မှတ်ပုံတင်ရေး မတင်ရေး NLD တွင် သဘောထား ကွဲလွဲ

E-mail Print
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဦးအောင်ရွှေက ပါတီ မဖျက်သိမ်းရေး အတွက် ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်သင့် သည်ဟု တနင်္လာနေ့က ပြုလုပ်သည့် ဗဟိုအလုပ် အမှုဆောင် အဖွဲ့ အစည်းအဝေး၌ ပြောကြား ခဲ့ကြောင်း ခိုင်လုံသော ပါတီ သတင်း ရပ်ကွက်များမှ သိရသည်။

ဒေါ်အောင်ဆန်း စုကြည်ကို ပါတီမှ ထုတ်ပယ်ရေး သို့မဟုတ် ပါတီကို အဖျက်သိမ်း ခံရေး လမ်းတခုခုကို ရွေးရန် အခက် ကြုံနေရသော NLD အတွင်း ပါတီမှတ်ပုံ တင်ရေး၊ ရွေးကောက်ပွဲ ဝင်ရေးကိစ္စ များနှင့် ပတ်သက်၍ သဘောထား ကွဲလွဲမှုများ ပေါ်ပေါက် နေကြောင်း သိရသည်။ ရွေးကောက်ပွဲ ဥပဒေသည် အထိန်းသိမ်း ခံထားရသည့် ဒေါ်အောင်ဆန်း စုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများကို နိုင်ငံရေး ပါတီများ၌ မပါဝင်နိုင်ရန် ကန့်သတ် ထားသည်။

“ဦးအောင်ရွှေက ပါတီ မှတ်ပုံ တင်ချင်တယ်၊ ရွေးကောက်ပွဲ ဝင်ချင်တယ်လို့ ပြောတယ်။ ဒေါ်စုကတော့ ဘာမှ ဆုံးဖြတ်ချက် မပေးသေးဘူး၊ ပါတီက ဆုံးဖြတ်တာကိုပဲ နာခံသွား မယ်လို့ ပြောတယ်” ဟု  ပါတီနှင့် နီးစပ်သည့် အမည် မဖော်လိုသူ ထိပ်တန်း နိုင်ငံရေးသမားတဦးက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က ပါတီမှတ်ပုံတင်ရေး မတင်ရေး၊ ရွေးကောက်ပွဲ ဝင်ရေး မဝင်ရေးနှင့်ပတ်သက်၍ မည်သည့် ဆုံးဖြတ်ချက်မျှ ချမှတ်ထားခြင်း မရှိကြောင်း၊ မတရားသည့် ဥပဒေများကို ဥပဒေကြောင်းအရ ပြန်လည် တုံ့ပြန်ရန် နောက်ဆုံး တွေ့ခဲ့စဉ်က မှာကြားခဲ့သည်ဟု သူ၏ ရှေ့နေ ဦးဉာဏ်ဝင်းက အင်္ဂါနေ့တွင် ဧရာဝတီကို ပြောသည်။

တနင်္လာနေ့ NLD အစည်းအဝေးတွင် မှတ်ပုံတင်ရေး၊ ရွေးကောက်ပွဲဝင်ရေး တို့နှင့် ပတ်သက်၍ သဘောထား ပျော့ပြောင်းသူ အတန်အသင့် ရှိကြောင်း သိရသည်။ မှတ်ပုံ မတင်ရေးအတွက် အပြင်းအထန် ဆန့်ကျင်သူများမှာ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်များ ဖြစ်သည့် ဦးဝင်းတင်၊ ရှေ့နေ ဦးဉာဏ်ဝင်း၊ ဦးအုန်းကြိုင်နှင့် ဦးဟံသာမြင့်တို့ ဖြစ်ကြောင်း သိရသည်။

NLD ဒုဥက္ကဋ္ဌ ဦးတင်ဦးကမူ ဂုဏ်သိက္ခာရှိသည့် ပါတီတရပ်သည် ဒီမိုကရေစီ ခေါင်းဆောင်များ ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၊ မင်းကိုနိုင်၊ ကိုကိုကြီး ကဲ့သို့သောသူများကို ဖယ်ကျဉ်ထားသည့် ဥပဒေကို လက်ခံလိမ့်မည် မဟုတ်သော်လည်း မတ်လ ၂၉ ရက်နေ့တွင် စတင်မည့် ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးမှ အများသဘောတူ ဆုံးဖြတ်ချက်များကို လက်ခံသွားမည်ဟု ဧရာဝတီသို့ ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။

ထိုအစည်းအဝေးတွင် အဖွဲ့ဝင် ၂၀ ပါ ဗဟိုအလုပ်မှုဆောင် အဖွဲ့၊  တိုင်းနှင့်ပြည်နယ် အနှံ့အပြားမှ လာရောက်မည့် မကြာခင်က ဗဟိုဦးစီးအဖွဲ့ဝင်များအဖြစ် ရွေးချယ် တင်မြှောက်ခံရသည့် အဖွဲ့ဝင် ၉၀ ခန့်တို့ သည် ပါတီ မှတ်ပုံတင်ရေး မတင်ရေးကို မျက်နှာစုံညီ စည်းဝေး ဆုံးဖြတ်သွားမည် ဖြစ်သည်။

၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ရန် NLDက တောင်းဆိုခဲ့ကြောင်း၊ ပါတီမှတ်ပုံတင်ပါက NLD သည် ထို အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ရတော့မည် ဖြစ်ကြောင်း ဦးဝင်းတင်က ထောက်ပြသည်။

“အများစု မှတ်ပုံတင်ရေးအတွက် ထောက်ခံမယ်လို့ ကျနော် ထင်ပါတယ်။ အဲဒီလို ဆိုရင်တော့ ကျနော် နားတော့မယ်။ ကျနော့် ကျန်းမာရေးလည်း သိပ်ကောင်းတော့တာ မဟုတ်ဘူး” ဟု  NLD ထိပ်တန်းခေါင်းဆောင် ဦးဝင်းတင်က ပြောကြားသည်။

ရွေးကောက်ပွဲ ဝင်ရန် ဆုံးဖြတ်ခဲ့ပါက သူ့အနေဖြင့် ပါတီမှ အနားယူဖွယ် ရှိကြောင်း ဦးဝင်းတင်က ပြောသည်။ သီးခြား ပါတီ ထောင်ခြင်း၊ တခြားသော နိုင်ငံရေး အဖွဲ့များနှင့် ပူးပေါင်းခြင်း တို့ကို ပြုလုပ်မည် မဟုတ်ဘဲ နိုင်ငံရေးနှင့် ပတ်သက်၍  ဝေဖန်သွားမည်ဟု ဆိုသည်။

မှတ်ပုံတင်ရေး၊ ရွေးကောက်ပွဲဝင်ရေးကို ထောက်ခံသူ ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် ဦးခင်မောင်ဆွေက “အန်ကယ်တို့ ရပ်တည်ချက်ကတော့ ပါတီ မပျက်အောင် ဆက် ထိန်းသွားမယ်၊ ရွေးကောက်ပွဲ ဝင်တာက စစ်အစိုးရကို ခေါင်းငုံ့ခံတာ မဟုတ်ဘူး၊ မတရားတဲ့ အခြေခံ ဥပဒေကို ပြုပြင် ပြောင်းလဲဖို့ စိုက်လိုက်မတ်တတ် ကြိုးစားဖို့ သန္နိဋ္ဌာန် ချထားပါတယ်” ဟု ပြောကြားသည်။

ဦးခင်မောင်ဆွေသည် ယခင်က မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၌ ဘူမိဗေဒပညာရှင် အဖြစ် ဆောင်ရွက်ခဲ့ဖုးသည်။ ၁၉၉၀ တွင် စမ်းချောင်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရသည်။ ယင်းနောက် ထောင် ၁၄ နှစ် ကျခဲ့ပြီး ဦးဝင်းတင်နှင့် မရှေးမနှောင်း ပြန်လည် လွတ်မြောက်လာခဲ့သူ ဖြစ်သည်။

“ပြည်သူလူထုကို မစွန့်လွှတ်ချင်ဘူး၊ နှစ်ပေါင်း ၂၀ လောက် အိုးပစ်အိမ်ပစ်၊ မိသားစု အစွန့်ခံပြီး ပါတီကို ရပ်တည်လာခဲ့ကြတဲ့ အဖွဲ့ဝင်တွေကို တကွဲတပြား မဖြစ်စေချင်ဘူး” ဟု ဦးခင်မောင်ဆွေက ဆက်လက် ပြောကြားသည်။

ဦးခင်မောင်ဆွေက ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၀ ရွေးကောက်ပွဲ၌ အခြေအနေအရ မပါဝင်နိုင်ခဲ့ကြောင်း၊ ထို့အပြင် ၁၉၉၁ တွင် စစ်အစိုးရ ဖိအားပေးမှုကြောင့် ပါတီမှ ထုတ်ပယ်ခံခဲ့ရကြောင်း၊ သို့သော် NLD ပါတီသည် ဆက်လက် တည်ရှိခဲ့ပြီး ဒေါ်အောင်ဆန်း စုကြည်လည်း ခေါင်းဆောင်အဖြစ်ဆက်လက်တည်ရှိနေခဲ့ကြောင်း၊ နိုဝင်ဘာတွင် ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာလျှင် ပါတီ၌ ပြန်လည် ပါဝင်နိုင်ကြောင်း ပြောကြားသည်။

ဦးတင်ဦးက NLD သည် ၁၉၉၀ တွင် နုနယ်သည့် ပါတီတခု ဖြစ်ပြီး ယနေ့တွင် ခိုင်မာသည့် အဖွဲ့အစည်းတရပ် ဖြစ်နေကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်မှာလည်း တကမ္ဘာလုံးက သိသည့် ခေါင်းဆောင်တယောက် ဖြစ်နေပြီ ဖြစ်ကြောင်း ပြောကြားသည်။

ရခိုင်တိုင်းရင်းသား ခေါင်းဆောင် တဦး ဖြစ်သည့် ဦးအေးသာအောင်က NLD ပါတီသည် မှတ်ပုံတင်ရေးကို ဆုံးဖြတ်မည် ဆိုပါက သူ၏ ပါတီဝင်များကို ဆင့်ခေါ်ပြီး ဆွေးနွေးမည် ဖြစ်ကြောင်း ပြောဆိုသည်။

“ကျနော့် တဦးတည်း အနေနဲ့ကတော့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ မပြောင်းလဲရင် မှတ်ပုံတင်ရေး၊ ရွေးကောက်ပွဲဝင်ရေးကို စဉ်းစားမှာ မဟုတ်ဘူး၊ ဒါပေမယ့် NLD ပါတီက ဝင်ဖို့ အတွက် ဆုံးဖြတ်မယ် ဆိုရင်တော့ ကျနော့် ပါတီဝင်တွေကို ရန်ကုန်ကို ဆင့်ခေါ်ပြီး ပါတီ မှတ်ပုံတင်ရေး ဆွေးနွေးသွားမယ်” ဟု ဖျက်သိမ်းခြင်း ခံထားရသော ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဦးအေးသာအောင်က ပြောသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်