USDP ဖွဲ့စည်းပုံ စည်းမျဉ်း စစ်အစိုးရ မူဝါဒသာ ဖြစ်

E-mail Print
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကို ဖွဲ့စည်း ထူထောင်ခဲ့ ခြင်းသည် “သမိုင်းရေး ပကတိ လိုအပ်ချက် အရ” ဖြစ်သည်ဟု ၂၀၁၀ ခုနှစ် မေလတွင် ပါတီတွင်း ထုတ်ဝေခဲ့သည့် USDP ၏ ဖွဲ့စည်းပုံစည်းမျဉ်း စာအုပ်အရ သိရသည်။

ဧရာဝတီက လက်ခံရရှိခဲ့သည့် အစိမ်းရောင် မျက်နှာဖုံးနှင့် စာမျက်နှာ ၈၁ မျက်နှာ ပါရှိသော “ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဖွဲ့စည်းပုံ အခြေခံ စည်းမျဉ်း”စာအုပ်၌ USDP ရွေးကောက်ပွဲတွင် အနိုင်ရပါက နိုင်ငံကို အုပ်ချုပ်သွားမည့် မူဝါဒ များကို အသေးစိတ် ဖော်ပြထားသည်။  

ပါတီ၏ ဖွဲ့စည်းပုံ စည်းမျဉ်းတခုလုံးသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထင်ဟပ်ထားပြီး “နိုင်ငံတော်၏ နယ်မြေ အပိုင်း အခြား ဟူသမျှသည် နိုင်ငံတော်မှ မည်သည့်အခါမျှ ခွဲမထွက်ရ ဆိုသည့် ဥပဒေစည်းနှောင်မှု (Legal Binding) ပြဌာန်းချက်ကို အလေးအနက် ကိုင်စွဲမည်”ဟု ပါတီ၏ လုပ်ငန်းစဉ်များ၌ ထိပ်ဆုံး လုပ်ငန်းစဉ်ဖြစ်သော “အမျိုးသားရေး လုပ်ငန်းစဉ်”တွင် ဖော်ပြထားသည်။

ပါတီ၏ နိုင်ငံရေး လုပ်ငန်းစဉ်များတွင် “ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ လူ့အခွင့်အရေး သတ်မှတ်ချက်များနှင့်အညီ လူ့အခွင့် အရေးများ ထွန်းကားပြန့်ပွားရေးကို ဆောင်ရွက်သွားမည်” ဟု ဖော်ပြထားပြီး လူ့အခွင့်အရေးဆိုင်ရာ လုပ်ငန်းစဉ်တွင် “လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ပြသခွင့်”ကို အခြေခံဥပဒေနှင့်အညီ ကျင့်သုံးသွားမည်ဟု ဆိုထားသည်။

USDP ကို လက်ရှိ စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ဦးဆောင်သော စစ်ခေါင်းဆောင် ၀န်ကြီးများဖြင့် ဖွဲ့စည်းထားသည်။ စစ်အစိုးရလက်ထက် မြန်မာနိုင်ငံသည် လူ့အခွင့်အရေး ချိုးဖောက်မှု အဆိုးရွားဆုံး နိုင်ငံများစာရင်း၌ ထည့်သွင်းခံရသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အေဂျင်စီများက အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် တရားဝင် ထုတ်ဝေသော ကုလသမဂ္ဂ လူ့အခွင့်အရေး ပဋိညာဉ်စာတမ်း စာအုပ်ငယ်များအား အများပြည်သူ သိရှိစေရန် ဖြန့်ဝေခဲ့သော ဒီမိုကရေစီရေး လှုပ်ရှားသူများကို စစ်အစိုးရလက်ထက်တွင် ဖမ်းဆီးထောင်ချမှုများ ပြုလုပ်ခဲ့သည်။ 

USDP သည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (USDA)ကို အမွေခံထားပြီး အဖွဲ့၏ ၁၇ နှစ်တာ သမိုင်း တလျှောက်တွင် နိုင်ငံရေး အကြမ်းဖက်မှုများ ကျူးလွန်ခဲ့သည့် အဖွဲ့အစည်းဖြစ်ကြောင်း မှတ်တမ်းများအရ သိရသည်။

ဒီမိုကရေစီအရေး ဆောင်ရွက်သူများကို လမ်းမများပေါ်တွင် အများပြည်သူများ ရှေ့မှောက်၌ လူအုပ်စုဖြင့် ရိုက်နှက်ခြင်း၊ ဥပဒေက ခွင့်ပြုထားခြင်းမရှိဘဲ အာဏာပိုင်များသဖွယ် ဖမ်းဆီးခြင်းနှင့် ၂၀၀၃ ခုနှစ် ဒီပဲယင်းအရေးအခင်းကဲ့သို့ ဒီမိုကရေစီ  ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံရန် ကြိုးစားမှုတွင် လူပေါင်းများစွာကို သတ်ဖြတ်ခဲ့ခြင်းတို့ကို အဓိက စီစဉ် ဆောင်ရွက်ခဲ့ကြောင်း အထောက်အထားများ ရှိသည်။

ပါတီ၏ “တပ်မတော်ဆိုင်ရာ မူဝါဒနှင့် လုပ်ငန်းစဉ်များ”တွင် တပ်မတော်ကို ပြည်တွင်းပြည်ပရန်မှ အပြည့်အ၀ ကာကွယ် နိုင်စွမ်းရှိရန် စွမ်းအားစုကြီး ၃ ရပ် အပေါ် အခြေခံ တည်ဆောက်သွားမည်ဟု ဖော်ပြထားသည်။

“နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် အဓိကကျသည့် နိုင်ငံရေးစွမ်းအား (Political Might)၊ စီးပွားရေး စွမ်းအား (Economic Might) နှင့် ကာကွယ်ရေး စွမ်းအား (Military Might) တို့ကို ခိုင်မာအောင် တည်ဆောက် သွားမည်”ဟု ပါတီဖွဲ့စည်းပုံ စည်းမျဉ်း၏ စာမျက်နှာ ၁၁ ပါ “ကာကွယ်ရေးလုပ်ငန်းစဉ်” များတွင် ဖော်ပြထားသည်။
ယင်းမူဝါဒကို ကြည့်ခြင်းအားဖြင့် လက်ရှိတပ်မတော်၏ ပါတီနိုင်ငံရေးတွင် ၀င်ရောက်စွက်ဖက်နေခြင်း၊ တိုင်းပြည်၏ အဓိက စီးပွားရေးလုပ်ငန်းများကို စစ်တပ်ပိုင် ကုမ္ပဏီများက ရယူထိန်းချုပ်ထားခြင်း၊ နျူကလီးယား လက်နက် ပိုင်ဆိုင်သော တပ်မတော် ဖြစ်ရန် ကြိုးပမ်းခြင်း စသည့် ရည်မှန်းချက်များကို နောင်လာမည့် လွှတ်တော်နှင့် အစိုးရ အဖွဲ့တွင် အဓိက ဖော် ဆောင်သွားဖွယ် ရှိသည်။

နိုင်ငံတော် ၏ အာဏာကြီး ၃ ရပ်ဖြစ်သော ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးပြီးလျှင် သတင်းမီဒီယာကဏ္ဍကို တိုင်းပြည်၏ စတုတ္တမဏ္ဍိုင်အဖြစ် မြန်မာအစိုးရ အဆက်ဆက် သတ်မှတ်ခဲ့သည့်အချက်ကို USDP ဖွဲ့စည်းပုံစည်းမျဉ်းက ဆက်လက်ဆွဲကိုင် ထားသော်လည်း ဒီမိုကရေစီစနစ်၏ စံနှုန်းတခုဖြစ်သော လွတ်လပ်သော သတင်းမီဒီယာ ပေါ်ထွန်းရေးကို ကြိုဆိုခြင်း မရှိဘဲ မီဒီယာသည် “အမျိုးသားအကျိုးစီးပွားကို အခြေခံ ဆောင်ရွက်စေရေး”ကို ဦးတည်ထားသည်။

လက်ရှိ အခြေအနေတွင် တရားဝင် ဖွဲ့စည်းထူထောင်ထားသော နိုင်ငံရေးပါတီများ၏ မူဝါဒ သဘောထားများကို စာပေစိစစ်ရေးက ဖြတ်တောက် ပိတ်ပင်နေသော်လည်း တဖက်တွင် စစ်အစိုးရပိုင် သတင်းစာများက USDP အတွက်  လွတ်လပ်စွာ သွယ်ဝိုက်မဲဆွယ်လျက်ရှိသည်။

ရွေးကောက်ပွဲတွင် USDP အနိုင်ရရှိသွားပါက ထိုကဲ့သို့ တဖက်စောင်းနင်းဖြစ်နေသော မီဒီယာအခြေအနေကို ဆက်လက် တွေ့မြင်နေရဦးမည်ဖြစ်ပြီး ၎င်းတို့၏ အကျိုးစီးပွားကို “အမျိုးသားအကျိုးစီးပွား” ဟု တံဆိပ်တပ်ပြီး မီဒီယာကို ဆက်လက် ထိန်းချုပ်သွားလိမ့်မည်ဟု လေ့လာသူများက ဝေဖန်ကြသည်။

မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးနိုင်ငံဖြစ်ပြီး တိုင်းပြည်၏ လူဦးရေ ၇၀ ရာခိုင်နှုန်းမှာ ကျေးလက်နေ တောင်သူ လယ်သမားများ ဖြစ်ကြသည်။ သို့ရာတွင် မြန်မာပြည် လွတ်လပ်ရေးရပြီး နောက်ပိုင်း လယ်သမားများသည် ခေတ်အဆက်ဆက်တွင် ၎င်းတို့ ထွန်ယက်လုပ်ကိုင်နေသော လယ်မြေများကို ပိုင်ဆိုင်ခွင့်မရှိကြဘဲ အစိုးရများကသာ ပိုင်ဆိုင်ကြသည်။ ထို အခြေအနေသည် USDP အာဏာရရှိသွားပါက ဆက်လက် တည်ရှိနိုင်သည်။

USDP ဖွဲ့စည်းပုံစည်းမျဉ်း၏ တောင်သူလယ်သမားရေးဆိုင်ရာ လုပ်ငန်းစဉ်တွင် “လယ်လုပ်သူ လယ်ယာမြေ လုပ်ပိုင်ခွင့် ရရှိရေး” မူဝါဒကို ပြဌာန်းထားပြီး “လယ်လုပ်သူ လယ်ပိုင်ခွင့်” ကို ငြင်းဆိုထားသည်။

ဧရာဝတီက သီးခြား လက်ခံရရှိထားသော စာမျက် နှာ ၂ မျက်နှာပါ USDP ၏ “တောင်သူလယ်သမားများအတွက် ဆောင်ရွက် ပေးမည့် အဓိကအချက်များ” အထောက်အထား စာရွက်စာတမ်းတွင် လယ်လုပ်သူ လယ်ပိုင်ခွင့် မူဝါဒကို အဘယ့်ကြောင့် မကျင့်သုံးရခြင်းဖြစ်ကြောင်း ယခုကဲ့သို့ ဖော်ပြထားသည်။

“လယ်လုပ်သူကို လယ်မြေပိုင်ဆိုင်ခွင့် ပေးခဲ့လျှင် ငွေကြေးချမ်းသာသော လယ်သမားများ၊ လုပ်ငန်းရှင်များ လက်ဝယ်သို့ မြေယာ ပိုင်ဆိုင်မှုများ ကျရောက်သွားပြီး မြေရှင်ကြီးစနစ် ပေါ်ပေါက်လာကာ တောင်သူလယ်သမားများ မြေယာမဲ့ဘ၀သို့ ရောက်သွားနိုင်သည့် အန္တရာယ်ရှိနေသည်။ ထို့ကြောင့် မိမိတို့ပါတီအနေဖြင့် တောင်သူလယ်သမားများ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်သည့် အနေဖြင့် လက်ရှိအခြေအနေတွင် ထိုမူဝါဒကိုသာ ကျင့်သုံးခြင်းဖြစ်သည်” ဟု ဆိုထားသည်။    

ယင်းမူဝါဒကို မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ လက်ထက်ကတည်းက ကျင့်သုံးခဲ့ခြင်းဖြစ်ပြီး နှစ်ပေါင်း ၄၈ နှစ် ကြာခဲ့ပြီဖြစ် သည်။ သို့သော် လယ်သမားများ၏ လက်ရှိဘဝအခြေမှာ ပိုမို ဆင်းရဲကျပ်တည်းလျက် ရှိဆဲဖြစ်သည်။

USDP သည် တောင်သူလယ်သမားများ၏ အကျိုးစီးပွားကို ဖော်ဆောင်မည့် လယ်သမား အဖွဲ့အစည်းကြီးတရပ် ပေါ်ပေါက်ရန် ဆောင်ရွက်ပေးမည် ဟုလည်း ဖော်ပြထားသည်။

USDP ၏ မူဝါဒများသည် ပြည်သူကို ဗဟိုပြု ရေးဆွဲထားခြင်း မဟုတ်ဘဲ အစိုးရကို ဗဟိုပြု ရေးဆွဲထားခြင်းဖြစ်ပြီး USDP ပါတီသာ ရွေးကောက်ပွဲတွင် အနိုင်ရရှိပါက မြန်မာပြည်တွင် အပြောင်းအလဲကို များများစားစား တွေ့မြင်ရဖွယ် မရှိကြောင်း လေ့လာသူများ သုံးသပ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်