မြန်မာပြည် ငြိမ်းချမ်းမှ ဒုက္ခသည်များ ပြန်ပို့မည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြော

Friday, 22 October 2010 19:15
Print
မြန်မာနိုင်ငံတွင် ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပပြီးနောက် တည်ငြိမ် အေးချမ်းမှသာလျှင် ထိုင်း-မြန်မာ နယ်စပ်တလျှောက်ရှိ ဒုက္ခသည်များကို ပြန်ပို့မည် ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ဖိရုမ်းက ယနေ့ ပြောကြားလိုက်ကြောင်း သတင်း ရရှိသည်။

11.-Karen-refugeesမြန်မာနိုင်ငံ မြ၀တီမြို့တဖက်ကမ်း ထိုင်းနိုင်ငံ တာ့ခ်ခရိုင်အတွင်းရှိ မယ်လဒုက္ခသည်စခန်းသို့ ရောက်ရှိနေစဉ် မစ္စတာ ကဆစ် ဖိရုမ်းက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“မြန်မာပြည်မှာ အေးချမ်းသွားမှ ကျနော်တို့ကို ပြန်ပို့မယ်၊ ကျနော်တို့ နေရပ်မှာ လက်နက်ကိုင် တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေရင် ပြန်မပို့သေးဘူးလို့ ပြောသွားပါတယ်” ဟု မစ္စတာ ကဆစ် ဖိရုမ်းနှင့် တွေ့ဆုံခဲ့သည့် စခန်းကော်မတီ တာဝန်ရှိသူတဦးက ပြောသည်။  

မယ်လဒုက္ခသည် စခန်းသို့ ထိုင်းအစိုးရ တာဝန်ရှိသူများ၊ ကရင် ဒုက္ခသည် ကော်မတီ (KRC) နှင့် အစိုးရမဟုတ်သော အဖွဲ့အစည်း (NGO) တာဝန်ရှိသူများ လိုက်ပါလာကြောင်း သိရသည်။

စက်တင်ဘာ လကုန်ပိုင်းက မစ္စတာ ကဆစ် ဖိရုမ်းက အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကျင်းပခဲ့သော ဆွေးနွေးပွဲတခုတွင် မြန်မာဒုက္ခသည်များကို ၂၀၁၀ ရွေးကောက်ပွဲပြီးပါက ပြန်ပို့မည်ဟု ပြောဆိုခဲ့ဖူးသည်။

ထိုင်း-မြန်မာ နယ်စပ်တလျှောက်တွင် ဒုက္ခသည်စခန်း ၉ ခုရှိပြီး ဒုက္ခသည်ပေါင်း ၁ သိန်း ၆ သောင်းခန့် ရှိကြောင်း၊  ၁၉၈၃ ခုနှစ်မှ စတင်၍ မြန်မာစစ်အစိုးရတပ်များ၏ ထိုးစစ်ဆင်မှုကြောင့် ထိုင်းနိုင်ငံသို့ ယနေ့အထိ ဆက်လက် ထွက်ပြေးနေကြဆဲဖြစ်ကြောင်း သိရသည်။

ဒုက္ခသည်များကို ထိုင်း-မြန်မာ နယ်စပ်တလျှောက် ကူညီစောင့်ရှောက်ရေး ညွန့်ပေါင်းအဖွဲ့ (TBBC) က အခြေခံ စားနပ်ရိက္ခာများဖြစ်သည့် ဆန်၊ ပဲ၊ ငါးပိ၊ ဆား အစရှိသည်တို့ကို ထောက်ပံ့ပေးခဲ့ပြီး တခြားလူမှု အဖွဲ့အစည်းများက ရေနှင့် သန့်ရှင်းရေး ပစ္စည်းများ ထောက်ပံ့ပေးသည်။

TBBC အဖွဲ့သည် ဒုက္ခသည်များကို ကူညီရန်အတွက် လူသားချင်း စာနာမှု အကူအညီများပေးနေသော အစိုးရမဟုတ်သည့် အဖွဲ့များ စုစည်းထားသည့် အဖွဲ့တဖွဲ့ဖြစ်သည်။