ဦးပိုင် ဝန်ထမ်းများ ကြိမ်ဒဏ်အပြစ်ပေး ခံနေရဆဲ

Monday, 05 April 2010 17:50
Print
ရန်ကုန်မြို့တွင်း ပြေးဆွဲသည့် ပါရမီ (အဓိပတိ) ယာဉ်လိုင်း ၀န်ထမ်းများထဲမှ စည်းကမ်း မလိုက်နာ သူများကို ကြိမ်ဒဏ်ဖြင့် ဆက်လက် အပြစ်ပေး နေကြောင်း သတင်း ရရှိသည်။

ပါရမီ ယာဉ်လိုင်း ဒါရိုက်တာ ဗိုလ်မှူးကြီး ယဉ်မောင်စိန် ရုံးတွင် ရှိသောနေ့များ၌ ၀န်ထမ်းများ ကြိမ်ဒဏ် အပြစ်ပေးလေ့ရှိသည်ဟု သိရပြီး ၎င်းအပြစ်ဒဏ်ကို လျှို့ဝှက် ပေးခြင်းဖြစ်ကြောင်း ၀န်ထမ်းများကပြောသည်။

“အရင်လိုတော့ ပေါ်ပေါ် တင်တင်ကြီး ကြိမ်ဒဏ် ရိုက်တာမျိုး မရှိတော့ဘူး။ ကားတွေမှာ ကပ်ထားတဲ့ ကြိမ်ဒဏ် အရေးယူမယ် ဆိုတဲ့ စာသား တွေလည်း ဖြုတ်လိုက်ပြီ။ ဒါပေမယ့် ၀န်ထမ်းတွေ ကြိမ်ဒဏ် အရိုက်ခံ နေရတုန်းပါပဲ” ဟု အဓိပတိ ယာဉ်မောင်း တဦးက ဆိုသည်။

ကြိမ်ဒဏ် အပြင် ဒိုက်ထိုး၊ ဖားခုန်၊ ငွေဒဏ်၊ အလုပ်လုပ်ခွင့် ယာယီ ပိတ်ပင်ခြင်း၊ ရာသက်ပန် ထုတ်ပယ်ခြင်း စသည့် ပြစ်ဒဏ် များလည်း ချမှတ် အရေးယူနေ ကြောင်းလည်း သိရသည်။

“အပြစ်ကြီးရင် အကြိမ်ရေ တော်တော် များတယ်။ ဒိုက်ထိုးရတာက အရမ်းပင်ပန်းတဲ့ ပြစ်ဒဏ်ပါ” ဟု မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်၏ လုပ်ငန်းတခု ဖြစ်သော ဗန္ဓုလ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်း ၀န်ထမ်းတဦးက ပြောသည်။

ဝန်ထမ်းများကို ကြိမ်ဒဏ် အပါအဝင် ကိုယ်ခန္ဓာ ညှင်းဆဲသည့် ပြစ်ဒဏ်များ ချမှတ်ခြင်းနှင့် ပတ်သက်၍ ဗန္ဓုလ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တဦးကို ဆက်သွယ်မေးမြန်းရာ ပြစ်ဒဏ်ချမှတ်သည့် လုပ်ငန်းများသည် ၎င်းကုမ္ပဏီ၏ ဆုပေး၊ ဒဏ်ပေး စနစ်အရ ကျင့်သုံးခြင်းဖြစ်ကြောင်း၊ အများပြည်သူကို ထိခိုက်သော လုပ်ရပ် မဟုတ်ကြောင်း ပြောဆိုသည်။

“ဒါက ကျနော်တို့ ကုမ္ပဏီနဲ့ ဆိုင်တဲ့ကိစ္စပါ။ ကျနော်တို့ဆီမှာ ဒဏ်ပေးတာ ရှိသလို၊ စံပြဆု ပေးတာတွေလည်း ရှိတယ်။ ပြည်သူကို
ထိခိုက်တာ မဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။

ပါရမီ (အဓိပတိ) အထူးယာဉ်များတွင် တနေ့တည်း ၀င်ငွေ ကျပ် ၁ သိန်း ရှာပေးနိုင်သော စံပြ ယာဉ်မောင်း လုပ်သား တဦး၏ အမည်ကို စာလုံးမည်းဖြင့် ရေးသားကာ ၀န်ထမ်းများ စံနမူနာ ယူနိုင်ရန် ကပ်ထားသည်။

အဓိပတိ ယာဉ်များတွင် ထိုင်ခုံပြည့်အပြင် မတ်တပ်ခရီးသည် တင်ဆောင်ခြင်း၊ သတ်မှတ်ဝင်ငွေ ပြည့်မီစေရန် ရှာဖွေ မပေးနိုင်ခြင်း အစရှိသည်တို့ကို စည်းကမ်းဖောက်ဖျက်သည်ဟု သတ်မှတ်ထားသည်။

ဗန္ဓုလ သယ်ယူပို့ဆောင်ရေး လုပ်ငန်းသည် အဝေးပြေး ယာဉ်လိုင်းများ မြို့တွင်းပြေးဆွဲသည့် ယာဉ်လိုင်းများ၊ ပါရမီ စင်းလုံးငှား တက္ကစီများ ပြေးဆွဲနေသည့် လုပ်ငန်းများ လုပ်ကိုင်နေပြီး အဆိုပါ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများကို တနိုင်ငံလုံး အတိုင်း အတာဖြင့် ဖြန့်ကျက် ဆောင်ရွက်နိုင်ရန် စီစဉ်နေကြောင်း သိရသည်။