လိုင်စင်မဲ့ကားများ တရားဝင် လိုင်စင်ချပေး

E-mail Print
လိုင်စင်မဲ့ ကားများကို ကားတန်ဖိုး၏ ၈၅ ရာခိုင်နှုန်း ပေးဆောင်စေကာ နေပြည်တော်တွင် တရားဝင် လိုင်စင်များ ထုတ်ပေး သွားမည် ဖြစ်ကြောင်း နေပြည်တော် အသိုင်းအ၀န်းနှင့် နီးစပ်သူတဦးက ပြောသည်။

လိုင်စင်မဲ့ ကားကို ၀ယ်ယူထား သူများ နစ်နာမှု မရှိစေရန်နှင့် ပြည်ပမှ တရားမ၀င် ကားတင်သွင်းမှု ပပျောက်ရန် ယခုကဲ့သို့ ပြုလုပ်ခြင်း ဖြစ်ကြောင်း နေပြည်တော် ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ အရာရှိတဦးက ပြောသည်။

“ဘယ်လို နည်းလမ်းနဲ့ မဆို လက်ဝယ် ရှိနေတဲ့ လိုင်စင်မဲ့ ကားတွေကို ရာဖြတ် အဖွဲ့ကနေ တန်ဖိုးဖြတ်၊ ထိုက်သင့်တဲ့ အခွန်ဆောင်ပြီး ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန) ရဲ့ ဗဟို မော်တော်ယာဉ် လိုင်စင် ထုတ်ပေးရေးရုံး ကနေ လိုင်စင် ထုတ်ပေး သွားမှာပါ” ဟု အဆိုပါ အရာရှိက ပြောသည်။

လိုင်စင်မဲ့ကား အများစုမှာ စစ်အစိုးရ အာဏာပိုင်များ၏ သားသမီး၊ ဆွေမျိုးများ၊ ၎င်းတို့နှင့် နီးစပ်သော စီးပွားရေး လုပ်ငန်းရှင်များနှင့် နယ်စပ်ကုန်သွယ်ရေး အရာရှိများ ပူးပေါင်း၍ ပြည်တွင်းသို့ တင်သွင်းလာခြင်းဖြစ်သည်။

“လိုင်စင်မဲ့ တရားမ၀င်ကားက သူတို့နဲ့ နီးစပ်သူတွေပဲ လုပ်နိုင်တာ။ တရားမ၀င်တာကို တရားဝင်အောင် လုပ်တဲ့ နည်းလမ်းတခု ဖြစ်သလို၊ တခြား စီးပွားရေး လုပ်ငန်းရှင်တွေဆီကနေ ကားတန်ဖိုးအလိုက်  ၈၅ ရာခိုင်နှုန်းပေးရတယ်ဆိုတာကလည်း အခုအချိန်မှာ စစ်အစိုးရအတွက် ၀င်ငွေတခုဖြစ်တယ်” ဟု အာဏာပိုင်များနှင့် နီးစပ်သူ စီးပွားရေး လုပ်ငန်းရှင်တဦးက ပြောသည်။

စစ်အစိုးရ ကျောထောက်နောက်ခံ ပေးထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို စီးပွားရေးလုပ်ငန်းရှင် ၂၅ ဦးမှ ရန်ပုံငွေများလှူဒါန်းသွားမည်ဟု သတင်းထွက်ပေါ်ပြီးနောက် လိုင်စင်မဲ့ ကားများ တရားဝင် လုပ်ပေးမည့် အစီအစဉ် စတင်လာခြင်းဖြစ်သည်။

“ရန်ကုန်ဈေးကွက်မှာ သိန်း ၇၀၀ လောက်တန်နေတဲ့ ကားတစီးတန်ဖိုးက တရားမဝင် စသွင်းလာချိန်မှာ သိန်း ၁၀၀ ပဲ တန်တယ်ဗျ။ အဲဒီ ကားတစီးက နံပါတ်ရသွားရင် သိန်း ၇၀၀ လောက် ဖြစ်သွားတာ။ ဒီတော့ တရားမ၀င် သွင်းလာတဲ့ ကားတစီးကို ၈၅ ရာခိုင်နှုန်းဆောင်ပြီးလည်း သိန်း ၇၀၀ နဲ့ ရနေတာဆိုတော့ ပေးနိုင်တာပေါ့” ဟု ရန်ကုန်မြို့ ကျောက်မြောင်းမြို့နယ်မှ ကားဝယ်ရောင်း လုပ်ကိုင်နေသူတဦးက ပြောသည်။

“အရင်တုန်းက ဦးပိုင်ကနေ ဂျပန်က ဇိမ်ခံကားတွေ သွင်းပေးတယ်။ ဒီကားတွေက ဈေးကြီးသလောက် အရည်အသွေးလည်း ကောင်းတယ်။ အခု ဦးပိုင်က ဒီကားတွေကို မသွင်းတော့ဘဲ ကုမ္ပဏီတွေနဲ့ ပေါင်းပြီး တရုတ်က ကားတွေကို သွင်းတယ်။ ကားဈေးကွက်က တရားမဝင် လမ်းကြောင်းရယ်၊ ပြည်တွင်းက ထုတ်တဲ့ ကားတွေရယ် ဆိုတော့  အရည်အသွေးမြင့်ကားတွေ ဈေးကွက်ထဲမှာ ရှားနေတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

လတ်တလော မြန်မာနိုင်ငံတွင် ဇိမ်ခံကားအနေနှင့် Land Cruiser Lexus သည် မော်ဒယ်လ် အမြင့်ဆုံးဖြစ်ပြီး ကျပ် သိန်း ၃၆၀၀ ဈေး ပေါက်ကြောင်း သိရသည်။

“အခု ဇိမ်ခံကား တင်သွင်းတာကို ခဏရပ်ထားတယ်။ အဓိကကတော့ တရားမ၀င်လမ်းကြောင်းကနေ သွင်းလာလို့ ဖမ်းထားတဲ့ ကားတွေ ရှိသလို အာဏာပိုင်နဲ့ နီးစပ်တဲ့လူတွေ သွင်းလာတဲ့ ကားတွေကလည်း ပုံနေတယ်။ ဒါတွေကို အရင်ဆုံး တရားဝင်ဖြစ်ဖို့ စီစဉ်နေတယ်” ဟု မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်မှ ဗိုလ်မှူးကြီးတဦးက ပြောသည်။

ထိုင်းနိုင်ငံ မဲဆောက်နှင့် တရုတ်နယ်စပ် လမ်းကြောင်း ၂ ခုမှ တဆင့် လိုင်စင်မဲ့ကားများ မြန်မာနိုင်ငံတွင်းသို့ အဓိက ၀င်ရောက်ပြီး မဲဆောက်လမ်းကြောင်းမှ ရန်ကုန်ဈေးကွက်၊ တရုတ်နယ်စပ်လမ်းကြောင်းမှ မန္တလေးဈေးကွက်များသို့ ရောက်ရှိသည်။

စစ်အစိုးရက ၂၀၁၀ ပြည့်နှစ်၊ ဇန်န၀ါရီ ၁ ရက်နေ့မှစပြီး လုပ်ငန်းသုံး၊ ခရီးသည်တင်ယာဉ်နှင့် စက်ယန္တရား ယာဉ်ကြီးများကို ကန့်သတ်ချက်များဖြင့် စီးပွားရေး လုပ်ငန်းရှင်များကို တရားဝင် တင်သွင်းခွင့် ပေးထားသော်လည်း အိမ်သုံးဇိမ်ခံကား တင်သွင်းခွင့်ကိုမူ တင်းကျပ်စွာ ချုပ်ကိုင်ထားဆဲ ဖြစ်သည်။

လိုင်စင်မဲ့ ဆိုင်ကယ်များကို ယခုနှစ် ဧပြီလမှ ဇွန်လကုန်အထိ သက်ဆိုင်ရာ ကညနရုံးများတွင် ဆိုင်ကယ် အမျိုးအစားအလိုက် မှတ်ပုံတင်ကြေးများ ကောက်ခံ၍ မှတ်ပုံတင် လုပ်ပေးခဲ့သည်။

ပြီးခဲ့သည့် နှစ်အတွင်းက ပြည်တွင်းအခွန်များ ဦးစီးဌာနနှင့် ကညန တို့ ပူးပေါင်း၍ ဆိုင်ကယ်များကို တရားဝင်လိုင်စင် ထုတ်ပေးခဲ့ရာ ကျပ် သန်း ၇၀၀၀ ရရှိခဲ့ကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်