မြန်မာ့ရိုးရာ စက္ကူအရုပ်များ ပြည်ပ ဈေးကွက်ဝင်

Saturday, 24 April 2010 15:05
Print
မြန်မာ့ရိုးရာ ကစားစရာ စက္ကူအရုပ် ကလေးများကို မြန်မာ ကလေးငယ်များ စိတ်ဝင်စားမှု နည်းပါးလာ သော်လည်း နိုင်ငံခြား တိုင်းပြည်များမှ ဈေးကွက်တင် ရောင်းချရန်နှင့် ၎င်းတို့၏ ကာတွန်း ဇာတ်ကောင်များကို စက္ကူရုပ်များ အဖြစ် ပြန်လည်ဖန်တီးရန် စိတ်ဝင်တစား ၀ယ်ယူလာကြကြောင်း သိရသည်။

အဆိုပါ စက္ကူရုပ်များကို ပြင်သစ်နှင့်နီပေါနိုင်ငံများမှ မှာယူခြင်းဖြစ်ကြောင်း လုပ်ငန်းသမားများက ပြောဆိုသည်။

toys“ကျမတို့ဆီမှာရှိပြီးသား ကျား၊ ဆင်၊ မြင်း၊ သစ်ကုလားအုပ်၊ နွားရုပ်တွေ အပြင် ပြင်သစ်မှာရှိတဲ့ ကာတွန်းဇာတ်ကောင် လူရုပ် ကလေးကို စာအုပ်ပြပြီးလုပ်ခိုင်းတယ်။ အဓိက ကတော့ ဒီက ရိုးရာလက်မှုဆေးခြယ်တာတွေကို သဘောကျလို့ ၀ယ်ကြတာပါ" ဟု ရန်ကုန်မြို့ရှိ လမင်း စက္ကူရုပ်လုပ်ငန်းမှ ဒေါ်သန်းသန်းနုက ဧရာဝတီကိုပြောသည်။

စက္ကူရုပ်များမှာ အရည်အသွေးနှင့် အရွယ်အစားအလိုက် ကျပ် ၂၀၀ တန်မှ ကျပ် ၁၀၀၀၀ ၀န်းကျင်အထိ ရှိကြောင်း သိရသည်။

အဆိုပါ ပြင်သစ်နိုင်ငံနှင့် နီပေါနိုင်ငံတို့မှ မြန်မာမှုအရုပ်များကို ဆိုင်ဖွင့်ကာ ပြန်လည်ရောင်းချနိုင်ရန်အတွက် မှာယူခြင်းဖြစ်ပြီး ပြင်သစ်နိုင်ငံမှ တခါဝယ်ယူလျှင် အရုပ် ၅၀ နီးပါးခန့်ဝယ်ယူကြောင်းသိရသည်။

“ပြင်သစ်မှာ ပွဲတွေဘာတွေ ရှိတဲ့အချိန်ဆိုရင် ကျနော်တို့ဆီမှာရှိတဲ့ နဂိုအရုပ်အရောင်ကို သူတို့ကြိုက်တဲ့ အရောင် ပြောင်းပြီး လုပ်ပေးရတာတွေလည်းရှိတယ်။ သူတို့ဆီက ပွဲကလည်း တနှစ်ကို ၇ ပွဲ ၈ ပွဲလောက်ရှိတယ်"ဟု လမင်း စက္ကူရုပ်လုပ်ငန်းမှ အရုပ်လုပ်သူ ကိုညီညီအောင်က ဆိုသည်။

ယင်း စက္ကူ အရုပ်များကို လတ်တလောတွင် ပြင်သစ်နိုင်ငံမှအများဆုံး ၀ယ်ယူနေကြောင်း ၎င်းကဆက်ပြောသည်။

စက္ကူရုပ်များကို  ပြင်သစ်နှင့်နီပေါနိုင်ငံများ အပြင် ဂျာမနီနှင့် ဂျပန်နိုင်ငံတို့ကလည်း စိတ်ဝင်စားကြကြောင်း သိရသည်။

“သူတို့မှာက ဒီလိုစက္ကူနဲ့လုပ်ထားတာ မရှိဘူးဆိုတော့ အဆန်းတကြယ်နဲ့ဝယ်ကြတယ်။ တိရစ္ဆာန် အရုပ်တွေမှာဆိုရင် ကလေး တက်စီးလို့ရတဲ့ အရွယ်အစားအထိရှိတော့ ဂျာမနီတို့ ပြင်သစ်တို့ဆိုရင် သူတို့ကလေးတွေ စီးလို့ရအောင် အကြီးတွေ ၀ယ်ကြတယ်" ဟု ရန်ကုန်မြို့ ရွှေတိဂုံဘုရား တောင်ဘက်စောင်းတန်းရှိ ရွှေယမင်း စက္ကူရုပ်ရောင်းဝယ်ရေးမှ တာဝန်ရှိသူတဦးက ဆိုသည်။

မြန်မာနိုင်ငံ အနေဖြင့် ၎င်းအရုပ်များမှာ ယခင်က မြန်မာ့ရိုးရာအရုပ်ဈေးကွက်တွင် ကလေးများအကြိုက် အရုပ်များဖြစ်ခဲ့သော်လည်း ယခုအခါ တရုတ်နှင့် ထိုင်းဘက်မှ ၀င်ရောက်လာသော အရုပ်များက ပိုမိုနေရာယူလာနိုင်သောကြောင့် ဈေးကွက် မထိုးဖောက် နိုင်တော့ဘဲ ကျေးလက်ရှိကလေးငယ်များနှင့် နိုင်ငံခြားသားများကိုသာ အားထားရောင်းချလာရကြောင်း သိရသည်။

"ရန်ကုန်အနေနဲ့ အရင်တုန်းကထက်ရောင်းအား ကျသွားပါပြီ။ နယ်ကို အဓိကထားရောင်းရတာပေါ့။ ဥပမာ မွန်ပြည်နယ်တို့ တနသာင်္ရီတိုင်း တို့ကဆိုရင် ကြိုက်ကြတယ်။ ခရီးသွား ရာသီဆိုရင်တော့ နိုင်ငံခြားသားတွေပေါ့"ဟု ရွှေယမင်း စက္ကူရုပ် ရောင်းဝယ်ရေး တာဝန်ရှိသူက ဆက်ပြောသည်။

မြန်မာနိုင်ငံအထက်ပိုင်းအနေဖြင့် အဆိုပါ စက္ကူရုပ်လုပ်ငန်းကို စစ်ကိုင်းမြို့ ငါးထပ်ကြီးဘုရားအနီး၌ မိရိုးဖလာ လုပ်ငန်းတခု အနေဖြင့် လုပ်ကိုင်ခြင်း ဖြစ်သည်။

လက်ရှိတွင် ကစားစရာ အရုပ်များကို စိတ်ဝင်စားမှုနည်းပါးလာကာ အိမ်တွင် အလှဆင် ထားရှိရန် ၀ယ်ယူကြသည့် ဇီးကွက်ရုပ်နှင့် ပစ်တိုင်းထောင် အရုပ်များသာ ဆက်လက်လုပ်ကိုင် နေကြကြောင်း ဒေသခံများက ပြောသည်။

ဇီးကွက်ရုပ်နှင့် ပစ်တိုင်းထောင်အရုပ်များမှာ အိမ်တွင် အလှထားနိုင်သော အရုပ်များဖြစ်သည့်အပြင် မြန်မာတို့၏ လာဘ်ကောင်များ အဖြစ် ယူဆခြင်းကြောင့် အိမ်တိုင်းလိုလိုတွင် တွေ့ရှိရတတ်သော်လည်း အခြားသော ဆင်၊ မြင်း၊ နွား၊ ကျွဲ စသည့် တိရစ္ဆာန် အရုပ် များ အနေဖြင့် ပြည်တွင်းအတွက်ထုတ်လုပ်ရာတွင် ခိုင်ခန့်မှုအားနည်းခြင်း၊ အရုပ်တွင် အသုံးပြုသော စက္ကူနှင့် အ၀တ်စများမှာ သန့်ရှင်းမှု မရှိခြင်း စသည့်အားနည်းချက်များကြောင့်လည်း စိတ်ဝင်စားမှုနည်းပါလားခြင်းဖြစ်ကြောင်းသိရသည်။

“လုပ်တဲ့သူတွေက ရှေးရိုးလိုက်ပြီး ရှေးကအတိုင်းလုပ်တာက ဆိုးတယ်။ ဥပမာ- ဇီးကွက်ရုပ်က အိမ်လည်းရောက်ရော စက္ကူက ကွာသွားတာတို့။ရေထိသွားရင် သုတ်ထားတဲ့ဆေးက ကျွတ်ကုန်တာတို့။ဒါကြောင့် ခိုင်ခန့်မှုအတွက် အရည်အသွေး ကောင်းဖို့ လိုတာပေါ့၊ အဲ့ဒီလို အားနည်းချက်တွေရှိလာတော့ စိတ်ဝင်စားမှုအတိုင်းအတာကလည်း နည်းလာတာပေါ့"ဟု မန္တလေးမြို့မှ စာနယ်ဇင်းသမား တဦးကဆိုသည်။

ထိုကဲ့သို့ အနောက်နိုင်ငံများတွင် ကလေးများ၏ ကာတွန်းဇာတ်ကောင်များ ရှိသကဲ့သို့ ပစ်တိုင်းထောင်၊ဖိုးဝရုပ်၊ ဇော်ဂျီ စသည် တို့သည်လည်း မြန်မာကလေးတို့၏ ဇာတ်ကောင်များဖြစ်သောကြောင့် အဆိုပါဇာတ်ကောင်စရိုက်အတိုင်း အရည်အသွေးမီမီ ဖြင့် နိုင်ငံတကာသို့ ဖြန့်ချိထိုးဖောက်သင့်ကြောင်း ၎င်းကပြောသည်။

“ကျနော်တို့ငယ်ငယ်တုန်းက ဖိုးဝရုပ်တို့ ပစ်တိုင်းထောင်တို့ဆိုတာ ဇာတ်ကောင်တွေပဲ။ အခု အဲ့ဒီဇာတ်ကောင်တွေအစား စူပါမင်း တို့ စပိုက်ဒါမန်းတို့ ဒါတွေဖြစ်ကုန်ပြီလေ။ သူတို့ခေါင်းထဲမှာ ဒါဟာ တို့မြန်မာတွေရဲ့ ဇာတ်ကောင် အရုပ်ကလေး တွေပါလား ဆိုတာမျိုးကို လုံးဝမသိတော့ဘူး"ဟုလည်း သူကဆက်ပြောသည်။

အဆိုပါ  စက္ကူရုပ်လုပ်ငန်းများမှာ လွန်ခဲ့သော နှစ်ပေါင်းငါးဆယ်ခန့်ကတည်းက တွင်ကျယ်လာခဲ့သော ကျေးလက်ရိုးရာ လုပ်ငန်းတခုဖြစ်ကြောင်း သိရသည်။