ရွေးကောက်ပွဲ မသမာမှု အစီရင်ခံစာ NLD မူကြမ်းပြုစု

E-mail Print
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ၂၀၁၀ ရွေးကောက်ပွဲ မသမာမှုဖြစ်စဉ်များကို အစီရင်ခံစာပြုစုနေရာ မူကြမ်းအဆင့် ပြီးစီးနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

“မူကြမ်းတစောင်ကိုတော့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို တင်ပြထားပြီးပါပြီ။ ဒါပေမယ့် ထပ်ဖြည့်ရမယ့် အချက်အလက်တွေ၊ ရွေးကောက်ပွဲကာလအတွင်း မတရားဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လာရောက် ပြောဆိုတာတွေကလည်း အခုအချိန်အထိ ရှိနေသေးတဲ့အတွက် ကျနော်တို့ ထပ်ဖြည့်နေရပါတယ်။ မကြာမီကာလလောက်မှာ ထုတ်ပြန်သွားနိုင်ဖို့ ရှိပါတယ်” ဟု ၂၀၁၀ ရွေးကောက်ပွဲဆိုင်ရာ အစီရင်ခံစာ ထုတ်ပြန်ရေး ကော်မတီဝင် ဦးဟံသာမြင့်က ပြောသည်။

ရွေးကောက်ပွဲအတွင်း မတရားလုပ်ခံရမှုများနှင့် စပ်လျဉ်း၍ ပါတီတချို့နှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများကလည်း ၄င်းတို့ ကြုံတွေ့ခဲ့ရမှုများကို ပြန်လည်ပြောပြခြင်း၊ မှတ်တမ်းမှတ်ရာများ ကူညီပေးခြင်းတို့ကို ပူးပေါင်းလုပ်ကိုင်ပေးနေကြောင်း သိရသည်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက “ကျနော်တို့ကို သူတို့ မေးတဲ့အခါ ဖြစ်စဉ်တွေကို ပြန်ပြောပြလိုက်ပါတယ်။ ဒီအစီရင်ခံစာ ဆိုတာကတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မှတ်တမ်းမှတ်ရာ ကျန်ခဲ့တဲ့အဆင့်ပဲပေါ့။ ဒီဖြစ်စဉ်တွေကို တာဝန်ယူဖြေရှင်းပေးဖို့ဆိုတာက လက်ရှိအစိုးရမှာ တာဝန်ရှိတာပါ” ဟု ပြောသည်။

ပါတီများအနေဖြင့် ရွေးကောက်ပွဲ မသမာမှုများကို ကြုံတွေ့ခဲ့ရသော်လည်း ထိုကြုံတွေ့မှုများကို ကျပ်ဆယ်သိန်းတင်၍ တရားရင်ဆိုင်ရန်သာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က စစ်အစိုးရသတင်းစာများမှတဆင့် သတိပေးထားကြောင်း၊ ကိုယ်စားလှယ်လောင်းတဦးအတွက် ငွေဆယ်သိန်းတင်ကာ တရားရင်ဆိုင်ရန်မှာ ပါတီများအတွက် အခက်အခဲများစွာ ရှိကြောင်းလည်း ဦးသုဝေက ပြောသည်။

စစ်အစိုးရ ကျင်းပပေးသော ၂၀၁၀ ရွေးကောက်ပွဲသို့ နိုင်ငံရေးပါတီ ၃၇ ပါတီ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း စစ်အစိုးရ၀န်ကြီးများ ဦးဆောင်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ကသာ မဲဆန္ဒနယ် ၈၀ ရာခိုင်နှုန်းနီးပါး အနိုင်ရရှိထားသည်။

ကြံဖွံ့ပါတီ၏ အနိုင်ရရှိမှုမှာ ကြိုတင်မဲများ မတရား ရယူထားခြင်း၊ ရွေးကောက်ပွဲရက်အတွင်း မသမာသည့်လုပ်ရပ်များ ရှိခဲ့ခြင်းတို့ကြောင့် အနိုင်ရခြင်းဖြစ်သည်ဟု ပြိုင်ဘက်ပါတီများနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများက ပြောဆိုကြသည်။

ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်တွင် အနိုင်ရနေရာမှ ရှုံးသည်ဟု ကြေညာခံခဲ့ရသော တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဒေါက်တာစောနိုင်က “ပုံစံ ၁၉ မှာ လက်မှတ်ထိုးပြီးမှ အရှုံးပေးလိုက်ရတာတွေ အပါအ၀င် မတရားလုပ်ခဲ့တဲ့ ဖြစ်ရပ်တွေ အားလုံးကို အထောက်အထားတွေနဲ့တကွ အစီရင်ခံစာ ထုတ်ပြန်မယ့်အဖွဲ့တွေကို ပေးထားပါတယ်။ ငွေဆယ်သိန်းတင်ပြီး တရားစွဲနိုင်ဖို့ကိုလည်း ကြိုးစားနေပါတယ်” ဟု ပြောသည်။

ယခု ရွေးကောက်ပွဲကာလအတွင်း မဲပေးသူနှင့် မဲမပေးသူများဟူ၍ လူထု နှစ်ခြမ်းကွဲသွားကြောင်း၊ ထိုကဲ့သို့သော လူထုအတွင်း ကွဲပြားမှုဖြစ်စဉ်များကို ရှောင်လွှဲနိုင်ရန် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အမြန်ဆုံးတွေ့ဆုံနိုင်လျှင် ကောင်းမည်ဖြစ်ကြောင်းလည်း ဒေါက်တာစောနိုင်က ဆိုသည်။

၂၀၁၀ ရွေးကောက်ပွဲဆိုင်ရာ အစီရင်ခံစာတစောင် ထုတ်ပြန်ရန် NLD ပါတီသည် နိုဝင်ဘာ လလယ်ပိုင်းကပင် အချက်အလက်များ စုဆောင်းခဲ့ပြီး ကနဦး အစီရင်ခံစာကို မြန်မာဘာသာဖြင့် စတင်ထုတ်ပြန်ဖြစ်ကြောင်း၊ နောက်ပိုင်းတွင် အင်္ဂလိပ်ဘာသာဖြင့်လည်း ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်