မဲဆောက်မှ ပြန်သွားသည့် သံဃာတော်တပါး အဖမ်းခံရ

Wednesday, 09 June 2010 14:15
Print
ထိုင်း - မြန်မာ နယ်စပ် မဲဆောက်မြို့မှ မြန်မာ ပြည်တွင်း ပြန်သွားခဲ့သော အရှင် ဦးတိလောကကို ကရင်ပြည်နယ် မြ၀တီမြို့ နယ်စပ် စစ်ဆေးရေး ဂိတ်တွင် အစိုးရ အာဏာပိုင်များက ယခင်တပတ် ဗုဒ္ဓဟူးနေ့က ဖမ်းဆီးလိုက်သည်။

အရှင် ဦးတိလောက ထံတွင် “မြန်မာပြည် ငြိမ်းချမ်းပါစေ” ဟူသော စတစ်ကာများ တွေ့ရှိသဖြင့် မြ၀တီမြို့ စစ်ဆေးရေးဂိတ် အစိုးရ အာဏာပိုင်များက ဖမ်းဆီးခဲ့သည်ဟု မဲဆောက်မြို့တွင် သီတင်းသုံးနေသော ဦးဣဿရိယက ဧရာဝတီသို့ ပြောသည်။

ဦးတိလောကသည် မဲဆောက်မြို့တွင် တလခန့် အကြာ နေထိုင် သီတင်းသုံးခဲ့ပြီး မြန်မာပြည် ဘက်သို့ အပြန် ယခုကဲ့သို့ အဖမ်းခံရခြင်း ဖြစ်သည်။

ဦးတိလောကကို ဘားအံမြို့နယ် ရဲစခန်းတွင် ထိန်းသိမ်း ထားကြောင်း ကြားသိရသည်ဟု ဦးဣဿရိယက ပြောသည်။ ဦးတိလောကသည် သက်တော် ၂၇ နှစ် ရှိပြီဖြစ်ပြီး ဧရာဝတီတိုင်း၊ ကျိုက်လတ် မြို့နယ် ဇာတိ ဖြစ်ကြောင်း သိရသည်။

၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး အပြီးတွင် စစ်အစိုးရက သံဃာတော်များ အပေါ် ပိုမို တင်းကျပ်မှုများ ပြုလာခဲ့ပြီး ပြည်ပ ထွက်ခွာမည့် သံဃာများ ကိုလည်း အထူးသတိပြု စိစစ်မှုများ ပြုလုပ်ခဲ့သည်။

ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (AAPP) ၏ သတင်း ထုတ်ပြန် ထားချက်အရ  မြန်မာနိုင်ငံ အတွင်းရှိ အကျဉ်းထောင် အသီးသီးတွင် သံဃာတော် ၂၅၀ ကျော် ထိန်းသိမ်း ခံထားရဆဲ ဖြစ်ကြောင်း သိရသည်။