ဂီရီကြောင့် ဆန်နှင့် ကြက်သွန် ဈေးတက်

E-mail Print
ဂီရိ ဆိုင်ကလုန်း မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်မှ ထွက်ရှိသည့် ဆန်များကို ပြည်တွင်း ဈေးကွက်သို့ တင်ပို့နိုင်ခြင်း မရှိသည့်အတွက် ဆန်ဈေးနှုန်း မြင့်တက်သွားကြောင်း သိရသည်။

ရခိုင်ပြည်နယ်မှ ထွက်သည့် ဆန်များကို ပြည်တွင်းဈေးကွက်သို့ တင်ပို့နေရာမှ မုန်တိုင်းတိုက်ခတ်ပြီးနောက် ဈေးကွက်သို့ ၀င်ရောက်နိုင်ခြင်း မရှိတော့ကြောင်း၊ ရခိုင်ပြည်နယ်သို့ပင် ပြန်လည်တင်ပို့နေရသည့်အတွက် ဈေးနှုန်း မြင့်တက်သွားခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ ဘုရင့်နောင်ပွဲရုံတန်းမှ ဆန်ပွဲရုံပိုင်ရှင်တဦးက ဧရာဝတီသို့ ပြောသည်။

“အခုတနိုင်ငံလုံး ဆန်သစ်ပေါ်ကာစ စပ်ကူးမတ်ကူးကာလဆိုတော့ လှိုင်လှိုင်မပေါ်သေးဘူး။ ပထမပိုင်းက ရခိုင်ကနေ သွင်းနေတာ။ အခုတော့ သူတို့ဆီက အလှူဆန်ဆိုပြီး ပြန်ဝယ်နေတယ်” ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်မှ တင်သွင်းသည့် ယမန်နှစ်ကထွက်ရှိသော ရွှေဝါထွန်း အမာဆန် ပိဿာ ၃၀ ပါ တတင်းခွဲ တအိတ်လျှင် မကြာမီရက်ပိုင်းက ၁၇၀၀၀ ကျပ် ဈေးနှုန်းရှိရာမှ ယခုအခါ ၁၇၅၀၀ ကျပ်၊ ဇီယာဆန်မှာလည်း ၁၇၅၀၀ ကျပ်မှ ၁၈၀၀၀ ကျပ်အထိ မြင့်တက်သွားသည်ဟု အဆိုပါ ပွဲရုံပိုင်ရှင်က ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းက မြန်မာပြည်အတွင်း အဓိက စပါးစိုက်ရာဒေသကြီးများ ဖြစ်သည့် ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် မိုးများသည့်အတွက် စပါးခင်းများ ရေမြုပ်ကာ ပျက်စီးဆုံးရှုံးမှုများရှိခဲ့သည်။

ယခုအခါ ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်းအတွင်းရှိ တချို့သော ဒေသများတွင် ဆန်အသစ်များ စတင်ထွက်ရှိနေပြီ ဖြစ်ကြောင်း၊ အသစ်ပေါ်သည့်  ရွှေဝါထွန်း အမာဆန်များကို ပိဿာ ၃၀ ပါ တတင်းခွဲ တအိတ်လျှင် ၁၃၅၀၀ ကျပ်နှုန်းဖြင့် ရခိုင်ပြည်နယ် တောင်ကုတ်မြို့သို့ တင်ပို့နေရကြောင်း ပြည်မြို့မှ ဆန်ကုန်သည်တဦးကလည်း ပြောသည်။

“ရခိုင်နဲ့ ပဲခူးတိုင်း နယ်နိမိတ်အစပ်မှာရှိတဲ့ ညောင်ဂျိုးဂိတ်ကနေ ရခိုင်ပြည်နယ်ထဲကိုတော့ ဆန်သယ်ခွင့်ပေးတယ်။ ရခိုင်ကနေ ပြည်ဘက်ကို ထွက်ခွင့်မပေးတော့ဘူး” ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းသင့်ဒေသများအတွက် ဝေငှရန် လိုအပ်သည့်ဆန်များကို ရန်ကုန်မြို့၊ ပြည်မြို့ စသည့်မြို့များမှ တင်သွင်းနေကြောင်း၊ ပြည်မြို့မှ တောင်ကုတ်မြို့သို့ သယ်ယူပို့ဆောင်ရေးစရိတ်မှာ ဆန်တအိတ်လျှင် ၁၂၀၀ ကျပ်ရှိပြီး ရန်ကုန်မြို့မှ တောင်ကုတ်သို့ ၁၄၀၀ ကျပ်မှ ၁၆၀၀ ကျပ်အကြား ပေးရကြောင်း ဆန်ကုန်သည်များထံမှ သိရသည်။

တောင်ကုတ်မြို့မှ ဆန်ကုန်သည်တဦးက လက်ရှိအနေအထားတွင် တောင်ကုတ်ဈေးကွက်၌ ရွှေဝါထွန်း အမာဆန်သစ် တအိတ်လျှင် ၁၅၅၀၀ ကျပ်နှုန်းရှိပြီး ဆန်အဟောင်းမှာ တတင်းခွဲ တအိတ်လျှင် ၁၆၅၀၀ ကျပ် ဈေးရှိသည်ဟု ဆိုသည်။

မုန်တိုင်းကာလတွင် ရိတ်သိမ်းရတော့မည့် စပါးစိုက်ခင်းများသို့ ပင်လယ်ဆားငန်ရေ ၀င်ရောက်သည့်အတွက် ပျက်စီးမှုများရှိသည်ဟု ကြားရကြောင်း၊ ဒေသတွင်းဆန်ပြတ်လပ်မှု ဖြစ်နိုင်သည်ဟု ဈေးကွက်အတွင်း ခန့်မှန်းပြောဆိုနေကြကြောင်း တောင်ကုတ်မြို့ခံ ဆန်ကုန်သည်က ပြောသည်။

ဂီရိ ဆိုင်ကလုန်းမုန်တိုင်းသည် အောက်တိုဘာ ၂၂ ရက်နေ့တွင် ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့နယ်သို့ ဖြတ်သန်းပြီးနောက် ကုန်းတွင်းပိုင်းသို့ ၀င်ရောက်ကာ အားပျော့သွားခဲ့သည်။

ရခိုင်ပြည်နယ် ဆန်စပါးကုန်သည်ကြီးများ အသင်းမှ တာဝန်ရှိသူတဦးက “ရေငန်တား တမံတွေကျိုးလို့ ကျောက်ဖြူနဲ့ မြေပုံမြို့နယ်မှာ လယ်ဧက တော်တော်များများ ပျက်စီးသွားတယ်လေ။ ဘယ်ရွေ့ဘယ်မျှဆိုတာ သေချာမသိရသေးပေမယ့် အားလုံးပေါင်းလိုက်ရင် အနည်းဆုံးတော့ ဧကထောင်ချီမှာပါ” ဟု ပြောသည်။

ယခုလဆန်းပိုင်းကလည်း သံတွဲမြို့နယ်အတွင်း ရေငန်တား တမံများ ကျိုးပေါက်သောကြောင့် လယ်ဧက ငါးထောင်ခန့် ပျက်စီးခဲ့ကြောင်း သိရသည်။

ဂီရိမုန်တိုင်းကြောင့် ပေါက်နယ်အတွင်းရှိ အုန်းတောနှင့် ရေပြာ ဘေလီတံတား ၂ စင်း ရေထဲပါသွားပြီး ဆိပ်ဖြူမြို့နယ်နှင့် ပခုက္ကူမြို့နယ်အကြားရှိ ကံတွင်း ကွန်ကရစ်တံတားကြီးလည်း ကျိုးသွားကြောင်း၊ ချောင်းနားရွာနှင့် ဆင်သေရွာတို့သည် ရွာလုံးကျွတ်ရေမြုပ်သွားကြောင်း သိရှိရသည်။

ဂီရိမုန်တိုင်းကြောင့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုများ ဖြစ်ပွားခဲ့ရာ မကွေးတိုင်း ပေါက်မြို့နယ်အတွင်းရှိ ယောချောင်း၊ ကျောချောင်း စသည့် ချောင်းများအတွင်း တောင်ကျချောင်းရေများ စီးဆင်းခဲ့ကြောင်း၊ ထို့အပြင် ချောင်းတလျှောက်ရှိ  ကျေးရွာများ၊ ကြက်သွန်သိုလှောင်သည့် အဆောက်အဦများ၊  ကြက်သွန်စိုက်ခင်းများ ပျက်စီးသွားကြောင်း ဒေသခံ ကြက်သွန် ကုန်သည်တဦးက ဆိုသည်။

“လွန်ခဲ့တဲ့တလလောက်က ရွာမှာအထိုင်ဝယ်ရင် တပိဿာ ၁၀၀ ကျပ်ဈေးနဲ့ ၀ယ်သူတောင် မရှိတဲ့ ကြက်သွန်က အခုမုန်တိုင်းကြောင့် တပိဿာ ၆၅၀ ကျပ်ဈေး ဖြစ်သွားပြီ” ဟု ၎င်းကဆိုသည်။

မိုးများစွာ ရွာသွန်းသည့်အတွက် တောင်သူကြီးများထံတွင် လှောင်ထားသည့် ကြက်သွန်များလည်း ပျက်စီးသွားကြောင်း၊ ကြက်သွန်ဈေးမှာ ပြီးခဲ့သည့် လပိုင်းများက ဈေးနှုန်းထိုးကျနေသည့်အတွက် ကုန်သည်များသည် ကျဈေးဖြင့် ရောင်းချခဲ့ကြောင်း၊ ယခု ဈေးတက်သည့်အချိန်တွင် ကုန်သည်များထံတွင် ကြက်သွန်လက်ကျန် မရှိနိုင်ကြောင်း ယင်းဒေသခံ ကုန်သည်က ဆက်လက်ပြောသည်။

ယခုအခါ ကြက်သွန်စိုက်ဒေသများဖြစ်သည့် ဆင်ဖြူကျွန်း၊ စလင်း၊ ဆိပ်ဖြူ၊ ယောနယ်၊ မြစ်သား၊ မြင်းခြံမြို့နယ်များတွင်  စိုက်ပျိုးထားသည့် ကြက်သွန်စိုက်ခင်း ၉၀ ရာခိုင်နှုန်းခန့် ပျက်စီးနိုင်ပြီး နွားထိုးကြီးမြို့နယ်တွင်သာ မပျက်မစီး ကျန်ခဲ့သည်ဟု သိရသည်။

ယခုပျက်စီးသွားသည့် ကြက်သွန်စိုက်ခင်းများကို တောင်သူများက ပြန်လည်စိုက်ပျိုးနေပြီး လာမည့် ဇန်န၀ါရီလတွင်သာ ကြက်သွန်အသစ် ပေါ်တော့မည် ဖြစ်သည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်းက ကြက်သွန်ဈေးမှာ တပိဿာ ၁၀၀ ကျပ်အထိ ကျဆင်းခဲ့သည်အတွက် ဈေးနှုန်း အဆမတန် ကျဆင်းနေမှုကို ကာကွယ် တားဆီးပေးရန် ကြက်သွန်စိုက် တောင်သူများက ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ စာရေးသားပေး ပို့ခဲ့သေးသည်။

ယခုအခါ ရန်ကုန်မြို့ ကြက်သွန် လက်လီဈေးမှာ တပိဿာလျှင် ၁၂၀၀ ကျပ်အထိ မြင့်တက်သွားသည်ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်