ကုလ ကိုယ်စားလှယ်၏ မြန်မာပြည်ခရီးစဉ် အောင်မြင်မှုမရှိဟု နိုင်ငံရေးပါတီများ ပြော

E-mail Print
ကုလသမဂ္ဂ အထွေအထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေ နမ်ဘီယာ၏ ခရီးစဉ်သည် ရွေးကောက်ပွဲ ရလဒ်အတွက်အပြောင်းအလဲ တစုံတရာ ဖြစ်လာနိုင်ဖွယ်မရှိသည့် အပြင် မြန်မာ့ နိုင်ငံရေး အတွက်လည်း ပြောင်းလဲမှု ဖြစ်မလာနိုင်ဟု နိုင်ငံရေး ပါတီ ခေါင်းဆောင်များက ဆိုသည်။

Nambiar“ရွေးကောက်ပွဲ ရလဒ်နဲ့ ပတ်သက်လို့ အချက်အလက်တွေ လာယူတဲ့ သဘောပါ။ ထူးခြားတဲ့ အပြောင်းအလဲ ဖြစ်မလာနိုင်ပါ ဘူး။ ရလဒ်ပေါ်မူတည်ပြီးတော့ တရားတယ်၊ မတရာဘူး ဆိုတာပဲ ပြောနိုင်မယ်ထင်တယ်” ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ)
၏ ဥက္ကဋ္ဌ ဦးသုဝေ က ဧရာဝတီိကို ပြောသည်။

လက်ရှိ အခြေအနေအရ မစ္စတာ နမ်ဘီယာ၏ ခရီးစဉ်သည် အောင်မြင်မှု မရသေးသော်လည်း မြန်မာအစိုးရ အနေနှင့် ပူးပေါင်းလိုစိတ်ရှိ၍ ဆွေးနွေး အဖြေရှာမှုများ ပြုလုပ်မည်ဆိုပါက ပြောင်းလဲမှု ဖြစ်လာမည်ဟုလည်း ဦးသုဝေက ဆက်ပြောသည်။

မစ္စတာ နမ်ဘီယာသည် မြန်မာနိုင်ငံ၏ ခရီးစဉ်အတွင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်စုကြည် အပါအ၀င် ဒီမိုကရက်တစ် အင်အားစု ပါတီခေါင်းဆောင်များ၊ တိုင်းရင်းသား နိုင်ငံရေးပါတီ ခေါင်းဆောင်များနှင့် သီးခြား တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

နိုင်ငံရေးပါတီများအနေဖြင့် ကုလသမဂ္ဂ ကိုယ်စားလှယ်၏ ခရီးစဉ်အတွင်း အဓိက ဆွေးနွေးခဲ့ကြသည့် အကြောင်းအရာမှာ ရွေးကောက်ပွဲရလဒ်၊ မဲမသမာမှု၊ ကော်မရှင်၏ စီမံခန့်ခွဲရေး ညံ့ဖျင်းမှု၊ မဲလိမ်၊ မဲခိုးမှုများကို အသေးစိတ် ဆွေးနွေး တင်ပြခဲ့ကြ
ကြောင်းသိရသည်။

“ဒီဆွေးနွေးပွဲကနေ အပြောင်းအလဲကို မမျှော်လင့်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ကုလသမဂ္ဂဆိုတာ ကုလသမဂ္ဂ အဆင့်ပဲ လုပ်ပေးနိုင်မှာပေါ့။ အစီရင်ခံစာ ထုတ်မယ်၊ မှတ်မယ် ဒါပါပဲ” ဟု အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ၏ ခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောသည်။

“လုံခြုံရေးကောင်စီရောက်တဲ့ ကိစ္စတွေတောင် အောင်မြင်အောင် မလုပ်နိုင်ခဲ့တာတွေက အများကြီးရှိခဲ့တာပဲ။ ကုလသမဂ္ဂ အနေနဲ့ ပြတ်ပြတ်သားသား လုပ်နိုင်တာ မရှိသေးဘူး” ဟု လည်း ၎င်းက ဆက်ပြောသည်။

မစ္စတာ နမ်ဘီယာသည် လက်ရှိမြန်မာ့ နိုင်ငံရေးအခြေအနေ အပြင် မြန်မာနိုင်ငံ၏ လိုအပ်ချက်များ၊ အကူအညီ ပေးနိုင်မည့် အရေးကိစ္စ များကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

“ကူညီနိုင်မယ့် ဟာတွေမေးတော့ ကျနော်တို့နိုင်ငံမှာက အဘက်ဘက်က ချို့ယွင်းနေတယ်။ ပညာရေး၊ ကျန်းမာရေးက အစ ကူညီဖို့ လိုအပ်တာတွေ ပြောဖြစ်တယ်။ ပါတီရဲ့လိုအပ်ချက်ထက် ပြည်သူတွေ လိုအပ်နေတာတွေပေါ့” ဟု ဦးသုဝေက ဆိုသည်။

ကုလသမဂ္ဂ ကိုယ်စားလှယ်၏ ခရီးစဉ်သည် မြန်မာ့ နိုင်ငံရေးအတွက် မထူးခြားဟု ဆိုနေကြသော်လည်း ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကမူ အောင်မြင်သော ခရီးစဉ်တခုဟု မီဒီယာများကို ပြောဆိုခဲ့သည်။ ကုလ သမဂ္ဂသည်
မြန်မာ့အရေးအား များစွာ အကူအညီ ပေးခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။

“ကုလသမဂ္ဂ အနေနဲ့ မြန်မာ့နိုင်ငံရေး အပြောင်းအလဲ ဖြစ်စေချင်ရင် ဖွဲ့စည်းပုံမရေးဆွဲခင်၊ ဒါမှ မဟုတ်လည်း ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက လာ ဆွေးနွေးသင့်တယ်။ အခုပြောသွားတဲ့ အနာဂတ် နိုင်ငံရေးမှာ အားလုံး ပါဝင်နိုင်ရေးဆိုတာ သိပ်တော့ လက်တွေ့ မဖြစ်လောက်ဘူးလို့ ထင်ပါတယ်။ ဒီလိုဖြစ်လာဖို့ ဆိုတာလည်း လက်ရှိ တာဝန်ယူ အုပ်ချုပ်နေသူတွေ အပေါ်မှာ အဓိက ကျမယ်ထင်တယ်” ဟု ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ၏ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ပြောသည်။

ဖြစ်ပေါ်လာမည့် မြန်မာ့နိုင်ငံရေး အခင်းအကျင်း၌ အားလုံးပါဝင်နိုင်မည် ဆိုပါက အကောင်းဆုံး အခြေအနေ တခု ဖြစ်လာ မည့်အပြင် လူတိုင်းကလည်း မျှော်လင့်ကြောင်း၊ သို့သော် လက်ရှိ အစိုးရသည် ရွေးကောက်ပွဲရလဒ် အရ မကြာခင် လွှတ်တော်
ခေါ်ယူမည်ဟု ထင်ကြောင်း၊ ထို့ကြောင့် အားလုံး ပါဝင်နိုင်ရေးသည် ဖြစ်နိုင်ခြေ နည်းသည်ဟု ထင်ကြောင်း ၎င်းက ဆိုသည်။

RNDP ပါတီအနေဖြင့် ရခိုင်ပြည်နယ်အတွင်း မဲမသမာမှုများ၊ ရွေးကောက်ပွဲ အတွေ့အကြုံ၊ မြန်မာ့နိုင်ငံရေး အပေါ် ကုလသမဂ္ဂ ပါဝင် ဆောင်ရွက်ပေးနေခြင်း ထိရောက်မှု ရှိ၊ မရှိ၊ ဂီရိလေဘေးဒုက္ခသည်များ အပေါ် ကုလသမဂ္ဂ၏ ကူညီမှု အားနည်းနေခြင်း စသည်တို့ကို ဆွေးနွေး ပြောဆိုခဲ့ ကြောင်းသိရသည်။

ထို့အပြင် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ် များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း ဒေါက်တာ အေးမောင်က ပြောသည်။

ချင်းအမျိုးသား ပါတီ၏ ဥက္ကဋ္ဌ ဦးဇိုဇမ် ကလည်း ကုလ သမဂ္ဂ အနေနှင့် မြန်မာ့နိုင်ငံရေးကို မည်သို့မျှ လုပ်ပေးနိုင်လိမ့်မည်ဟု မထင်ကြောင်း၊ မြန်မာနိုင်ငံ အရေးကို မြန်မာ ပြည်သူများကသာ လုပ်ပေးနိုင်မည်ဖြစ်ကြောင်း၊ ကုလသမဂ္ဂ ကိုယ်စားလှယ်နှင့် ဆွေးနွေးမှုသည် ၎င်းတို့ လိုအပ်သည့် အစီရင် ခံစာအတွက် အချက်အလက် ပေးလိုက်သည့် သဘောသာ ဖြစ်ကြောင်း ပြောဆိုသည်။

“ပြည်သူတွေ လိုနေတဲ့ ဒီမိုကရေစီအရေး၊ တန်းတူဖြစ်ရေးတွေ အတွက် လုပ်ပေးဖို့ ကျနော်တို့ကို ပြည်သူတွေက ရွေးကောက် တင်မြှောက် ပေးထားတာပါ။ ဒါကြောင့် ကုလသမဂ္ဂ မပါလည်းဘဲ ကျနော်တို့က ဒီမိုကရေစီ ရရှိရေးကို လွှတ်တော်ကနေ ရအောင် ယူသွားမှာပါ။ မယူပေးနိုင်ဘူးဆိုရင် ကျနော်တို့ တာဝန်မကျေ ဖြစ်သွားမှာပေါ့” ဟုလည်း ဦးဇိုဇမ်က ဆိုသည်။

မစ္စတာ နမ်ဘီယာသည် နိုဝင်ဘာလ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ ၃ ရက်ကြာ ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အတိုက်အခံ ပါတီများ၊ ရွေးကောက်ပွဲ ဝင်ခဲ့သည့် နိုင်ငံရေး ပါတီများ အပြင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ)၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီ (တစည) စသည့် ပါတီများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

မစ္စတာ ဗီဂျေ နမ်ဘီယာသည် ၀ါရင့် သံတမန်တဦးဖြစ်ပြီး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ ရုံးအဖွဲ့မှူး အဖြစ် ၂၀၀၇ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှ စတင်၍ တာဝန်ထမ်း ဆောင်သည်။ မြန်မာ့အရေးနှင့် ပတ်သက်၍ ရာဇာလီ အစ္စမေးလ်နှင့် အီဗရာဟင် ဂန်ဘာရီတို့နောက် တတိယမြောက် အထူးကိုယ်စားလှယ်ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်