အာရှ ကလပ်အသင်း ဘောလုံးပြိုင်ပွဲများတွင် အဆင့်အနိမ့်ဆုံးပြိုင်ပွဲဖြစ်သော AFC ဥက္ကဋ္ဌ ဖလားပြိုင်ပွဲတိုင်းတွင် ဗိုလ်လုပွဲ ရောက်ခဲ့သည့် ကာဂျစ်စတန်နိုင်ငံကလပ် ဒိုဒွိုင်း - ဘစ်ရှက် အသင်းနှင့် မိနစ် ၁၂၀ ကစားခဲ့ရသော ရတနာပုံ အသင်းက ၉၆ မိနစ်အကြာတွင် အလယ်တန်းလူ ကိုနေး (KONE) ၏ ထောင့်ကန်ဘောနှင့် ဂိုးသွင်းနိုင်ကာ အနိုင်ရခဲ့ခြင်း ဖြစ်သည်။
ဒိုဒွိုင်း အသင်းမှာ အဝေးဘောများကို အထူးပြုကစားခဲ့ပြီး အရပ်အမောင်းသာမှုကို အားပြု၍ ခေါင်းတိုက် ဂိုးသွင်းနိုင်ရန်
ကြိုးစားခဲ့သည်။ ရတနာပုံအသင်းမှာမူ ပထမပိုင်း မိနစ်များတွင် ဘောလုံးကို တောက်လျှောက် ၎င်းအသင်း ခြေထောက် များထဲမှ မလွတ်စေရန် ထိန်းကစားခဲ့ပြီး မိနစ် ၇၀ နောက်ပိုင်းတွင်မှ အမြန်ထိုးဖောက် ကစားခဲ့သည်။
မိနစ် ၉၀ အထိ သရေကျနေသဖြင့် အချိန်ပိုကစားခဲ့ရသော အဆိုပါဗိုလ်လုပွဲတွင် ၂ သင်းကစားပုံ မျှတခဲ့ပြီး ဒိုဒွိုင်း အသင်းက ဂိုးသွင်းရန် အခွင့်အရေး ပိုမိုရခဲ့သော်လည်း ဂိုး မသွင်းနိုင်ခဲ့ပေ။
“ကျွန်တော်တို့ အခွင့်အရေးရပေမယ့် ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ ရတနာပုံက အခွင့်အရေး တကြိမ်ပဲ ရပေမယ့် ဂိုးရသွားတာပါ။ ရာသီဥတုကြောင့် ပွဲကို နည်းနည်းနောက်ဆုတ်ပြီး ကျင်းပရင်တော့ ပိုကောင်းပါလိမ့်မယ်” ဟု ဒိုဒွိုင်းအသင်း နည်းပြချုပ်က သတင်းစာရှုင်းလင်းပွဲတွင်ပြောသည်။
ထိုပွဲတွင် မလေးရှားကွင်းလယ်ဒိုင်၏ ဆုံးဖြတ်ချက် တချို့မှာ အငြင်းပွားဖွယ်ရာ ဖြစ်ခဲ့သော်လည်း ဒိုဒွိုင်း အသင်း နည်းပြချုပ်ကမူ ဒိုင်လူကြီးနှင့် ပတ်သက်၍ မည်သည့်မှတ်ချက်မျှမပေးလိုကြောင်း ပြောဆိုခဲ့သည်။
ညနေ ၃ နာရီခွဲတွင် စတင်ကျင်းပခဲ့သော အဆိုပါပွဲကို ပရိသတ် ၂၃၀၀၀ ကျော် လာရောက်ကြည့်ရှုခဲ့ပြီး အဆိုပါ ရိသတ်များ၏ အားက ရတနာပုံအသင်းကို အနိုင်ရရန် အထူး အထောက်အပံ့ ဖြစ်စေခဲ့ကြောင်း ရတနာပုံ အသင်းခေါင်းဆောင်
ခင်မောင်ထွန်းက ဆိုသည်။
ပြိုင်ပွဲတွင် ထောင်ချီသော မန္တလေးပရိသတ်များသည် ရထားတွဲများ၊ အဝေးပြေးယာဉ်များ စင်းလုံးငှားရမ်းကာ လာရောက် ကြည့်ရှုခဲ့သည်ဟု ရတနာပုံအသင်းမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။
ရတနာပုံအသင်း ဗိုလ်စွဲခဲ့သဖြင့် အာရှဘောလုံးအဖွဲ့ချုပ်မှ ချီးမြှင့်သော အမေရိကန်ဒေါ်လာ ၅ သောင်း (ကျပ် သိန်း ၅၀၀) နှင့် ပြည်တွင်းမှချီးမြှင့်ငွေ စုစုပေါင်း ကျပ်သိန်း ၁ ထောင်ခန့် ရရှိခဲ့သည်။
ရတနာပုံအသင်းမှာ ထိုကဲ့သို့ ဗိုလ်စွဲခဲ့သော်လည်း အဆင့်မြင့်ပြိုင်ပွဲများဖြစ်သော AFC Cup နှင့် AFC ချန်ပီယံလိဂ်များကို
ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် အဆင့်မီမည် မဟုတ်သေးကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ဦးစိုးမိုးက
ပြောဆိုသည်။
“မြန်မာ နေရှယ်နယ်လိဂ်မှာက အခြေခံအဆောက်အအုံတွေ အများကြီး လိုပါသေးတယ်။ ဒီလိုမျိုး အောင်မြင်နေရင်တောင်မှ အဆင့်မြင့် ပြိုင်ပွဲတွေ ၀င်ရောက်ယှဉ်ပြိုင်နိုင်ဖို့ နောက်ထပ် ၁ နှစ်၊ ၂ နှစ်လောက် စောင့်ရဦးမှာပါ” ဟု ၎င်းက ဆိုသည်။
ဒိုဒွိုင်း - ဘစ်ရှက် အသင်းသည် AFC ဥက္ကဋ္ဌ ဖလား စတင်ကျင်းပသော၂၀၀၅ ခုနှစ်မှ စတင်၍ ဗိုလ်လုပွဲသို့ နှစ်စဉ်တက်ရောက်သော အသင်းဖြစ်ပြီး ၂၀၀၆ နှင့် ၂၀၀၇ ခုနှစ်များတွင် ဆက်တိုက်ဗိုလ်စွဲခဲ့သည်။
အဆိုပါ ဖလား ကျင်းပခဲ့ပြီးသော ၆ ကြိမ်တွင် မြန်မာနိုင်ငံက ၃ ကြိမ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ၂၀၀၈ နှင့် ၂၀၀၉ ပြိုင်ပွဲများတွင် ကမ္ဘာဇအသင်းက ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ၂ ကြိမ်စလုံးတွင် အငြင်းပွားဖွယ်ရာများနှင့် အုပ်စုအဆင့်မှ လှည့်ပြန်ခဲ့ရသည်။
ယခု ၂၀၁၀ ပြိုင်ပွဲတွင် မြန်မာနေရှင်နယ်လိဂ် ချန်ပီယံ ရတနာပုံအသင်းက ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပြီး အုပ်စုပွဲစဉ်များနှင့် အကြိုဗိုလ်လုပွဲ၊ ဗိုလ်လုပွဲစဉ်များတွင် အိမ်ရှင်အဖြစ် ကျင်းပခွင့်ရရှိကာ ဗိုလ်စွဲခဲ့သည်။
< Prev | Next > |
---|