မြန်မာ့ရေတပ် အဓမ္မ စီးပွားရှာ

E-mail Print
မြန်မာနိုင်ငံ တောင်ပိုင်း မြိတ်မြို့ရှိ ငါးဖမ်းစက်လှေ များထံမှ မြိတ်အခြေစိုက် တနင်္သာရီ ရေတပ်စခန်း ဌာနချုပ် အရာရှိများနှင့် တပ်သားများက စက်သုံးဆီ ဒီဇယ်များကို အဓမ္မ တောင်းယူ စီးပွားရှာ နေကြောင်း သိရသည်။

ဒေသခံ ပြည်သူများ၏ ပြောဆိုချက်အရ လှေငယ်လျှင် ဒီဇယ် ၅ ဂါလံမှ ၂၀ ဂါလံ အထိ တောင်းခံပြီး ၀ါလတ် စက်လှေ ကြီးများထံမှ ဆီတပီပါ (ဂါလန် ၅၀)၊ ၀ါတန် စက်လှေ ကြီးများထံမှ ဆီ ၂ ပီပါ (ဂါလန် ၁၀၀) အထိ တောင်းယူ နေကြောင်း ငါးဖမ်း စက်လှေ သမားများက ပြောသည်။

ရေတပ် အရာရှိနှင့် တပ်သားများသည် ငါးဖမ်း စက်လှေကို မြင်သည်နှင့် တာဝန်ကျရာ ကျွန်းမှ စက်လှေနှင့် ရောက်ရှိလာကာ ဒီဇယ်များကို တောင်းခံပြီး ပြန်လည် ရောင်းစား ကြကြောင်း၊ ဒီဇယ် မပေးပါက ငါးပုံးထဲမှ ဈေးကောင်းသည့် ငါးများကို နှိုက်ယူသွား ကြကြောင်း ငါးဖမ်း စက်လှေဖြင့် အသက် မွေးနေသူ မြိတ်မြို့သား တဦးက ပြောသည်။

“ဘယ်ငါး ဈေးကောင်းတယ် ဆိုတာကို သူတို့က သိတယ်လေ။ ကတ်ကူရံ ငါးဆို တကီလိုကို သောင်းချီ ရနေတာ။ မပေးရင် တခါတလေ လူကိုပါ ပြဿနာရှာတယ်၊ ရိုက်သွားတာမျိုးတွေ၊ ခြိမ်းခြောက်တာ မျိုးတွေရှိတယ်။ မြိတ်ဘက်ကိုရောက်လာတဲ့ ရေတပ်စစ်သားတွေက ကြမ်းတယ်” ဟု သူက ဆိုသည်။

အမှတ် ၄၉ ရေတပ်ကို မလိကျွန်းတွင် ရှေ့တန်းအဖြစ် စခန်းချထားပြီး အနီးပတ်ဝန်းကျင်ဖြစ်သော သင်္ကန်းအော်၊ မွန်တုံးကြီး၊ လင်းလွန်း၊ ကန်မွန် အစရှိသည့် ရွာများတွင်လည်း ရှေ့တန်းရေတပ်စခန်းများ ချထားကာ အဆိုပါ  ရွာများ အနားသို့ကပ်လာသော ငါးဖမ်းလှေများကို မြင်လျှင် နောက်မှလိုက်၍ စက်သုံးဆီ တောင်းကြသည်ဟု ဒေသခံများက ပြောပြသည်။

ပုဂ္ဂလိက ငါးဖမ်းစက်လှေများထံမှ တောင်းယူပြီးသော စက်သုံးဆီများကို မြိတ်မြို့တွင်းရှိ လုပ်ငန်းရှင် များထံ ပြန်လည် ရောင်းချလေ့ရှိကြောင်းလည်း သိရသည်။

မြိတ်မြို့အခြေစိုက် လုပ်ငန်းရှင်များနှင့် ရေတပ်သားများသည် စီးပွားရေးအရ ဆက်ဆံမှုများရှိနေပြီး ငါးဖမ်း စက်လှေများကို ဆီလိုက်လံတောင်းခံရန် စက်လှေများကိုလည်း အဆိုပါ လုပ်ငန်းရှင်များထံမှ တလ ကျပ် ၅ သိန်းဖြင့် ငှားသုံးကြကြောင်း ငါးဖမ်း လုပ်ငန်းရှင် တဦးကပြောသည်။

“မြိတ် ရေတပ်စခန်းမှာ ၆ လတခါလောက် ဗိုလ်တွေ အလှည့်ကျ ပြောင်းကြတယ်။ ဗိုလ်တစ်ဗိုလ် ပြောင်းတိုင်း မြိတ်ကနေ ကျပ် သိန်းတထောင်လောက် လုပ်ကျွေးလိုက်တယ်လေ။ လက်အောက် ငယ်သား လိုက်တောင်း ပေးတဲ့ စစ်သားတွေကို ရှင်းပြီးတာတောင် အဲဒီလောက် ကျန်တယ်ဗျာ” ဟု သူကဆိုသည်။

မြိတ်မြို့ဒေသခံများ၏ အဆိုအရ မြိတ်မြို့တဘက်ရှိ ဇလိုင်ကျွန်းတွင် ရေတပ်အမြောက်တပ် တပ်ခွဲရှိပြီး  ရေရေရာရာ အလုပ်မရှိသော ထိုအမြောက်တပ် တပ်သားများသည် လှေငှားသုံးကာ ဆီတောင်းခံခြင်းတွင် အကြမ်းဆုံးဟုသိရသည်။

“ဆီမပေးလို့ကတော့ တန်ဖိုးရှိတာအကုန်သိမ်းတယ်။ ကင်းမွန်ဖမ်းတဲ့ စက်လှေဆို အနည်းဆုံး ဂါလံ ၈၀ ပေးရတယ်၊ မပေးချင်ရင် သူတို့ကိုမြင်တာနဲ့ လွတ်အောင်ပြေးရတယ်။ အခုနောက်ပိုင်းတော့ လှေငယ်တွေထက် ကင်းမွန် စက်လှေကြီးတွေကို တောင်းတာပိုများတယ်” ဟု စက်လှေ ရေလုပ်သား တဦးက ဆိုသည်။

မြိတ်မြို့သည် ရေလုပ်ငန်းအဓိကကျသော ဒေသဖြစ်ပြီး နိုင်ငံခြားသို့ ရေထွက်ပစ္စည်းအများဆုံး တင်ပို့ရာ နေရာလည်းဖြစ်သည်။

ထိုဒေသရှိ ဒေသခံအများစုမှာ ရေလုပ်ငန်းဖြင့် အသက်မွေးကြပြီး ငါးဖမ်းစက်လှေငယ်များ ပိုင်ဆိုင်ကြသည်။ အစဉ်အဆက် ရေလုပ်ငန်းဖြင့် အသက်မွေးနေသူများလည်းဖြစ်သောကြောင့် ငါးဖမ်းစက်လှေ အများစုမှာ လုပ်ငန်း မထိခိုက်စေရေးအတွက် မြိတ်ရေတပ်မှ တောင်းဆိုသမျှကို လိုက်လျောရသည်ဟု သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်