ယုဇန ဦးဌေးမြင့် စိုက်ပျိုးရေးလုပ်ငန်းများ ဟူးကောင်းချိုင့်ဝှမ်းကို ဖျက်ဆီး

Thursday, 26 August 2010 12:08
Print
မြန်မာနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင် တဦးဖြစ်သည့် ယုဇန ဦးဌေးမြင့်သည် ကချင်ပြည်နယ် ဟူးကောင်း ချိုင့်ဝှမ်းမှ ကမ္ဘာ့အကြီးဆုံး ကျားထိန်းသိမ်းရေး နယ်မြေတွင် စိုက်ပျိုးရေး လုပ်ငန်းကြီး တခုကို စတင် အကောင်အထည် ဖော်နေကြောင်း သိရှိရသည်။

tycoons-and-tigersဟူးကောင်း ကျားထိန်းသိမ်းရေး နယ်မြေမှ မြေဧက နှစ်သိန်းကို ၂၀၀၆ ခုနှစ်တွင် ဦးဌေးမြင့် ပိုင်ဆိုင်သည့် ယုဇန ကုမ္ပဏီက ကြံနှင့် ဇီဝ လောင်စာဆီ အတွက် ပီလောပီနံ စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်ရန် ရရှိခဲ့သည်ဟု ကချင် လူမှုဖွံ့ဖြိုးရေး ကွန်ယက်မှ ထုတ်ပြန်သည့် “Tyrants, Tycoons and Tigers” အစီရင်ခံစာ တွင် ပါရှိသည်။

ယင်း အစီရင် ခံစာတွင် ယုဇန ကုမ္ပဏီ၏ စိုက်ပျိုးရေး စီမံကိန်း များကြောင့် အတင်း အကျပ်ရွှေ့ပြောင်း ပေးရသည့် ဒေသခံများ အကြောင်း၊ ဘူဒိုဇာများနှင့် မြေတူးစက်များ အသုံးပြု သောကြောင့် သဘာဝ ပတ်ဝန်းကျင်များ ပျက်စီးရခြင်း အကြောင်းနှင့် စိုက်ပျိုးရေး စီမံကိန်း၏ နောက်ဆက်တွဲ ဆိုးကျိုးများကို တင်ပြထားသည်။

ကချင် လူမှုဖွံ့ဖြိုးရေးကွန်ယက် အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ အာနန် က“ဟူးကောင်းက စိုက်ပျိုးရေး စီမံကိန်းတွေဟာ ကျား ထိန်းသိမ်းရေးကို မထီမဲ့မြင် ပြုနေပါတယ်၊ သဘာဝ ပတ်ဝန်းကျင်ကိုလည်း အကြီးအကျယ် ထိခိုက်နေပါတယ်”ဟု ဆိုသည်။

ဟူးကောင်းချိုင့်ဝှမ်းဒေသမှ ကျားထိန်းသိမ်းရေးနယ်မြေကို ၂၀၀၁ ခုနှစ်တွင် အမေရိကန်အခြေစိုက် တောရိုင်းတိရိစ္ဆာန်များ ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့  (Wildlife Conservation Society - WCS) ၏ အကူအညီဖြင့် စတင် တည်ထောင် ခဲ့သည်။

ကချင်လူမှု ဖွံ့ဖြိုးရေးကွန်ယက်မှ ထုတ်ပြန်သည့် အစီရင်ခံစာအရ ဦးဌေးမြင့်၏ စိုက်ပျိုးရေးစီမံကိန်းအမည်ခံကာ ကျား ထိန်းသိမ်း ရေးနယ်မြေများအား ဖျက်ဆီးနေသည့်အပေါ်တွင် WCS မှ မည်သည့် တုံ့ပြန်ချက်များ၊ ဝေဖန်မှုများ ပြုလုပ် သည်ကို မတွေ့ရသေးချေ။

ဦးဌေးမြင့်သည် စစ်အစိုးရနှင့် နီးစပ်သူတဦးဖြစ်နေသောကြောင့် အမေရိကန်နှင့် ဥရောပ သမဂ္ဂတို့မှ စီးပွားရေး ပိတ်ဆို့ အရေးယူသူများတွင် တဦးအပါအဝင်ဖြစ်ကြောင်းလည်း သိရှိရသည်။

“မြန်မာနိုင်ငံမှာ စီးပွားရေးသမားတွေက အာဏာရှင်လက်သစ်တွေ ဖြစ်နေကြပြီ၊ အထူးသဖြင့် စစ်တပ်က ကျောထောက် နောက်ခံပြုထားတဲ့ သူတွေက ရွေးကောက်ပွဲကနေတဆင့် အာဏာတွေ ရယူလာကြတာကို တွေ့နေရပါတယ်၊ ဟူးကောင်း မှာ ဖြစ်နေတဲ့ ပြဿနာတွေကလည်း ပိုဆိုးလာဖို့ပဲ ရှိပါတယ်”ဟု ကချင် လူမှုဖွံ့ဖြိုးရေး ကွန်ယက်မှ အာနန်က ဆိုသည်။

နိုဝင်ဘာလ ၇ ရက်နေ့တွင်ကျင်းပမည့် ရွေးကောက်ပွဲတွင်လည်း ဦးဌေးမြင့်သည် တနင်္သာရီတိုင်းမှ ကိုယ်စားပြု၍ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း၊ စည်းရုံးရေးအတွက်လည်း ငွေကျပ် သန်းပေါင်း တရာထက်မနည်း အသုံးပြုသွားမည် ဖြစ်ကြောင်း သိရှိရသည်။

ယခုလလယ်ပိုင်းက ပြုလုပ်ခဲ့သည့် အစိုးရ အရာရှိကြီးများ၊ တပ်မတော်အရာရှိကြီးများ၊ စီးပွားရေး လုပ်ငန်းရှင်ကြီးများပါဝင် သည့် အစည်းအဝေးအပြီးတွင် ယင်းကဲ့သို့ သတင်းများထွက်ပေါ်လာသည်ဟု နေပြည်တော် စစ်တပ်အသိုင်းအဝိုင်း မှ သိရှိ ရသည်။

ဟူးကောင်းဒေသမှ သဘာဝပတ်ဝန်းကျင် ဖျက်ဆီးမှုများနှင့် အတင်း အဓမ္မ ရွှေ့ပြောင်းစေမှုများအတွက် လယ်သမား ၁၄၈ ဦးတို့မှ ယုဇနကုမ္ပဏီကို မြစ်ကြီးနားတွင် အမှုဖွင့်အရားစွဲခဲ့ပြီး နိုင်ငံတကာ အလုပ်သမားအဖွဲ့ကြီးကို စုံစမ်းဖော်ထုတ်ပေးရန် ယခုနှစ် ဇူလိုင်လအတွင်းက တောင်းဆိုထားသည်။