ပါတီ ၅ ခု စစ်အစိုးရ တည်ထောင်ခွင့်ပြု

Saturday, 24 April 2010 18:21
Print
စစ်အစိုးရကို ထောက်ခံသည့် ပါတီများကို ရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီ တည်ထောင်ခွင့်ပြုခြင်း ဖြစ်ကြောင်း နိုင်ငံရေး လေ့လာသူများက ဆိုသည်။

ဝံသာနု NLD(ပြည်ထောင်စု မြန်မာနိုင်ငံ)၊ ပအိုဝ်း အမျိုးသား အဖွဲ့ချုပ်(PNO)၊ တအောင်း(ပလောင်) အမျိုးသားပါတီတို့ကို နိုင်ငံရေး ပါတီ ထူထောင်ခွင့် ပြုရန် ရွေးကောက်ပွဲ ကော်မရှင်က ယမန်နေ့က ခွင်ြ့ပုလိုက်သည်။

ဦးအေးလွင်၏ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ် နှင့် ဦးရဲထွန်း၏ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ)တို့ကို နိုင်ငံရေးပါတီ တည်ထောင်ခွင့် ပြုကြောင်း ဧပြီ ၂၂ ရက်နေ့တွင် ကော်မရှင်က ကြေညာသည်။

ယင်းအတွက် နိုင်ငံရေးပါတီ တည်ထောင်ခွင့် ရရှိသော ပါတီမှာ ယခုအခါ ၅ ခုရှိပြီဖြစ်သည်။

ရခိုင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဦးအေးသာအောင်က"အခု ပါတီတွေက အစိုးရကို ထောက်ခံမယ့် ပါတီတွေဆိုတာ ထင်ရှားပါတယ်၊ တိုင်းရင်းသား ပါတီတွေကတော့ လူနည်းစု ပါတီလေးတွေ ဆိုတော့ ခွင့်ပြုတယ်လေ”ဟု ဆိုသည်။

ရန်ကုန်အခြေစိုက် ၀ါရင့် နိုင်ငံရေး သမား သခင်ချန်ထွန်းက "အစိုးရက သတ်မှတ်ပေးတဲ့ စည်းကမ်းတွေနဲ့ အညီ ဖွဲ့စည်းမယ့် ပါတီတွေ နောက်ပေါ်လာဦးမယ် ထင်ပါတယ်၊ သူတို့ သတ်မှတ်ထားတဲ့ စည်းကမ်းနဲ့ ညီဖို့လိုတာပေါ့၊ ပါတီတွေ အများကြီး ဖွဲ့ရင် အစိုးရကို အထောက်အကူပြုတဲ့ သဘောမျိုး အစိုးရကတော့ မြင်မှာပေါ့” ဟု ဆိုသည်။

ဝံသာနု NLD (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီသည် မန္တလေးတိုင်း အတွင်းရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ပါတီမှ အကြောင်း အမျိုးမျိုးဖြင့် နုတ်ထွက်သူများဖြင့်  စုစည်းတည်ထောင်ထားသော ပါတီဖြစ်သည်။ပါတီ ဌာနချုပ်ကို နန်းဦးလွင် ရပ်ကွက်၊ ပုသိမ်ကြီးမြို့နယ်၊  မန္တလေးတိုင်းတွင် အခြေစိုက်ဖွင့်လှစ်မည်ဖြစ်သည်။

ဝံသာနုNLD(ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီသည် မန္တလေးတိုင်းတွင် အဓိကထား ယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်း၊ ပါတီ ခေါင်းဆောင်နှင့် အလံများကို မသတ်မှတ် ရသေးကြောင်း၊ ယခုလက်ရှိတွင် ဗဟိုအလုပ်အမှုဆောင် ၅ ဦးက ခေါင်းဆောင် တာဝန်ကို အလှည့်ကျ တာဝန်ယူဆောင်ရွက်နေကြောင်း လက်ရှိပါတီ ခေါင်းဆောင် ဦးရဲမင်းက ဆိုသည်။

“ကျနော်တို့ ပါတီခေါင်းဆောင် ရွေးမယ်၊ အလုပ်အမှုဆောင် ဖွဲ့မယ်၊ ဒါကို ကော်မရှင်ကို ထပ်တင်ပြီးတော့ ခွင့်ပြုချက်ရပြီ ဆိုမှ စည်းရုံးရေး ဆင်းမှာပါ”ဟု ဦးရဲမင်းက ပြောသည်။

ပါတီတည်ထောင်ရန် ခွင့်ပြုချက်ရရှိထားသော ပါတီများအနက် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ် ခေါင်းဆောင် ဦးအေးလွင်သည် စစ်အစိုးရ အာဏာပိုင်များနှင့် ရင်းနှီးသည့် ဆက်ဆံရေး ရှိပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်၊ ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းတို့နှင့်လည်း တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သေးကြောင်း သိရသည်။

သူ၏ ညီဖြစ်သူ ဦးရဲထွန်းက ၈၈ မျိုးဆက် ကျောင်းသား လူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) တွင် ဥက္ကဋ္ဌ အဖြစ် တာဝန် ယူထားသည်။ 

၈၈ မျိုးဆက်ကျောင်းသား လူငယ်များ ဟု အမည်ပေးထားသော်လည်း ထိုအဖွဲ့သည် အကျဉ်းကျခံနေရသော ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် မင်းကိုနိုင်၊ ကိုကိုကြီးတို့၏ အင်အားစုနှင့် သဘောထား တူညီခြင်း မရှိပေ။
ဦးအောင်ခမ်းထီ ခေါင်းဆောင်သည့် ပအိုဝ်း အမျိုးသား အဖွဲ့ချုပ်(PNO) သည် ၁၉၉၁ ခုနှစ် ဧပြီလတွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ပြုလုပ်ခဲ့ပြီး ၁၉၉၃ တွင် အမျိုးသားညီလာခံသို့ တက်ရောက်ခဲ့သည်။

အပစ်အခတ်ရပ်စဲပြီးနောက် PNOသည် ရှမ်းပြည်တောင်ပိုင်း အထူးဒေသ ၆ ကိုထိန်းချုပ်ထားသည်။ စစ်အစိုးရက PNOကို စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ခွင့် ပေးခဲ့သည်။ ယင်းနောက် PNOသည် Jade Dragon ကျောက်မျက်ရတနာ ကုမ္ပဏီကို ထူထောင်ခဲ့ပြီး ဦးနေ၀င်းထွန်းကို စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရန် တာဝန်ပေး ခဲ့သည်။

ရှမ်းပြည်နယ် မိုင်းရှုး၊ ကချင်ပြည်နယ် ဖားကန့်၊ တောမှော်၊ စစ်ကိုင်းတိုင်း ကောလင်း၊ မန္တလေးတိုင်း မိုးကုတ်တို့တွင် ကျောက်မျက် ရတနာနှင့် ရွှေတူးဖော်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိသည်။

၂၀၀၀ ပြည့်နှစ်နောက်ပိုင်းတွင် ၎င်းတို့ ရှာဖွေတွေ့ရှိခဲ့သည့် တန်ချိန် ၃၀၀၀ ရှိ ကျောက်စိမ်းတုံးကြီးကို စစ်အစိုးရအား လှူဒါန်းခဲ့ သည်။

၁၉၉၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသည့်  လားဟူ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီသည်လည်း ရွေးကောက်ပွဲ ကော်မရှင်ထံသို့ ပါတီဆက်လက်တည်ထောင်ခွင့်ပြုရန် လျှောက်ထားခဲ့ကြောင်း အစိုးရပိုင် သတင်းစာများက ဆိုသည်။

လားဟူ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီသည် တည်ဆဲ ပါတီဟောင်း ၁၀ ခုအနက် ရွေးကောက်ပွဲ ကော်မရှင်ထံသို့ ပြန်လည် မှတ်ပုံတင်သော ၄ ခုမြောက်ပါတီ ဖြစ်သည်။

ဖလုံ- စဝေါ် ဒီမိုကရက်တစ်ပါတီ၊ ရှမ်းပြည်နယ်မြောက်ပိုင်း တိုးတက်ရေးပါတီ၊ ချင်းတိုးတက်ရေးပါတီတို့ သည်လည်း နိုင်ငံရေး ပါတီတည်ထောင်ခွင့်ပြုရန် လျှောက်ထားခဲ့သဖြင့် ရွေးကောက်ပွဲ ကော်မရှင်ထံသို့ လျှောက်ထားသည့် ပါတီမှာ၂၃ ပါတီ ရှိပြီဖြစ် သည်။