ပြည်သူ့ စစ်ဖွဲ့ ရန် ဖိအားပေးမှု မွန်ပြည်သစ်ပါတီ ငြင်းဆန်

E-mail Print
စစ်အစိုးရက ပြည်သူ့ စစ်ဖွဲ့ ရန် ဖိအားပေး တောင်းဆိုမှုကို မွန်ပြည်သစ် ပါတီ (NMSP) က လက်မခံဘဲ ငြင်းပယ် လိုက်ကြောင်း ပါတီ ပြောရေး ဆိုခွင့်ရှိသူက ပြောသည်။

လွန်ခဲ့သော ၂ ရက်အတွင်း မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်တွင် အရေးပေါ် အစည်းအဝေးခေါ်ယူကာ ယခု ကဲ့သို့ ဆုံးဖြတ်ချက် ချလိုက်ကြောင်း ယနေ့ ညနေပိုင်းက ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောရေး ဆိုခွင့် ရှိသူ နိုင်ချေးမွန်က ပြောဆိုသည်။

“အမျိုးသားအခွင့်အရေး ပြဿနာကို ပြေလည်အောင် မဖြေရှင်းနိုင်ခင်စပ်ကြား တပ်ဖွဲ့ များ အသွင်ပြောင်း ဖွဲ့ စည်းရန်မှာ အခက်အခဲများစွာရှိပါတယ်၊ မွန်ပြည်သစ် တပ်ဖွဲ့ ဝင်များနဲ့ မွန်ပြည်သူများက လက်ခံလိုသော ဆန္ဒမရှိပါ၊ ဒါကြောင့် နအဖ တောင်းဆိုတဲ့ ပြည်သူ့စစ်ဖွဲ့ ရန်ဆိုသည်မှာ မဖြစ်နိုင်ဘူးဆိုတာကို မနေ့ ကပဲ အရှေ့တောင်တိုင်း စစ်ဌာနချုပ်ကို အကြောင်းပြန်ကြားလိုက်ပြီးပါပြီ”ဟု ၎င်းက ဆိုသည်။

စစ်ဖက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်က ဧပြီလ(၇)ရက်နေ့ တွင် မွန်ပြည် သစ် ပါတီမှ တာဝန်ရှိသူများနှင့် တွေ့ ဆုံစဉ် ဧပြီလ ၂၂ ရက်နေ့ နောက်ဆုံးထားပြီး နယ်ခြားစောင့်တပ် မဖွဲ့ ပါက ပြည်သူ့ စစ်ဖွဲ့ ရန်နှင့် ပတ်သက်ပြီး အကြောင်းပြန်ရန် ပြောဆိုခဲ့ခြင်းဖြစ်သည်။

ယင်းတွေ့ ဆုံပွဲသို့ NMSP ဒုဥက္ကဋ္ဌ နိုင်ရော့စ အပါအ၀င် ဗဟိုကော်မတီဝင်များလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။ NMSP အနေဖြင့် နယ်ခြားစောင့်တပ်ဖွဲ့ ဖြစ်စေ၊ ပြည်သူ့ စစ် အသွင်ကူးပြောင်းရေးကို ဖြစ်စေ ပြောင်းလဲဖွဲ့ စည်းရန် အကြိမ်ကြိမ် ငြင်းဆိုထားသည်။

“ကျနော်တို့ကို စစ်အစိုးရက ပြည်သူ့ စစ်ဖွဲ့ဖို့ အင်အားသုံး ဖိအားပေးလာရင်တော့ ကျနော်တို့ကိုယ် ကျနော် တို့ ကာကွယ်ရမှာပဲ”ဟု နိုင်ချေးမွန်ကပြောသည်။

ယခုကဲ့သို့ ငြင်းဆန်ပြီးနောက် ပြည်တွင်း၌ ဖွင့်လှစ်ထားရှိသော NMSP ရုံးများကို ပိတ်ပစ်ခြင်းနှင့် လူဦးရေ လျှော့ချ ခြင်းများကို ပြုလုပ်ခဲ့ကြောင်း၊ ပြီးခဲ့သည့် မတ်လက NMSP သည် လက်နက် စုဆောင်းရေးဌာန အပါအဝင် ဌာနတချို့ကို နေရာရွှေ့ပြောင်းခဲ့ကြောင်း သိရသည်။

“ဒုဗိုလ်ချုပ်ကြီး ရဲမြင့်က ကျနော်တို့ ကို နယ်ခြားစောင့်တပ်ဖွဲ့ မလား၊ ပြည်သူ့ စစ်ဖွဲ့ မလား၊ ဘာမှ လက်မခံ ရင်တော့ ခင်ဗျားတို့ ဟာ အပစ်အခတ် ရပ်စဲမှု မပြုလုပ်ခင် ၁၉၈၉ ခုနှစ်က အနေအထားကို ရောက်သွားမယ် လို့ ပြောခဲ့တာကြောင့် ကျနော်တို့ ဘက်ကလည်း ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ရုံးတွေမှာရှိတဲ့ လူတွေ လျှော့ချ တာတို့၊ ပိတ်တာတို့ စလုပ်နေပြီ၊ ဆက်ဆံရေး ရုံးတရုံးကိုပဲ ထားတော့မယ်”ဟု နိုင်ချေးမွန်က ဆက်ပြော သည်။

ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူတောင်ကြားလမ်းမှ NMSP ပါတီဝင်တချို့ကလည်း နယ်ခြားစောင့် တပ်ဖွဲ့ အသွင်ပြောင်းရေး အတွက် ဆွေးနွေးညှိနှိုင်းမှုပျက်ပြားပြီး စစ်ကို မရှောင်လွှဲနိုင်ပါက နေအိမ်များစွန့်ခွာ၍ တောတွင်းသို့ ပြန်ဝင်ကြရန် ခေါင်းဆောင်များက မှာကြားထားကြောင်း ပြောဆိုသည်။

NMSP ၏ တရားဝင် စာရင်းများအရ အဖွဲ့ဝင် ၃၅၀၀ ရှိသော်လည်း လက်ရှိတွင် တာဝန်ထမ်းဆောင်နေသူမှာ ၇၀၀ ခန့် သာ ရှိကြောင်း သိရသည်။

အကယ်၍ စစ်ဖြစ်ပွားရန် အကြောင်းပေါ်လာပါက တပ်ဖွဲ့ဝင်များ ပြန်လာဖွယ်ရှိကြောင်း၊ အစပိုင်းတွင်မှု အခက်အခဲ ရှိမည်ဖြစ်ကြောင်း NMSP အတွင်းရေးမှူး နိုင်ဟံသာက ဧရာဝတီသို့ မကြာသေးခင်က ပြော ဆိုထားသည်။

သို့သော် အပစ်ရပ်ထားသည့် ဆယ်စုနှစ်တခုကျော်ကြာအတွင်း မြို့ပေါ်၌ စီးပွားရေးလုပ်ငန်းများနှင့် အခြေကျနေသည့် ပါတီ အဖွဲ့ဝင်များအဖို့ လက်ရှိအခြေအနေကို စွန့်လွှတ်၍ NMSP နှင့် တောတွင်းသို့ လိုက်ပါပူးပေါင်းရန် အခက်အခဲရှိမည်ဟု မွန် နိုင်ငံရေး လေ့လာအကဲခတ်သူများက ဆိုသည်။

NMSP ဗဟိုအလုပ်အမှုဆောင်ဟောင်း နိုင်တင်အောင်ကမူ မြန်မာစစ်တပ်အနေဖြင့် ၎င်းတို့ကို တိုက်ခိုက်လိမ့် မည်ဟု မထင်ကြောင်း ပြောဆိုဖူးသည်။

ယမန်နှစ်က နယ်ခြားစောင့်တပ် ဖွဲ့ရန် NMSP က ငြင်းဆန်ပြီးနောက် စစ်အစိုးရနှင့် ဆက်ဆံရေး တင်းမာခဲ့သည်။

အကယ်၍ တိုက်ပွဲ ပြန်ဖြစ်ခဲ့လျှင် ပြောက်ကျား နည်းဖြင့် ပြန်လည် ခုခံမည် ဖြစ်ကြောင်းလည်း NMSP ခေါင်းဆောင် များက ပြောဆိုထားသည်။

အပစ်အခတ်မရပ်စဲခင်က မွန်ဒေသတွင် စစ်အစိုးရ တပ်ရင်း ၁၀ ရင်းသာ တပ်စွဲထားခဲ့သော်လည်း ၁၅ နှစ်ကြာ ကာလအတွင်း တပ်စွဲထားသည့် တပ်ရင်း ၃၀ ခန့် ရှိကြောင်း သိရသည်။

မွန်ပြည်သစ် ပါတီသည် စစ်အစိုးရနှင့် ၁၉၉၅ ခုနှစ်က အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အပစ်ရပ်အဖွဲ့များအနေနှင့် ဧပြီ ၂၈ ရက်နေ့ မတိုင်မီ နယ်ခြားစောင့်တပ် အသွင် မပြောင်းပါက စစ်အစိုးက မတရားအသင်း အဖြစ် ကြေညာမည်ဟု သတင်းများလည်း ထွက်ပေါ်နေသည်။

စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ပေါင်း ၁၇ ဖွဲ့ရှိသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်