လွန်ခဲ့သည့် စနေနှင့် တနင်္ဂနွေနေ့များအတွင်း ရန်ကုန်မြို့တွင် မိုးများဆက်တိုက်ရွာသွန်းခဲ့ပြီး မုန်တိုင်းတိုက်ခိုက်မည် ဟူသည့်သတင်းများကြောင့် မြို့နေလူထု အထိတ်တလန့်ဖြစ်ခဲ့ရ
သည်ဟု ရန်ကုန်မြို့ခံများက ပြောသည်။
ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ အိမ်ရှင်မတဦးက “လွန်ခဲ့တဲ့နှစ်ရက်လောက်က မိုးကလည်း အရမ်းကြီးတော့ အတော် လေးလန့်ကြတာပေါ့၊ တခါဖြစ်ဖူးပြီးပြီဆိုတော့ ကြောက်တာမှ ဒီကလူတွေ နေစရာကိုမရှိတာ။ အခုတော့ အေးချမ်းသွား ပြီပေါ့” ဟု ဧရာဝတီကို ပြောသည်။
“မနေ့ကဆို ကျမကလေးကို ကျောင်းတောင်မလွှတ်ဘူး။ ပြီးခဲ့တဲ့ရက်တွေက ၃၆ နာရီအတွင်းတို့၊ ၂၄ နာရီအတွင်းတို့ ပြင်းပြင်းထန်ထန်တိုက်ခတ်မယ်လို့ သတင်းစာကရေးထားလို့။ မုန်တိုင်းတိုက်မယ်လို့တော့ မရေးဘူးပေါ့” ဟုလည်း အဆိုပါအိမ်ရှင်မက ဆက်ပြောသည်။
ယမန်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ၏ မိုးလေဝသခန်မှန်းချက်တွင် မြန်မာ့ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်တို့တွင် တခါတရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင် မြေပြင်လေသည် တနာရီ မိုင် ၄၀ အထိ တိုက်ခတ်နိုင်သည်ဟု ဖော်ပြထားသည်။
လွန်ခဲ့သည့် မေလ ၂ ရက်နှင့် ၃ ရက်နေ့များက ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသတို့ကို ဖြတ်သန်း တိုက်ခတ်ခဲ့သည့် နာဂစ် ဆိုင်ကလုန်းမုန်တိုင်းကြောင့် သေဆုံးသူပေါင်း ၁သိန်း ၃ သောင်း ၄ ထောင် ခန့်ရှိမည်ဟု ကမ္ဘာ့ကုလသမဂ္ဂကခန့်မှန်းထားပြီး စစ်အစိုးရကမူ သေဆုံးသူ ၇ သောင်း ၈ ထောင် နှင့် ပျောက်ဆုံးသူ ၅ သောင်း ၆ ထောင်ကျော်ရှိသည်ဟု ကြေညာခဲ့သည်။
အဆိုပါ အဖြစ်ဆိုးများကြောင့် ယခုအခါ နာဂစ်ဖြတ်သန်းခဲ့ရာလမ်းကြောင်းတလျှောက် နေထိုင်သူများသည် မိုးသည်းထန် သည့်အချိန်နှင့် ကောင်းကင်၌ မိုးအုံ့သည့်အခါများတွင် မထင်မှတ်သည့်အရပ်မှ အန္တရာယ်တစုံတရာ ထွက်လာတော့ မယောင် စိုးရိမ်နေကြခြင်းဖြစ်သည်။
ရန်ကုန်ရှိ လုပ်ငန်းရှင်တဦးက “တနင်္ဂနွေနေ့က လမ်းပေါ်မှာကားတွေတောင်မရှိဘူး၊ ရှင်းနေတာ … နာဂစ်တုန်းက မိုးလေဝသက စိုးရိမ်စရာမရှိဘူးကြေညာပြီး တကယ်ဝင်လာတော့ အများကြီးသေကုန်တော့ အားလုံးက လန့်နေကြတာပေါ့” ဟု ပြောသည်။
“လူတွေက ကောင်းကင်ကိုကြည့်ပြီး ကြောက်နေကြတာဗျ၊ အိမ်ထဲကအိမ်ပြင်တောင်သိပ်မထွက်ကြဘူး၊ အဲဒါ တနင်္ဂနွေ နေ့က။ ဧရာဝတီတိုင်းကလူတွေလည်း တော်တော်ကြောက်လန့်နေကြမှာပဲလို့လည်း ရန်ကုန်မှာပြောနေကြတယ်။ ကိုယ်ချင်း စာကြတာပေါ့ဗျာ” ဟု ၎င်းကဆက်ပြောသည်။
မိုးများသည်းထန်သည့်အတွက် ရန်ကုန်တွင် သွားလာရေးခက်ခဲခြင်း၊ ရေနုတ်မြောင်းစနစ် ကောင်းမွန်မှုမရှိသဖြင့် လမ်းမ ကြီးများပေါ် ရေတင်ခြင်းများကို ကြုံတွေ့ခဲ့ရသော်လည်း လူအများစိုးရိမ်နေသည့်မုန်တိုင်းသည် ဘင်္ဂလားဒေရှ့် နိုင်ငံ ကမ်းခြေကို ဖြတ်သန်းတိုက်ခိုက်သွားကြောင်း သိရသည်။< Prev | Next > |
---|