ဒေါ်အောင်ဆန်းစုကြည် မဲပေးခွင့် သတင်း ဖော်ပြခွင့်မရ

E-mail Print
မဲပေးပိုင်ခွင့် ရှိသူများစာရင်းတွင် ဒေါ်အောင်ဆန်းစုကြည် အမည်ကို တရားဝင် ထည့်သွင်း ထုတ်ပြန်ခဲ့ သော်လည်း မြန်မာနိုင်ငံ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနက အဆိုပါသတင်းကို ပြည်တွင်း မီဒီယာများ၌ ဖော်ပြခွင့်မပြုကြောင်း သတင်းရရှိသည်။

hold-postersပြီးခဲ့သည့် တပတ်က ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား အမှတ် (၁) ရပ်ကွက်ရှိ ရပ်ကွက် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ရုံးတွင် ဒေါ်အောင်ဆန်းစုကြည်၊ အတူနေသူများ ဖြစ်သည့် ဒေါ်ခင်ခင်ဝင်းနှင့် ဒေါ်ဝင်းမမတို့ကို မဲပေးနိုင်သူများ စာရင်းတွင် ထည့်သွင်း ဖော်ပြထား ခြင်းကြောင့် ပြည်တွင်း မီဒီယာများက ရပ်ကွက်ရုံးသို့ သွားရောက် သတင်းယူ ကြကြောင်း၊ သို့သော် စာပေ စိစစ်ရေးက ယင်းသတင်းကို ဂျာနယ်များတွင် ဖော်ပြခွင့် မပြုဘဲ ဖြုတ်ပယ်ခြင်း ဖြစ်ကြောင်း သတင်းဂျာနယ် အယ်ဒီတာ တဦးက ပြောသည်။

“စာပေစိစစ်ရေးက ဒေါ်အောင်ဆန်း စုကြည်ဆိုတဲ့ နာမည်ကို သတင်း မီဒီယာ တွေပေါ်မှာ မမြင်ချင်လို့ ပိတ်တာပဲ။ လူတယောက် မဲပေးလို့ ရတယ်ဆိုတာ ဘယ်သူ့ကိုမှ ထိခိုက်တဲ့ သတင်းမျိုး မဟုတ်ဘူး” ဟု အဆိုပါ အယ်ဒီတာက ပြောသည်။

မဲဆန္ဒရှင်စာရင်း စတင်ထုတ်ပြန်သည့် စက်တင်ဘာလ ၂၀ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်အမည် ပါဝင်ခြင်းမရှိဘဲ စက်တင်ဘာလ ၂၃ ရက်နေ့ ညပိုင်းအချိန်တွင်မှ ဒေါ်အောင်ဆန်းစုကြည် အမည်ပါသည့် စာရွက်ကို ရပ်ကွက်ရုံးတွင် ပြောင်းလဲကပ်ခြင်းဖြစ်ကြောင်း သိရသည်။

စာပေစိစစ်ရေးသည် ဒေါ်အောင်ဆန်းစုကြည်၏အမည်၊ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အပါအ၀င် NLD နှင့် ဆက်နွှယ်သော သတင်းမှန်သမျှ ပိတ်ပင်ထားသည့်အပြင် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဝေဖန်ရေးသားမှုများ၊ ရွေးကောက်ပွဲကို ဆန့်ကျင်သည့် သတင်းများ ဖော်ပြခွင့်ကိုလည်း ပိတ်ပင်ထားသည်။

“အခုထက်ထိ သတင်းလွတ်လပ်ခွင့် မရသေးဘူး။ ပြည်တွင်း ပုဂ္ဂလိကမီဒီယာတွေ ခက်ခက်ခဲခဲ ရုန်းကန်နေရဆဲပဲ။ လာမယ့် ရွေးကောက်ပွဲမှာ ဘယ်လိုနည်းနဲ့မှ သတင်းလွတ်လပ်ခွင့် ရမှာမဟုတ်ဘူး” ဟု ရန်ကုန်မှ စာနယ်ဇင်းသမားတဦးက ပြောသည်။

ပြည်တွင်း သတင်းမီဒီယာများအနေနှင့် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေများနှင့် ဆက်စပ်သော သတင်းများ ရေးသားရာတွင် သတိပြုကြရန်၊ ဝေဖန်ခြင်း၊ မှားယွင်းရေးသားခြင်းများရှိလျှင် ဂျာနယ်ထုတ်ဝေခွင့်ကို ထာဝရ ပိတ်ပင်သည်အထိ အရေးယူမည်ဖြစ်ကြောင်း စာပေစိစစ်ရေးက ညွှန်ကြားချက်တရပ်ကို ဇူလိုင်လတွင် ထုတ်ပြန်ခဲ့သည်ဟု သိရသည်။

ပြည်တွင်း နိုင်ငံရေးသမား တဦးကမူ သတင်းလွတ်လပ်ခွင့်မရှိဘဲ လာမည့် ရွေးကောက်ပွဲသည် တရားမျှတ လွတ်လပ်သော ရွေးကောက်ပွဲ မဖြစ်နိုင်ကြောင်း သုံးသပ်သည်။

ရွေးကောက်ပွဲကို သပိတ်မှောက် ခိုင်းခြင်းသည် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅၇ အရ ထောင်ဒဏ် တနှစ်နှင့် ငွေဒဏ် တသိန်း ချမှတ်နိုင်သည်ဟု ရေးသားထားသည့် အစိုးရဝါဒဖြန့် ဆောင်းပါးများကို သတင်းဂျာနယ်များတွင် ဖော်ပြရန် စာပေစိစစ်ရေးက ဖိအားပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့) ၏ ရပ်ကွက်များတွင် လမ်းခင်းပေးခြင်း၊ ငွေချေးငှားပေးခြင်း ကဲ့သို့သော နိုင်ငံတော်ပိုင် ဘဏ္ဍာငွေဖြင့် မဲဆွယ်စည်းရုံးသည့် သတင်းများ၊ ကြံ့ဖွံ့ပါတီကို အမာခံမဲပေးမည့်သူများစာရင်းနှင့် ကြိုတင် မဲစာရင်း ကောက်ခံမှုများနှင့် ပတ်သက်သော သတင်းများကိုလည်း စာပေစိစစ်ရေးက ဖြုတ်ပယ်ကြောင်း စုံစမ်းသိရှိရသည်။

နိုဝင်ဘာ ၇ ရက်နေ့ ရွေးကောက်ပွဲတွင် စစ်အစိုးရ ၀န်ကြီးချုပ် ဦးသိန်းစိန် ခေါင်းဆောင်သော ကြံ့ဖွံ့ပါတီ အပါအ၀င် နိုင်ငံရေးပါတီပေါင်း ၃၇ ပါတီ ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ ယင်းပါတီများမှ ကိုယ်စားလှယ်လောင်း ၃၀၀၀ ကျော်က လွှတ်တော် သုံး ရပ်တွင် နေရာ ၁၁၇၁ နေရာအတွက် ယှဉ်ပြိုင် အရွေးခံကြမည်ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်