မဲမပေးရေး စာဖြန့်သည့် ကျောင်းသားများကို ဖမ်း

E-mail Print
ရွေးကောက်ပွဲ မဲမပေးရေး ဆိုင်ရာ စာရွက် စာတမ်းများ ဖြန့်ဝေခဲ့ကြသော ကျောင်းသား ၁၁ ဦးကို နအဖ စစ်အစိုးရက ဖမ်းဆီး ခဲ့ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသများ အဖွဲ့ချုပ်) က ယနေ့ ပြောဆိုလိုက်သည်။

ပြီးခဲ့သော တပတ်က ရွေးကောက်ပွဲတွင် မပေးဘဲ နေခွင့်ရှိသည်ဆိုသော စာတမ်းများ ဖြန့်ဝေမှုကြောင့် စစ်အစိုးရက ဒဂုံ တက္ကသိုလ်နှင့် မှော်ဘီ နည်းပညာ တက္ကသိုလ်တို့မှ ကျောင်းသားများကို ဖမ်းဆီးခဲ့ကြောင်း ရန်ကုန်မြို့ရှိ ဗကသများ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ကိုဇာနည်က ဧရာဝတီသို့ ပြောသည်။

“ပထမ ၅ ယောက် ဖမ်းတယ်။ နောက်ထပ် ၃ ရက်လောက်မှာ ၆ ယောက် ထပ်ဖမ်းတယ်။ ပထမ ၅ ယောက်ထဲက ၁ ယောက်၊ ဒုတိယအသုတ် ၆ ယောက်ထဲက ၄ ယောက်ကို ပြန်လွှတ်ပေးလိုက်တယ်” ဟု ကိုဇာနည်က ဆိုသည်။ 

ကျောင်းသားများ ဖမ်းဆီးခံရမှုနှင့် စပ်လျဉ်း၍ ၄င်းအနေဖြင့် မသိပါဟူ၍ ဒဂုံတက္ကသိုလ် ပါမောက္ခချုပ် ဦးစန်းက ပြောဆိုခဲ့ သော်လည်း ဒဂုံတက္ကသိုလ်မှ ဆရာတဦးကမူ ကျောင်းသားများကို အာဏာပိုင်များက ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး တချို့ကို မကြာမီက ပြန်လွှတ်ပေးခဲ့သည်ဟု ပြောသည်။

ကိုဇာနည်က “ကြံ့ဖွံ့ (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) ကို မဲပေးရင် သံဃာတွေကို သတ်ဦးမှာပဲ၊ ကြံ့ဖွံ့ကို မဲပေးရင် ပြည်သူတွေကို သတ်ဦးမှာပဲ အစရှိတဲ့ စာတွေပါတယ်။ အဲဒါမျိုးတွေရယ် နောက်ပြီး မဲမပေးဘဲလည်း နေနိုင်တယ် စတဲ့ အဓိက မဲမပေးရေးကို ဇောင်းပေးတဲ့ စာသားမျိုးတွေပါတဲ့ လက်ကမ်းစာစောင်တွေ ဝေတာပါ”ဟု ဆိုသည်။

ယနေ့ ထုတ်ပြန်လိုက်သော ဗကသများအဖွဲ့ချုပ်၏ ကြေညာချက်တွင် နအဖစစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေ အခန်း ၁၊ အပိုဒ် ၃ (ဎ) ဥပဒေပါ “ရွေးကောက်ပွဲတွင် မဲမပေးနိုင်သော အခွင့်အရေး သို့မဟုတ် မဲပေးခြင်းမပြုဘဲ နေနိုင်သော အခွင့် အရေးကို ဆိုသည်” ဟူသော ပြဌာန်းချက်ကို ပြန်လည်ထောက်ပြထားပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် မဲမပေးဘဲနေနိုင်ကြောင်း စာရွက် ဖြန့်ဝေခဲ့သည့် ကျောင်းသားများကို မတရား ဖမ်းဆီးထားသည့်အပေါ် အပြင်းအထန် ရှုတ်ချကြောင်းနှင့် ကျောင်းသား လူငယ် များက တိုးမြှင့် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ဆက်လက် အဖမ်းခံထားရသူမှာ သာထူးအောင်၊ ဇင်မင်းထက်၊ ကျော်သီဟ၊ ဇာနည်လင်း၊ ကျော်သူစိုးနှင့် ရဲလင်းဖြိုးတို့ ဖြစ်ပြီး အသက် ၁၉ နှစ်မှ ၂၄ နှစ် အရွယ်များရှိ၍ မြောက်ဥက္ကလာပမြို့နယ်တွင် နေထိုင်သူများဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

စစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲနှင့် သက်ဆိုင်သော ဥပဒေ ပုဒ်မ ၃ အရ တားမြစ်ချက်များကို မည်သူမဆို ဖောက်ဖျက် ကျူးလွန်၍ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် အနည်းဆုံး ၅ နှစ်မှ အနှစ်၂၀ အပြင် ငွေဒဏ်ပါ ချမှတ်နိုင်ကြောင်း ပြီးခဲ့သည့် သြဂုတ်လ ၄ ရက်နေ့ထုတ် အစိုးရသတင်းစာ ဆောင်းပါးတပုဒ်တွင် ရေးသားထားသည်။

ယင်း ဥပဒေ ပုဒ်မ ၃ သည် နိုင်ငံတော် တာဝန်ကို တည်ငြိမ်အေးချမ်းစွာ စနစ်တကျ လွှဲပြောင်းပေးရေး၊ အမျိုးသား ညီလာခံ
လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်ရေးတို့ကို နှောင့်ယှက် ဆန့်ကျင်ခြင်းမှ ကာကွယ်သော ဥပဒေတရပ်ဖြစ်ကြောင်း ဥပဒေ လေ့လာသူတဦး အမည်ခံ ဆောင်းပါးရှင်က ဆိုသည်။ 

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း၏ စာရင်းများ အရ မြန်မာတနိုင်ငံလုံးရှိ အကျဉ်းထောင်များအတွင်း ကျောင်းသား အကျဉ်းသားပေါင်း ၂၈၂ ဦး ရှိနေသေးကြောင်း သိရသည်။

ဧရာဝတီ သတင်းထောက် သန်းထိုက်ဦးနှင့် မင်းနိုင်သူ ပူးပေါင်း ရေးသားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်