ပြည်ပ ပို့ကုန် လုပ်ငန်းများ ကျဆင်း

E-mail Print
မြန်မာပြည်တွင်း၌ ရွေးကောက်ပွဲနောက်ပိုင်း အမေရိကန် ဒေါ်လာဈေးနှုန်း ဆက်တိုက်ကျဆင်းနေပြီး ဆန်၊ ပဲ နှင့် နှမ်း စသည့် ပြည်ပ ပို့ကုန် စီးပွားရေး လုပ်ငန်းများလည်း ထက်ဝက်ခန့် လျော့ကျနေကြောင်း သိရသည်။

rice“Export (ပို့ကုန်) ကုမ္ပဏီတွေက ပြည်ပကို ၁၀ ဂရမ်၊ ၂၀ ဂရမ်လောက် ဆန်၊ ပဲ ၊ နှမ်းတွေ ကို နမူနာ အနေနဲ့ ပြည်ပက မှာ ရင် ပို့ပေးရတယ်။ ဒီ လကုန်ပိုင်းလောက်က စပြီး အဲဒီလိုပို့နေတာတွေ တ၀က်လောက်လျော့သွားတယ်။ ဘာများဖြစ် တာလဲ ဆိုပြီး ကုမ္ပဏီတွေကို မေးတော့ ပြည်ပ အမှာစာတွေ မလာတော့ သူတို့လည်း နမူနာပို့မပေးရဘူးလို့ ပြောတယ်”ဟု ပြည်ပသို့ ကုန်ပစ္စည်း ပို့ဆောင်ရေး ၀န်ဆောင်မှု လုပ်ငန်းမှ မန်နေဂျာ တဦးက ပြောသည်။

၎င်းက ဆက်လက်၍“ဒေါ်လာဈေး ဆက်တိုက် ထိုးကျနေတော့ ပို့ကုန်တွေအတွက် ပြန်ရလာမယ့် ငွေကြေး ကျတယ်။ တချို့ လုပ်ငန်းရှင်တွေက အခြေအနေစောင့်ကြည့်ပြီး ပို့တာ၊ တချို့ကို ခဏရပ်တာ ၊ လျှော့တာမျိုးတွေ ဈေးကွက် ကစားကြတာ တွေရှိတယ်”ဟု ၎င်း က ပြောသည်။

အဆိုပါ ဆန်၊ ပဲ ၊ နှမ်း ကုန်ပစ္စည်းများကို နမူနာအဖြစ် စင်င်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ယူအေအီး နိုင်ငံများသို့ ပို့ဆောင်ပေးရမှု များကြောင်း သိရသည်။

ယခုနှစ် ဆန်တင်ပို့မှုမှာ ပထမ ၆ လ အတွင်း ၂၇၀ ၁၈၀ တန်ချိန် ရှိပြီး ၂၀၀၉ ခုနှစ် ပထမ ၆ လ အတွင်းတင်ပို့မှု တန်ချိန်
၇၅၀ ၁၀၀ ရှိသောကြောင့် နှိုင်းယှဉ်ပါက တန်ချိန် ၄ သိန်းကျော် လျော့ကျသွားသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန စာရင်းဇယားများက ဆိုသည်။

ပြည်တွင်း ဈေးကွက်တွင် ပဲတင်ပို့မှုသည်လည်း ယခုနှစ် စက်တင်ဘာလ နောက်ပိုင်းမှ စတင်၍ အဓိက ၀ယ်ယူနေသော အိန္ဒိယ ၀ယ်လိုအား ကျဆင်းသွားခဲ့သည်ဟု နှမ်းနှင့် ပဲ ပြည်ပ တင်ပို့မှု လုပ်ကိုင်နေသည့် ကုမ္ပဏီ အရောင်းမန်နေဂျာတဦးက ပြောသည်။ 

“အရင်တုန်းကလို ပြည်ပနဲ့ နှစ်ချုပ် စာချုပ်တွေ ချုပ်ပြီး တင်ပို့မယ်ဆို ဘာအပြောင်းအလဲပဲ ဖြစ်ဖြစ် ဆက်တင်ပို့နေရတဲ့ အနေ အထားနဲ့တော့ ကွာသွားတာပေါ့။ အခုက ပြည်ပကမှာရင် ဒီက ဘယ်လောက် တင်ပို့မယ်၊ ဘယ်ဈေးနှုန်းနဲ့ သက်ဆိုင်ရာကို တင်ခွင့်ပြုတာ ကျလာရင်ရောင်း အဲဒီလို သွားနေတော့ ပြည်ပမှာ လက်ကျန်များနေရင် ဆက်မမှာတော့တာမျိုးတွေလည်း ရှိ တယ်။ ကိုယ့်ပြည်တွင်းမှာကို အခုလောလောဆယ် ဈေးကွက်က မငြိမ်ဘူး။ ဘာဖြစ်လာဦးမလဲဆိုပြီး တချို့ကထုတ်မရောင်း ဘူး။ ရောင်းလိုက်ပြီးကာမှ တခုခုဆို မရင်းရဲကြဘူးလေ”ဟု ၎င်းက ပြောဆိုသည်။

၂၀၀၉-၂၀၁၀ တွင် ပဲလွန်းဖြူ တင်ပို့မှု တန်ချိန် ၂၁၀၀၀၀ ရှိခဲ့ပြီး ယခု၂၀၁၀-၂၀၁၁ တွင် ၁၅၀၀၀၀ ၊ ပဲတီစိမ်း တင်ပို့မှု ၂၀၀၉-၂၀၁၀ တွင် ၁၂၈၀၀၀ရှိခဲ့ပြီး ၂၀၁၀-၂၀၁၁ တွင် ၁၂၂၀၀၀၊ မတ်ပဲတင်ပို့မှု ၂၀၀၉-၂၀၁၀တွင် တန်ချိန် ၂၉၀၀၀၀ ရှိခဲ့ပြီး
၂၀၁၀-၂၀၁၁ တွင် ၂၅၀၀၀၀ ခန့်သို့ လျော့ကျသွားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

“သွင်းကုန်ရော၊ ပို့ကုန်ရော စောင်ခြုံပြီး အိပ်နေတယ် ပြောရမယ်။ ကျနော်တို့က အဓိက ရေထွက်ပစ္စည်းနဲ့ ပဲတင်ပို့တာများ တယ်”ဟု A.T Int'l ltd မှ မန်နေးဂျင်း ဒါရိုက်တာ ဦးအေးမင်းက ပြောသည်။

ပို့ကုန် အဓိကထား လုပ်ကိုင်နေသည့် Annawa Trade Park Marine Products Ltd မှ ဒါရိုက်တာ ကိုကျော်နိုင်ကလည်း “အရင်ကထက်စာရင် သိသိသာသာ ပို့ရတာ လျော့သွားတယ်။ ၃ ပုံ ၂ ပုံလောက် လျော့တာပေါ့ ”ဟု ပြောသည်။

အင်္ဂလန်၊ ဆော်ဒီ အာရေးဗီးယား ၊ ယူအေအီး၊ ကူဝိတ် ၊ အီတလီ နိုင်ငံများသို့ ငါး၊ ပုစွန် အဓိက ထား တင်ပို့လျက်ရှိရာ လက်ရှိ ဒေါ်လာဈေးနှုန်း ကျပ် ၉၀၀ အောက်သို့ ကျပြီးနောက် တင်ပို့မှု နှုန်းထားလည်း လျော့ကျသွားသည်ဟု ၎င်းက ဆက်ပြောသည်။
စီးပွားရေးပညာရှင် ဦးခင်မောင်ညို ကလည်း“ဒေါ်လာဈေးကျတာအပြင် ကျောက်မျက်ပွဲကနေ နိုင်ငံခြားငွေတွေ ၀င်လာတယ်၊ နောက် ဂီရိကနေလည်း ထပ်ဝင်တော့ ပြည် တွင်းမှာ နိုင်ငံခြားငွေ ပေါနေတာပေါ့။ ဒါတွေကြောင့်လည်း လက်ရှိ ပြည်ပနဲ့ ဆက် သွယ်လုပ်နေတဲ့ သွင်းကုန်၊ ပို့ကုန်တွေ အကုန် ကျနိုင်တယ်”ဟု ပြောသည်။

“ပြည်ပနဲ့ ဆက်သွယ်လုပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေရော၊ ဆိပ်ကမ်းလုပ်ငန်း လုပ်နေတဲ့ လူတွေရော အရင်ကထက် ကျနေ တယ်။ စီးပွားရေး လုပ်ငန်းရှင်တွေဘက်ကလည်း မလုပ်ရဲ မကိုင်ရဲ အနေအထားမျိုးဖြစ်နေတယ်။ အခြေအနေ နည်းနည်းငြိမ် မှ လုပ်မယ်ဆိုပြီး ထိန်းထားတော့ ဈေးကွက် လည်ပတ်မှု နှုန်းနှေးသွားတာပေါ့။ လုံးဝ ရပ်သွားတာတော့ မရှိသေးဘူး”ဟု အေးရှားဝေါ ဆိပ်ကမ်းတွင် လုပ်ကိုင်နေသူ မန်နေဂျာတဦးက ပြောသည်။

ရွေးကောက်ပွဲလွန်ကာလ နိုင်ငံရေးတည်ငြိမ်မှုနှင့် အာဏာပိုင်များ ချမှတ်ထားသည့် မူဝါဒအတိုင်း ဆက်လက်လုပ်ဆောင်သွား မည် ဆိုပါက စီပွားရေး ပုံစံသစ်ကို မျှော်ကြည့်နိုင်မည်ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

အထက်ပါ မန်နေဂျာက ဆက်လက်၍“အစိုးရသစ် တက်ပြီးတဲ့နောက်မှာ စီးပွားရေးလုပ်ငန်းတွေ အားကောင်းလာဖို့ ဆိုတာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့သလိုပေါ့၊ ပြောတဲ့အတိုင်း ဖြစ်လာမယ် ဆိုရင် တော့ စီးပွားရေးလုပ်ငန်းတွေလည်း ကောင်းလာမှာပါ”ဟု ပြောသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ၏ အောက်တိုဘာ ၂၇ ရက် သတင်းစာရှင်းလင်းပွဲတွင် တာဝန်ရှိသူများက နိုင်ငံ စီးပွားရေးအတွက် ၂၀၁၁ မှ စတင်၍ နောင် ငါးနှစ် အတွင်း   အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဟု ပြောဆိုခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်