဲ မဖြစ်နိုင်ဘူး” ဟု သူက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေး အကျဉ်းသားများကို ချက်ခြင်း လွှတ်ပေးရန်၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ ဒီမိုကရေစီအရေး လှုပ်ရှားသူများ အားလုံးနှင့် တွေ့ဆုံ ဆွေးနွေးရန်တို့ကို IPFDB က မြန်မာအစိုးရကို တောင်းဆိုသည် ဟု သူက ပြောသည်။

သူက အိန္ဒိယ အစိုးရကိုလည်း တောင်းဆို တိုက်တွန်းမှုများ ပြုလုပ်ခဲ့သည်။ ဒီမိုကရေစီ စနစ် ကျင့်သုံးသော နိုင်ငံကြီး ဖြစ်သည့် အိန္ဒိယ အစိုးရသည် မြန်မာ စစ်အစိုးရနှင့် စီးပွားရေးအရ ပူးပေါင်း လုပ်ဆောင် ရုံသာမက မြန်မာနိုင်ငံ သားများ၏ အကျိုး စီးပွားကိုလည်း ကြည့်သင့် သည်ဟု သူက ဆိုသည်။ IPFDB အဖွဲ့၏ တောင်းဆို ချက်များကို အိန္ဒိယ ၀န်ကြီးချုပ် မာမိုဟမ်ဆင်းထံ ပေးပို့သွားမည်ဟု ဆိုသည်။

အင်အား ၂၀၀ ကျော် ပါဝင်သည့် နယူးဒေလီမြို့ ဆန္ဒပြပွဲတွင် ပါဝင်သည့် ပြည်ပရောက် စင်ပြိုင်အစိုးရ ပြန်ကြားရေး ၀န်ကြီး ဒေါက်တာ တင့်ဆွေက ရွေးကောက်ပွဲ ဥပဒေ အကြောင်းကို ပြည်သူလူထု သိရှိရေး ဆောင်ရွက်ရန် အရေးကြီးသည်ဟု ဧရာဝတီကို ပြောသည်။

“ဒီတိုင်းနေလို့ မရတော့ဘူး။ ကိုယ်မကြိုက်တာကို မဖြစ်စေဖို့ မကြိုက်တဲ့ အကြောင်းကို ပြဖို့ လူထုမှာလည်း တာဝန်ရှိတယ်၊ NLD မှာလည်း တာဝန်ရှိတယ်၊ ကျနော်တို့မှာလည်း တာဝန်ရှိတယ်” ဟု သူက ရှင်းပြသည်။