ဘီဘီစီ မြန်မာပိုင်း ဘဏ္ဍာရေး အကျပ်အတည်း ရင်ဆိုင်ရဖွယ်ရှိ

E-mail Print
မြန်မာပြည်သူများ အားထားနေသည့် ဘီဘီစီ မြန်မာပိုင်း အစီအစဉ်သည် ဘဏ္ဍာရေး အသုံးစရိတ် ဖြတ်တောက်ခံရမည့် အခြေ အနေနှင့် ရင်ဆိုင်ရဖွယ် ရှိကြောင်း သိရသည်။

ဘာသာစကားမျိုးစုံနှင့် တကမ္ဘာလုံး ထုတ်လွှင့်နေသည့် ဘီဘီစီ ရေဒီယို အသံလွှင့်ဌာနကြီးအတွက် ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး ဌာနမှ တနှစ် လျှင် ဘဏ္ဍာရေး အသုံး စရိတ် ပေါင် ၂၇၂ သန်း သတ်မှတ်ပေးထားသော်လည်း ယခုအခါ ယင်း အသုံးစရိတ်၏ ၂၅ ရာခိုင်နှုန်းကို လာမည့် ၂၀၁၁ ခုနှစ် ဧပြီလတွင် ဖြတ်တောက်တော့မည်ဖြစ်၍ မြန်မာဌာန အပါအ၀င် နိုင်ငံများစွာ၏ အသံလွှင့် အစီ အစဉ်များ ဖျက်သိမ်းခံရနိုင်ကြောင်း ယနေ့ထုတ်  အင်္ဂလန် အခြေစိုက် ဂါးဒီးယန်း သတင်းစာကြီးတွင် ရေးသားထားသည်။

bbc-burmeseမည်သည့် အသံလွှင့်ဘာသာ အစီအစဉ်များ ဖျက်သိမ်းမည်ကို လာမည့် သီတင်း ၆ ပတ်အတွင်း ထုတ်ပြန်မည်ဖြစ်ပြီး မြန်မာ ဘာသာ၊ ရုရှားဘာသာ စသည့် အစီအစဉ်များ ပါဝင်နိုင်ကြောင်း သံတမန်တဦး၏ ပြောဆိုချက်ကိုလည်း ယင်းသတင်းစာက ကိုးကား ထားသည်။

ဘီဘီစီ သတင်းဌာနသည် အာရှ၊ အာဖရိက၊ လက်တင်အမေရိက၊ ဥရောပ၊ အရှေ့အလယ်ပိုင်း ဒေသများ၊ တောင်အာရှ စသည့် ဒေသများတွင် ဘာသာစကား ပေါင်း ၃၂ မျိုးဖြင့် ထုတ်လွှင့်ပေးနေသော အသံလွှင့်ဌာနလည်းဖြစ်သည်။

အင်္ဂလန်နိုင်ငံ အတိုက်အခံ လေဘာပါတီ ပြောခွင့်ရ မစ္စတာ ဒေးဗစ် မီလီဘန်က“မြန်မာပိုင်း အစီအစဉ်ကို ရပ်ဆိုင်းလိုက်မယ် ဆိုရင်တော့ စစ်အစိုးရအတွက် လက်ဆောင်တခု ပေးလိုက်သလို ဖြစ်သွားပါလိမ့်မယ်”ဟု ဆိုသည်။

ပြစ်မှု တစုံ တရာ ကျူးလွန်ခြင်းမရှိဘဲ နိုင်ငံတ၀န်းလုံးက အကျဉ်းထောင်ထဲတွင် ကျခံနေသော နိုင်ငံရေး အကျဉ်းသားများကို စော်ကားသကဲ့သို့ ဖြစ်နေကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။

စစ်အစိုးရ မီဒီယာများကလည်း ဘီဘီစီ၊ ဗွီအိုအေ သတင်းဌာနများကို “လေလှိုင်းသံ လူသတ်သမား”ဟု လည်းကောင်း၊ “ရန် တိုက်ပေးနေသည်” ဟူ၍ လည်းကောင်း ရေးသား ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဘီဘီစီ မြန်မာပိုင်း ဌာနတွင် ရန်ပုံငွေ နည်းပါးသော ကြောင့် ရပ်တည်ရန် အခက်အခဲရှိသည်ကို သိရသည့် အတွက် စိတ်မကောင်းကြောင်းကို မကြာမီရက်ပိုင်းက ထုတ်ဖော်ပြောဆိုခဲ့ သည်။

ဘီဘီစီ မြန်မာဌာနကို  ၁၉၄၀ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့တွင် စတင်ထုတ်လွှင့်ခဲ့ရာ ယခုဆိုလျှင် နှစ်ပေါင်း ၇၀ ရှိပြီဖြစ်ပြီး ပြီးခဲ့သည့် ရက်ပိုင်းက ယင်း နှစ်၇၀ ပြည့် အခမ်းအနားကို ကျင်းပခဲ့သေးသည်။

ယင်း ဘီဘီစီ ၏ မြန်မာဌာန ဘဏ္ဍာရေး ဖြတ်တောက်ခံရမည့် သတင်းနှင့် ပတ်သက်၍ သတင်းစာဆရာကြီး တဦးဖြစ်သည့် ဦးဝင်းတင်က“ငယ်ငယ်ကတည်း က ဘီဘီစီကို နားထောင်လာခဲ့တာ ဒီလိုကြားတော့ နှမြောတယ်”ဟု ပြောသည်။

ဘီဘီစီ (မြန်မာ)ဌာနသည် သက်တမ်းအရင့်ဆုံးဖြစ်သည့် အပြင်၊ ကောင်းမွန်သည့် အသံလွှင့်ချက်များကို ထုတ်လွှင့်ကာ ကမ္ဘာနှင့် မြန်မာအကြားတွင် ပေါင်းကူပေးသည့် သတင်းဌာနကြီး ဖြစ်ကြောင်း သတင်းစာဆရာကြီး ဦးဝင်းတင်က ပြောသည်။

ဘီဘီစီ မြန်မာဌာနသည် ရှစ်လေးလုံး အရေးတော်ပုံ ကာလ ၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် လူထုဆန္ဒပြပွဲကြီး ပြုလုပ်မည့် အကြောင်းနှင့် လူထုအုံကြွမှုကို စစ်တပ်၏ ပစ်ခတ်နှိမ်နင်းသည့် သတင်းများကို မြန်မာတပြည်လုံးသို့ တင်ပြပေးနိုင်ခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံတွင် စစ်အစိုးရက မီဒီယာများကို ထိန်းချုပ်ရာ ပြည်သူလူထုမှာ ဘီဘီစီ၊ ဗွီအိုအေ၊ အာအက်ဖ်အေ အစရှိသည့် အသံလွှင့်ဌာနကြီးများမှ ထုတ်လွှင့်သည့် သတင်းများကိုသာ လေ့လာနားထောင်နေရသည်။

ဘဏ္ဍာရေး အခက်အခဲကြောင့် ဘီဘီစီ မြန်မာဘာသာ အစီအစဉ်များ ထုတ်လွှင့်နိုင်ခြင်း မရှိတော့ပါက မြန်မာ ပြည်၏ ဖြစ်ပေါ်နေ သည့် အခြေအနေ အရပ်ရပ်ကို မြန်မာလူထုအနေဖြင့် သိရှိနိုင်ရန် ခက်ခဲတော့မည် ဖြစ်ကြောင်း ၀ါရင့် နိုင်ငံရေး သမားကြီး သခင် ချန်ထွန်းကလည်း ပြောသည်။

“မနက်ကနေ ညနေ၊ ည မြန်မာပြည် အခြေအနေတွေကို သိရအောင် ရေဒီယို တလုံးနဲ့ နားထောင်နေရတာလေ၊ ဖျက်လိုက်ရင် တော့ ထိခိုက်ပြီပေါ့”ဟု ၎င်းကဆိုသည်။

မြန်မာပြည်နှင့် ပတ်သက်သည့် သတင်းများသာမက ပညာပေးအစီစဉ်များကိုလည်း ထုတ်လွှင့်နေပေး နေသည့် အတွက် ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်ငန်းများပါ ထိခိုက်နိုင်ကြောင်း သခင်ချန်ထွန်းကဆိုသည်။

ယခုအခါ ဘီဘီစီ မြန်မာပိုင်းအစီအစဉ်တွင် ကမ္ဘာ့ သတင်း၊ မြန်မာ့ သတင်း၊ ပညာရေး ကဏ္ဍ၊ အားကစား ကဏ္ဍ၊ ကျန်းမာရေး ကဏ္ဍ၊ စီးပွားရေး သုံးသပ်ချက်၊ အင်္ဂလိပ်စာ ပို့ချချက်၊ သိပ္ပံပညာ အကြောင်း၊ ပြည်သူကြားက ပြည်သူ့စကား၊ ကျေးတမာနှင့် ပေဖူးလွှာ၊ အဆိုတော်ကြီး ဒေါ်မာမာအေး၊ ပန်းချီဆရာ ရုပ်ရှင် ဒါရိုက်တာ ဦးဝင်းဖေတို့၏ ဘ၀အတွေ့အကြုံ ကဏ္ဍများ စသည်များကို ထည့်သွင်း ထုတ်လွှင့်နေသည်။

ဘီဘီစီ မြန်မာဌာနကို စတင်ထုတ်လွှင့်သည့်အချိန်က သီတင်း ၂ပတ်တွင်  တကြိမ်သာထုတ် လွှင့်နိုင်ခဲ့ပြီး ထုတ်လွှင့်ချိန် ၁၅မိနစ် သာ ရရှိကြောင်း၊ ပထမဆုံး သတင်းကြေညာပေးခဲ့သူမှာ ဦးမြတ်ထွန်းဖြစ်ပြီး ဒုတိယ ကမ္ဘာစစ် ပြင်းထန်နေချိန်တွင် ပါမောက္ခ ဒေါက်တာ လှဘေ၊ ကမ္ဘာ့ သာသနာပြု ဆရာတော် အရှင် သေဋ္ဌိလ စသည့် ပုဂ္ဂိုလ်ကြီးများက တာဝန်ယူ ထုတ်လွှင့် ခဲ့သည်။

မြန်မာပြည်၏ နာမည်ကြီး စာရေးဆရာများ ဖြစ်သည့် စာရေးဆရာ ရုပ်ရှင်ဒါရိုက်တာ တင့်တယ်၊ စာရေးဆရာမ ကြည်အေး  စာရေး ဆရာ စိန်လွင်လေး တို့လည်း ဘီဘီစီ မြန်မာပိုင်း အစီအစဉ်တွင် ၀င်ရောက်လုပ်ကိုင်ခဲ့ဖူးသည်။

၂၀၀၅ ခုနှစ် သတင်းမီဒီယာ စစ်တမ်းအရ ဘီဘီစီ မြန်မာပိုင်း အစီအစဉ်ကို နားထောင်သူ ပျှမ်းမျှအားဖြင့် တပတ်လျှင် ၇.၂ သန်း နားထောင်ကြကြောင်း ဘီဘီစီ၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်