ဒေါ်အောင်ဆန်းစုကြည် “တွီတာ” သုံးချင်

Monday, 18 October 2010 13:08
Print
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယခုလက်ရှိ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်သည်နှင့် တပြိုင်နက် မျိုးဆက်သစ်လူငယ်များနှင့် ချိတ်ဆက်နိုင်ရန် အင်တာနက်လူမှုကွန်ရက် တခုဖြစ်သော “တွီတာ” (Twitter) ကို အသုံးပြုရန် ဆန္ဒရှိကြောင်း သိရသည်။ 

assk400“ဒေါ်အောင်ဆန်းစုကြည်က လွတ်တာနဲ့ တွီတာ သုံးချင်နေတယ်။ ပြည်တွင်းပြည်ပက မျိုးဆက်သစ် လူငယ်တွေနဲ့ ထိစပ်ချင်တယ်။ သူ နေ့တိုင်း တွီတာသုံးနိုင်ရင်ကောင်းမယ်လို့ ပြောတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးဉာဏ်ဝင်းက ပြောကြောင်း AP သတင်းဌာနတွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဖုန်းနှင့် အင်တာနက် သုံးစွဲခွင့်မရှိသော်လည်း သူ့တွင် လပ်ပ်တော့ပ် ကွန်ပျူတာ တလုံး ရှိကြောင်း၊ ကွန်ပျူတာအကြောင်းလည်း သိရှိနားလည်ကာ အီလက်ထရွန်းနစ် ပစ္စည်းကိရိယာများကိုလည်း ကျွမ်းကျင်စွာ အသုံးပြုနိုင်ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

လက်ရှိ အကျယ်ချုပ်စည်းကမ်းများအရ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံပိုင်သတင်းစာများနှင့် ပြည်တွင်းထုတ် ဂျာနယ်များအား ဖတ်ရှုနိုင်ပြီး ရေဒီယိုနားထောင်ခွင့်ရရှိသည်။ တီဗီ ကြည့်ရှုနိုင်သော်လည်း ဂြိုဟ်တုစလောင်း မရှိသဖြင့် အစိုးရထုတ်လွှင့်နေသော ရုပ်သံလိုင်းများသာ ကြည့်နေရကြောင်း သိရသည်။

“ဘာလို့ တွီတာသုံးမှာလဲ၊ ဖေ့စ်ဘုခ် (Facebook) သုံးပါလား။ မြန်မာပြည်မှာ အများစုက ဖေ့စ်ဘုခ်ပဲ သုံးနေကြတာလေ” ဟု ဟောင်ကောင်၌ ပညာသင်ကြားနေသော မြန်မာတက္ကသိုလ်ကျောင်းသား တဦးက သူ့ထင်မြင်ချက်ကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရသတ်မှတ်ထားသော လက်ရှိ နေအိမ်အကျယ်ချုပ်သက်တမ်း ၁၈ လသည် ရွေးကောက်ပွဲ ပြီး၍ ၆ ရက်အကြာ နိုဝင်ဘာ ၁၃ ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်ပြီး ၎င်းလွတ်မြောက်မည်ဟုလည်း အများကမျှော်လင့် နေကြသည်။

သူ၏အကျယ်ချုပ်နှင့် ပတ်သက်၍ အယူခံထားမှုအား ရန်ကုန်ရှိ အထူးတရားခုံရုံးက ယနေ့နံနက်တွင် ကြားနာမည်ဟု သိရသည်။