အိုဘားမားလား မက်ကိန်းလား

E-mail Print

အမေရိကန်နိုင်ငံ၏ သမ္မတလောင်းများ ဖြစ်ကြသော ဘားရက် အိုဘားမားနှင့် ဂျွန်မက်ကိန်းတို့ ၂ ဦးအပေါ်၌ ပြည်တွင်း ပြည်ပရှိ မြန်မာများ၏ မျှော်လင့်ပုံခြင်း မတူညီကြသော်လည်း

၎င်းတို့ ၂ ဦး၏ မြန်မာပြည်အပေါ် ထားသည့် သဘောထား မှာမူ များစွာ မကွာခြားလှပေ။

ယခုအခါ အမေရိကန် သမ္မတ ရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်း ခန့်သာ လိုတော့သည်။ မြန်မာ အများစု ကတော့ ဂျွန်မက်ကိန်းသာ အနိုင်ရခဲ့ပါမူ မြန်မာပြည်၏ ဒီမိုကရေစီအရေးအတွက် အားတက်ဖွယ်ဖြစ်သည်ဟု မျှော်လင့်နေ ကြသည်။ သို့ရာတွင် အိုဘားမားကို ထောက်ခံသူ မြန်မာများကမူ ၎င်းကသာ လူ့အခွင့်အရေး ကိစ္စရပ်များကို ပိုမို ဂရုစိုက်သည့် အတွက် သူအနိုင်ရရှိပါမှ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ကိစ္စရပ် များ ဖြေရှင်းနိုင်ရန် အခွင့်အလမ်း သာလိမ့်မည်ဟု ဆိုကြသည်။

ဆန္ဒမဲ ပေးခွင့်ရမည့် အမေရိကန် အခြေစိုက် မြန်မာများက အမေရိကန် အလုပ်သမားသမဂ္ဂ တခုလုံးမှာ အိုဘားမားအတွက် ထင်ရှားစွာ မဲဆွယ်ပေးနေသည်ဟု ဆိုသည်။ ၎င်းတို့မှာ မြန်မာ့ ဒီမိုကရေစီ အရေးအတွက် ဆောင်ရွက်နေကြသူများလည်း ဖြစ်သည်။

လက်ရှိ အမေရိကန်နိုင်ငံတွင် နေထိုင်လျှက်ရှိသည့် ၁၉၈၈ ခုနှစ် ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမိုးသီးဇွန် ကမူ မြန်မာ့အရေးကို ပိုမိုစိတ်ဝင်စားသည်ဟု ယူဆသော ဂျွန်မက်ကိန်းကိုသာ ထောက်ခံသည်ဟု ဆိုသည်။

“မက်ကိန်းက မြန်မာပြည်အရေးကိုတော်တော်လေး စိတ်ဝင်စားတယ်။ ပြီးတော့ သူက မြန်မာပြည်ကိုလည်း ရောက်ဖူးတယ်။ မြန်မာစစ်အစိုးရကို စီးပွားရေးပိတ်ဆို့တဲ့ ကိစ္စတွေမှာလည်း သူက အားတက်သရော ဦးဆောင် ခဲ့တာ” ဟု ၎င်းက ဆက်ပြောသည်။

ဆက်လက်၍ ကိုမိုးသီးဇွန်က အိုဘားမားသည် ဂျွန်မက်ကိန်းထက် မြန်မာပြည်နှင့် ပတ်သက်၍ ပွင့်ပွင့်လင်းလင်း မရှိခဲ့ဟု ဝေဖန်သည်။

၁၉၉၀ ပြည့်နှစ်က ဂျွန်မက်ကိန်းသည် အမေရိကန်နိုင်ငံ၊ အရီဇိုးနားပြည်နယ် လွှတ်တော်အမတ်အဖြစ် မြန်မာပြည်သို့ သွားရောက်လည်ပတ်ရင်း မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်။ ထိုစဉ်က “ဒေါ်အောင်ဆန်းစုကြည်ဟာ ကျနော်တွေ့ဆုံဖူးသမျှထဲမှာ အကြီးမြတ်ဆုံး လူသားပဲ” ဟု ပြောဆိုခဲ့သည်။

လက်ရှိ အမေရိကန်သမ္မတ ဂျော့ရှ်ဒဗလျူဘုရှ်၏ ဇနီးဖြစ်သူ လော်ရာဘုရှ်ကဲ့သို့ပင် ဂျွန်မက်ကိန်း၏ ဇနီးသည် စင်ဒီ မက်ကိန်းသည်လည်း မြန်မာစစ်အစိုးရကို ဝေဖန်ရှုတ်ချသူ တဦးဖြစ်သည်။ ဇွန်လက ဗီယက်နမ်နိုင်ငံသို့ သွားရောက် လည်ပတ်ရင်း မြန်မာအစိုးရသည် လူ့အဖွဲ့အစည်းအတွက် တန်းဖိုးမရှိဟု စင်ဒီမက်ကိန်းက ဝေဖန်ခဲ့သေးသည်။

“တော်တော်ကြောက်စရာကောင်းတဲ့ လူတွေပဲ။ တိုင်းသူပြည်သားတွေ ဒုက္ခရောက်နေတာ၊ ဝေဒနာ ခံစားနေရ တာကို သူတို့က ဘာမှမဖြစ်သလိုပဲ နေနိုင်တဲ့ အုပ်ချုပ်သူတွေ” ဟု သူက စစ်အစိုးရကို ပြစ်တင်ခဲ့သည်။

သို့ရာတွင် အမေရိကန်နိုင်ငံသား မြန်မာတဦးဖြစ်သူ ကိုရွှေ၏ အမြင်ကမူ ကိုမိုးသီးဇွန်နှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။ သူက လာမည့် နိုဝင်ဘာ ၄ ရက်နေ့တွင် ပြုလုပ်မည့် ဆန္ဒခံယူပွဲတွင် အိုဘားမားကို သမ္မတအဖြစ် မဲပေးမည်ဟု ဆို၏။

“သမ္မတ ကလင်တန်လက်ထက်က ကျနော် အမေရိကားကို စရောက်တာ။ အဲဒီတုန်းက အလုပ် အလွယ်တကူ ရခဲ့တယ်။ ဒါပေမယ့် သမ္မတဘုရှ်လည်း တက်လာရော နိုင်းအလဲဗင်း (9/ 11) ပြဿနာဖြစ်ရော။ အဲဒီ နောက်ပိုင်းမှာ ကျနော်တို့ တော်တော်လေး ရုန်းကန်ကြရတယ်။ ရီပတ်ဘလစ်ကန် သမ္မတ သက်တမ်း ၂ ဆက်အတွင်း စီးပွားရေး လုံးဝ ကျဆင်း တာကို ပြတာပဲ။ ဒီအကျိုးဆက်ကို အမေရိကန်မှာ နေတဲ့သူတွေ အားလုံး ခံနေရတာ” ဟု ကိုရွှေက ပြောပြသည်။

ဆက်လက်၍ သူက သမ္မတ ရွေးကောက်ပွဲတွင် ဂျွန်မက်ကိန်း အနိုင်ရသည့်တိုင်အောင် မြန်မာပြည်၏ အာဏာရှင် စစ်အစိုးရ အုပ်ချုပ်မှု အဆုံးသတ်မည် မသတ်မည်ကို ပြောရန် အလွန်ခက်ခဲသည်ဟု ဆိုသည်။

မိုးမခ အင်တာနက်ဝက်ဘ်ဆိုက်ကို တည်ထောင်သူ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားတွင် နေထိုင်သည့် မောင်ရစ် ကလည်း အိုဘားမားကိုသာ နှစ်သက် သဘောကျ သည်ဟု ဆိုသည်။ သူက အိုဘားမား၏ ငယ်ရွယ်နုပျိုမှုကြောင့် ပိုမိုလက်ခံလိုချင်း ဖြစ်သည်။

“သူ့အသက်က ၄၆ နှစ်ဆိုတော့ လွန်ခဲ့တဲ့ နှစ် ၂၀ က ဒေါ်အောင်ဆန်းစုကြည် အသက်အရွယ်လောက်ပဲ” ဟု မောင်ရစ်က ပြောသည်။

မြန်မာပြည်တွင်းရှိ အပတ်စဉ် ဂျာနယ်များတွင်လည်း အမေရိကန် သမ္မတလောင်းများနှင့် ပတ်သက်၍ ရေးသား ဖော်ပြမှုများ ရှိသည်။ အပတ်စဉ်ထုတ် ဂျာနယ်တစောင်ဖြစ်သော မြန်မာတိုင်းမ်စ် ဂျာနယ်က လော့စ်အိန်ဂျလိစ် တိုင်းမ် သတင်းစာတွင် ပါရှိသော သမ္မတလောင်းနှင့် ပတ်သက်သည့် ကြိုတင်ဆန္ဒမဲများကို ပြန်လည် ဖော်ပြပေးခဲ့သည်။ ထိုသို့ ဖော်ပြရာတွင် အိုဘားမားက ၅၀ ရာခိုင်နှုန်းကျော်ရရှိပြီး ဂျွန်မက်ကိန်းက ၄၁ ရာခိုင်နှုန်း ရရှိသည့်အတွက် အိုဘားမားက ၉ ရာခိုင်နှုန်း ကျော် အနိုင်ရရှိနေသည်ကို တွေ့ရသည်။

ဝိကလီး အလဲဗင်း ဂျာနယ်ကလည်း ကြိုတင်မဲခွဲ ဆုံးဖြတ်ခြင်းမှာ နောက်ဆုံးစကားစစ်ထိုးပွဲ ပြီးမှ ဆန္ဒခံယူ ထားခြင်းဖြစ် သောကြောင့် အိုဘားမားမှာ သမ္မတရာထူးရရန် သေချာသလောက်ရှိသည်ဟု ဖော်ပြသည်။

သည်ဗွိုက်စ် အပတ်စဉ်ဂျာနယ်ကမူ ယခုတပတ် နိုင်ငံတကာ သတင်းကဏ္ဍတွင် အိုဘားမား အနေနှင့် မက်ကိန်းကို အလဲ ထိုးနိုင်လိမ့်မည်ဟု ရုရှားအစိုးရက မျှော်လင့်ထားကြောင်း ဖော်ပြထားသည်။

“မြန်မာပြည်က အပတ်စဉ် ဂျာနယ်တိုင်း လိုလိုမှာ အမေရိကန်သမ္မတ ရွေးကောက်ပွဲ သတင်းတွေ ဖော်ပြ နေကြတယ်။ အများစုကတော့ အိုဘားမားကို ပိုလက်ခံတယ်။ ကျနော်ကတော့ မက်ကိန်းကို ပိုကြိုက်တယ်ဗျ။ သူက ပိုပြီး လက်တွေ့ကျ တယ်” ဟု ရန်ကုန်အခြေစိုက် စီးပွားရေး သမားတဦးက သုံးသပ်သည်။

ဆက်လက်၍ ၎င်းက “တချို့ကတော့ မက်ကိန်းက အသက် ၇၀ ကျော်နေပြီ လို့ ပြောကြတယ်။ စစ်အေး တိုက်ပွဲကို အဆုံးသတ်ခဲ့တဲ့ သမ္မတ ရေဂင်ဆိုရင် ဘယ်လိုလုပ်မလဲ အဲဒီအချိန်မှာ သူ့အသက်က ၇၀ ကျော်နေပြီလေ” ဟု ဆိုသည်။

ရန်ကုန်တွင် နေထိုင်နေသည့် လူငယ်အများစုကမူ ဂျွန်မက်ကိန်းထက် အိုဘားမားကို ပိုမိုနှစ်သက်ကြသည်။ ရန်ကုန် အခြေစိုက် ယူအန် အေဂျင်စီတွင် လုပ်ကိုင်နေသော ကိုအောင်မင်းက “အိုဘားမားက ငယ်တယ်၊ ပြီးတော့ သူသာ အမေရိကန်သမ္မတဖြစ်ရင် ပထမဦးဆုံး လူမည်း အမေရိကန် သမ္မတဖြစ်မှာလေ” ဟု ဆိုသည်။

ရန်ကုန်အခြေစိုက် ခရီးသွားလုပ်ငန်း တခုတွင် လုပ်ကိုင်နေသည့် မဆွေကလည်း အိုဘားမားမှာ ငယ်ရွယ်နုပျို၍ ပိုမို တက်ကြွစွာ လုပ်ကိုင်နိုင်မည်ဟု ယူဆရသောကြောင့် ပိုမိုလက်ခံသည်ဟု ပြောသည်။

လေ့လာသူတို့ကမူ ဂျွန်မက္ကိန်းမှာ မြန့်မာ့အရေးကို ပွင့်လင်းစွာ ပြောဆိုပြီး အိုဘားမားက တခွန်းတပါဒမှ မဟသော်လည်း မြန်မာ့အရေးအတွက် ရီပတ်ဘလစ်ကန်နှင့် ဒီမိုကရက်တစ် နှစ်ခုစလုံး မျှတစွာ ဆောင်ရွက် သင့်သည်ဟု သုံးသပ်သည်။ 

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့၏ အတွင်းရေးမှူး ဦးဘိုကြည်ကမူ ဂျွန်မက်ကိန်းနှင့် အိုဘားမား ၂ ဦးစလုံးပင် မြန်မာနိုင်ငံအပေါ် ထားရှိသည့် သဘောထား အတူတူပင်ဖြစ် သောကြောင့် မည်သူအနိုင်ရသည်ဖြစ်စေ မြန်မာနိုင်ငံ ဒီမိုကရေစီအရေးအတွက် အရေးမကြီးလှဟု ဆိုသည်။

ရန်ကုန်တွင် နေထိုင်သည့် ဝါရင့်နိုင်ငံရေးသမားတဦးဖြစ်သူ ဦးချန်ထွန်းက “အိုဘားမား အနိုင်ရရင် ကမ္ဘာကြီး အတွက် ကောင်းတယ်။ ဂျွန်မက်ကိန်းနိုင်ရင်တော့ မြန်မာပြည်အတွက် ကောင်းတယ်” ဟု သုံးသပ်သည်။

 

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်