ကရင်ဒုက္ခသည် ၆၀၀ ကျော် နေရပ်ပြန်

Wednesday, 31 March 2010 18:25
Print
ထိုင်း - မြန်မာ နယ်စပ် ကရင် ဒုက္ခသည် စခန်းတခုမှ ဒုက္ခသည် ၆၀၀ ကျော် နေရပ်သို့ ယနေ့ ပြန်လည် ထွက်ခွာသွား ကြကြောင်း သိရသည်။

နေရပ် ပြန်သွားသည့် ဒုက္ခသည်များမှာ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထဆောင်ယန်း မြို့နယ်အတွင်းရှိ မဲ့အူစူစခန်းမှ ဖြစ်ကြပြီး ထိုင်း အာဏာပိုင်များ၏ ကူညီမှုဖြင့် မြန်မာပြည် ဘက်သို့ ပြန်သွားကြခြင်းဖြစ်သည်။

“သူတို့ ဆန္ဒနဲ့ သူတို့ ပြန်ကြတဲ့ သဘောပါပဲ။ တချို့ မိသားစု တွေက မြန်မာပြည် ဘက်မှာ လယ်ယာ မြေတွေ ကျန်ခဲ့တယ်။ သူတို့ အဲဒီကို ပြန်သွားလိုက် ဒီဘက် ပြန်လာလိုက် ဆိုတော့ နောက်ပိုင်း ထိုင်း အာဏာပိုင် တွေက သိပ်ပြီး မကြိုက်တော့ဘူး။ သူတို့လည်း ဘာမှ မတတ်နိုင်တော့ ပြန်သွား ကြတယ်” ဟု ဒုက္ခသည် များကို ကူညီ ဆောင်ရွက် ပေးနေသည့် စောဂျစ်ပစီက ဧရာဝတီသို့ ပြောသည်။

မြန်မာပြည် ဘက်သို့ ပြန်သွားသော ဒုက္ခသည်များ အတွက် စားနပ်ရိက္ခာ ၃ လစာကို ထိုင်း - မြန်မာ နယ်စပ် တလျှောက် ကူညီ စောင့်ရှောက်ရေး ညွန့်ပေါင်း အဖွဲ့ (TBBC) က ထောက်ပံ့ ပေးမည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

TBBC သည် ဒုက္ခသည်များကို ကူညီရန်အတွက် လူသားချင်း စာနာမှု အကူအညီများ ပေးနေသော အစိုးရမဟုတ်သည့် အဖွဲ့များ စုစည်းထားသည့် အဖွဲ့ တဖွဲ့ဖြစ်သည်။

ကရင် သတင်းစဉ်မှ အယ်ဒီတာ နန်းဖောကေကမူ “အိုးအိမ် တွေလည်း စွန့်ခွာခဲ့တာ ကြာပြီဆိုတော့ ချက်ချင်းပြန်ပြီး ရပ်တည် နိုင်ဖို့ အတွက် လုံခြုံရေးကိစ္စရှိတယ်။ အခုလက်ရှိမှာ DKBA (တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်) က အဲဒီ နယ်မြေတွေမှာ စိုးမိုးထားတာ ဆိုတော့ သူတို့က ရွာသားတွေကို စစ်သားသစ် မစုဆောင်းဘူးလို့ ပြောလို့မရဘူး။ အဲဒီအတွက် တော့ စိုးရိမ်ရတယ်” ဟု ပြောသည်။

အလားတူပင် နိုဘိုး ဒုက္ခသည် စခန်းရှိ ဒုက္ခသည်များလည်း မြန်မာဘက်သို့ ယခုတပတ်အတွင်း ပြန်ရန် စီစဉ်နေကြောင်း သိရသည်။ ယင်း စခန်းတွင် အိမ်ထောင်စု ၂၁ စုရှိပြီး လူဦးရေ ၁၀၀ ကျော် ရှိသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ လက ထိုင်းအာဏာ ပိုင်များသည် ဒုက္ခသည်များ နေရပ် ပြန်ပို့ရန် စီစဉ်ခဲ့ရာ လူ့အခွင့် အရေးအဖွဲ့ များနှင့် နိုင်ငံ တကာက ပြန်မပို့ရန် ဖိအားပေး မှုကြောင့် ယင်းအစီ အစဉ် ရပ်ဆိုင်း ခဲ့ရသည်။

ထိုင်း အစိုးရ အနေဖြင့် မြန်မာနိုင်ငံ ဘက်ခြမ်းတွင် တိုက်ပွဲ များကြောင့် ထွက်ပြေး လာသော စစ်ပြေး ကရင် ဒုက္ခသည်များကို နယ်စပ် ဖြတ်ကျော်ခွင့် ပေးထား သော်လည်း ၎င်းတိုက်ပွဲများ ရပ်ဆိုင်း သွားသည့် အချိန်တွင် ဒုက္ခသည်များကို မြန်မာနိုင်ငံ ဘက်သို့ ပြန်ခိုင်းလေ့ ရှိသည်။

ယင်း ဒုက္ခသည်များသည် ၂၀၀၉ ခုနှစ် ဇွန်လဆန်းပိုင်းမှ စ၍ ကရင်ပြည်နယ် ဘားအံခရိုင်အတွင်း မြန်မာ စစ်အစိုးရတပ်နှင့် DKBA ပူးပေါင်းတပ်များက ကရင်အမျိုးသား အစည်းအရုံး (KNU) လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ (၇) မှ တပ်စခန်းများကို ထိုးစစ်ဆင်မှုကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးလာကြသူများဖြစ်သည်။

ဒုက္ခသည် အများစုမှာ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ ကျေးရွာများမှဖြစ်ကြောင်း သိရသည်။