နယ်စပ် ဖြတ်ကျော် အကူအညီများ EU ဆက်ပေးရေး တောင်းဆို

Tuesday, 29 June 2010 16:32
Print
နယ်စပ်ဒေသ ဖြတ်ကျော်၍ ထောက်ပံ့ ပေးနေသော အကူအညီများကို ဆက်လက် ပေးအပ်ရန် ဥရောပ သမဂ္ဂ (EU) သို့ မြန်မာ့အရေး လှုပ်ရှားသည့် အဖွဲ့တခုက ယမန်နေ့က တောင်းဆို လိုက်သည်။

နယ်စပ် ဖြတ်ကျော် အကူအညီများအတွက် ငွေကြေး ထောက်ပံ့မူကို  ရပ်ဆိုင်းခဲ့ပြီးနောက် EU ၏ ပြောင်းလဲသွားသော မူဝါဒကို ပြန်လည် စဉ်စားပေးရန်  ဗြိတိန်နိုင်ငံ အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ (Burma Campaign UK) က ထောက်ခံသူ ၁၀၀၀ ကျော်၏ လက်မှတ်များကို စုဆောင်းကာ တောင်းဆိုထားကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ 

Burma Campaign UK မှ တာဝန်ခံ တဦးဖြစ်သူ ဇိုယာဖန်းက “EU အနေနဲ့ လိုအပ်ချက်ပေါ် မူတည်ပြီးတော့ ကူညီထောက်ပံ့မှုတွေ ပေးသင့်ပါတယ်။ တချိန်တည်းမှာပဲ စစ်အစိုးရကနေပြီးတော့ နိုင်ငံရေး အကြောင်းပြချက်နဲ့ တိုင်းရင်းသား လူမျိုးစုတွေကို အကူအညီ မပေးနိုင်အောင် ကန့်သတ်ထားတာကိုလည်း EUက ပြောဆိုသင့်ပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံ အရှေ့ပိုင်းရှိ ပြည်တွင်း ရွှေ့ပြောင်း ဒုက္ခသည် (IDP) တသိန်းခန့်သည် ယင်း အကူအညီကို မှီခိုနေရသည်ဟု ကြေညာချက်အရ သိရသည်။  

စစ်အစိုးရ၏ ကန့်သတ် တားမြစ်ချက်များကြောင့် နိုင်ငံတကာနှင့် ပြည်တွင်း NGO အဖွဲ့အစည်းများက အကူအညီမပေးနိုင်သည့် နေရာဒေသများ မြန်မာပြည်တွင် အမြောက်အများ ရှိနေသည်။

“စစ်အစိုးရ၏ ကန့်သတ်ချက်ကြောင့် လူတွေ အသက်ဆုံးရှုံးရမယ့်အစား EU အနေနဲ့ လူတွေရဲ့ အသက်ကို ကယ်တင်နိုင်ဖို့ အတွက် နယ်စပ်ဒေသ ဖြတ်ကျော်တဲ့ အကူအညီတွေကို တခြားနည်းလမ်းတခုနဲ့ ပြောင်းလဲ စဉ်စားပြီးတော့ ငွေကြေး ထောက်ပံ့သင့်ပါတယ်” ဟု ဇိုယာဖန်းက ပြောသည်။ 

ဥရောပ ပါလီမန်ကလည်း နယ်စပ် ဖြတ်ကျော် အကူအညီကို ပြန်လည်ပေးအပ်ရန် EU သို့ တိုက်တွန်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

EU အနေဖြင့် ထောက်ပံ့မှုများအတွက် ငွေကြေးပေးအပ်ရန် အစဉ်တစိုက် ငြင်းပယ်နေသော်လည်း ငြင်းပယ်ရသည့် အကြောင်းရင်းကို သေချာစွာ ရှင်းလင်းပြောဆိုခြင်း မရှိကြောင်း Burma Campaign UK ၏ ကြေညာချက်တွင် ဖော်ပြထားသည်။    

EU နှင့် ထိုင်းနိုင်ငံသည် စစ်အစိုးရကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲကို ဒီမိုကရေစီအတွက် ပထမခြေလှမ်းဟု သဘော ထားကြသည့်တိုင် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရန်နှင့် အများယုံကြည်မှုရှိသော ရွေးကောက်ပွဲ ဖြစ်စေရန် တောင်းဆို နေရဆဲဖြစ်သည်။