ထိုင်းဝန်ကြီးချုပ် မြန်မာပြည် ခရီးစဉ် ထပ်မံ ရွှေ့ဆိုင်း

Thursday, 22 July 2010 15:33
Print
ထိုင်းနိုင်ငံ ၀န်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝသည် နောက်လအတွင်း မြန်မာပြည်သို့ သွားရောက် လည်ပတ်မည့် ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။

နှစ်နိုင်ငံ ခေါင်းဆောင်များအကြား ခရီးစဉ်အချိန်ဇယားဆွဲရန် အခက်အခဲ ဖြစ်နေသောကြောင့် ထိုင်းဝန်ကြီးချုပ် အဖိဆစ်၏ ပထဆုံးအကြိမ် မြန်မာပြည် ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း ထိုင်းအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ပါနိတန် ၀ါတန်ယာခွန်က ပြောသည်ဟု ထိုင်းသတင်းဌာနများက ဖော်ပြသည်။

abhisit_vejjajivaလွန်ခဲ့သည့်နှစ်ကလည်း ထိုင်းဝန်ကြီးချုပ်သည် မြန်မာနိုင်ငံသို့ သွားရန် စီစဉ်ခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ရေကူးဝင်ရောက်ခဲ့သော အမေရိကန် နိုင်ငံသား မစ္စတာ ဂျွန် ဝီလီယံ ယက်ထောကြောင့် ခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့ရပြီး ယခု ဒုတိယအကြိမ် ထပ်မံ ရွှေ့ဆိုင်းခြင်း ဖြစ်သည်။

ခရီးစဉ် ရွှေ့ဆိုင်းရခြင်းသည် ထိုင်း-မြန်မာ နယ်စပ် အရေးနှင့် ပတ်သက်ခြင်း မရှိကြောင်းလည်း ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။ 

ထိုင်းဝန်ကြီးချုပ်၏ ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်သော်လည်း မဲဆောက်မြို့ရှိ နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားကို အမြန်ဆုံး ပြန်လည် ဖွင့်လှစ်နိုင်ရန် နေပြည်တော်သို့ သောကြာနေ့တွင် သွားမည်ဟု ထိုင်းကုန်သွယ်ရေး ၀န်ကြီးဌာန ဒု-၀န်ကြီး Alongkorn Pollabutr က ယမန်နေ့တွင် မဲဆောက်မြို့သို့ ရောက်ရှိနေစဉ် သတင်းထောက်များကို ပြောကြားခဲ့သည်။

အကျိုးအကြောင်း သိရှိပြီးနောက် မြန်မာအာဏာပိုင်များနှင့် နားလည်မှုရကာ နယ်စပ်ဂိတ်ကို မကြာမီ ပြန်ဖွင့်နိုင်ရန် မျှော်လင့်သည်ဟု ထိုင်းဝန်ကြီးချုပ်က ပြောကြောင်း နောက်ဆုံးရ ထိုင်းသတင်းများအရ သိရသည်။

တာ့ခ် ခရိုင်အတွင်းရှိ သောင်ရင်းမြစ် ကမ်းပါး တလျှောက်တွင် ထိုင်းဘက်အခြမ်းက ကမ်းထိန်းတမံများ ဆောက်လုပ်နေခြင်း အား မြန်မာ အာဏာပိုင်များက ကန့်ကွက်သည့် အနေဖြင့် ကုန်စည် စီးဆင်းမှုများကို ဇူလိုင်လဆန်းပိုင်မှ စတင်ပိတ်ပစ်ခဲ့သည်။

ထိုင်းဘက်အခြမ်းမှ ကမ်းပါး အကာအကွယ် တမံများ ဆောက်လုပ်မှုကြောင့် ရေကြောင်းပြောင်းလဲပြီး မြန်မာဘက် ကမ်းပါး တိုက်စားနိုင်သည့်အတွက် မြန်မာအစိုးရက ကန့်ကွက်ခဲ့သည်ဟု ဆိုသည်။

ချစ်ကြည်ရေး တံတားကို မြန်မာ အာဏာပိုင်များက ဆက်တိုက် ပိတ်ထားသောကြောင့် ကုန်ဈေးနှုန်းများ မြင့်တက်လာပြီး ကုန်သည်များ အပါအဝင် သာမန် ပြည်သူများပါ အခက်အခဲ ကြုံနေကြကြောင်း သိရသည်။

တံတားပိတ်ထားမှုကြောင့် ထိုင်းကုန်သည်များ တရက်လျှင် ဘတ်သန်း ၁၀၀ ခန့် အထိ နစ်နာလျက်ရှိကြောင်း ထိုင်းသတင်း များက ဖော်ပြသည်။

မြန်မာက ထိုင်းသို့ တင်ပို့သည့် ကုန်ပစ္စည်းတန်းဖိုးမှာ တလလျှင် ဘတ်သန်း ဆယ်ဂဏန်း (ကျပ် သန်း ၃၀၀) ခန့်သာရှိပြီး ထိုင်း နိုင်ငံက မြန်မာသို့ တင်ပို့သည့် ကုန်ပစ္စည်းတန်ဖိုးမှာ ဘတ် သန်း ၁၀၀၀ (ကျပ် သန်း ၃၀၀၀၀) ခန့် ရှိသည်ဟု သိရ သည်။