ကျပ် တသောင်း တန် သတင်း နေပြည်တော်တွင်ပျံ့နှံ့

E-mail Print
စစ်အစိုးရသည် ဘဏ္ဍာရေးပြဿနာများဖြေရှင်းနိုင်ရန် ရည်ရွယ်ချက်ဖြင့် လာမည့် နှစ်ဆန်းပိုင်းတွင် ငွေစက္ကူ အသစ် ထုတ်ဝေ သွားရန် အာဏာပိုင်များက ပြောဆိုနေသည်ဟု နေပြည်တော် စစ်ဘက်ဆိုင်ရာ အသိုင်းအ၀န်းကြားတွင် ပျံ့နှံ့ နေသည်။

parliament“ဒီဇင်ဘာ ဒါမှမဟုတ် နှစ်ဆန်းမှာ ကျပ် တသောင်း တန် ငွေစက္ကူသစ် ထုတ်မယ်ဆိုပြီး ပြောနေတယ်။ အဓိက ဘဏ္ဍာရေး အခြေအနေကို အမြန်ဆုံးဖြေရှင်းနိုင်မယ့် နည်းကို ရွေးချယ်တာလို့ ခန့်မှန်းကြတာပါပဲ”ဟု နေပြည်တော် ကာကွယ်ရေးဝန်ကြီး ဌာနမှ အရာရှိတဦးက ပြောသည်။

ထို့အပြင် အာဏာပိုင်များအနေနှင့် လက်ရှိ နေပြည်တော်တွင် တည်ဆောက်နေသည့် အဆောက်အအုံ စီမံကိန်းများအတွက်  ဆောက်လုပ်ရေး ကုမ္ပဏီ ကြီးများကို ကျပ် ဘီလီယံ ပေါင်းများစွာ ပေးရန် ရှိသည်ဟု ၎င်းက ပြောဆိုသည်။

“ပုဂ္ဂလိက အိမ်ရာ၊ ဆေးရုံ၊ ရုံး အဆောက်အအုံတွေအတွက် အစိုးရကနေ ဆောက်လုပ်ရေး ကုမ္ပဏီတွေကို ဘယ်ကုမ္ပဏီက ဘယ်နေရာတွေ တည်ဆောက်ဆိုပြီး ခွဲချပေးထားတယ်။ ဘီလီယံနဲ့ ချီပြီးပေးရမယ့် အကြွေးတွေအတွက် လောလောဆယ် အာဏာပိုင်တွေက စစ်အသုံးစရိတ်တွေအတွက် သုံးထားတာတွေရှိတော့ မပေးနိုင်သေးဘူး”ဟု စစ်ဘက် ဆိုင်ရာ အရာရှိကြီး တဦးက ပြောသည်။

၂၀၀၉ ခုနှစ်ကလည်း စစ်အစိုးရသည် ၎င်း၏ အသုံးစရိတ် လိုငွေပြမှုကို ဖြေရှင်းလိုခြင်းကြောင့် ၂၀၀၉ ခု အောက်တိုဘာလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က  ၅၀၀၀ ကျပ် တန်များ ထုတ်ဝေခဲ့သည့် ဖြစ်စဉ်များရှိသောကြောင့် ယခုတကြိမ် တွင် လည်း အလားတူလုပ်ရပ်မျိုး ဖြစ်လာနိုင်ကြောင်း ၎င်းက ဆိုသည်။ 

ဇေယျာသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ် တို့ကို  နေပြည်တော် အထူး ခရိုင်ဟု သတ်မှတ်ကာ တည်ဆောက်ရေးလုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်နေလျက်ရှိသည်။

စစ်အစိုးရသည် မြို့တော်သစ် နေပြည်တော်ကို တည်ဆောက်၍ အုပ်ချုပ်ရေး မြို့ တော် အဖြစ် ၂၀၀၅ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့တွင် ပြောင်းရွှေ့ခဲ့ပြီး ရုံး အဆောက်အအုံများ၊ ပန်းဥယျာဉ်များ၊ တိရစ္ဆာန် ရုံများ၊ ဟိုတယ်ဇုန် များကို ခမ်းနားကြီးကျယ် စွာတည်ဆောက်ခြင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန် လမ်းများဖောက်လုပ်ခြင်းတို့ဖြင့် နေပြည်တော်ကို စည်ကား စေရန် ပြုလုပ်ခဲ့သည်။

“ရုံး အဆောက်အအုံတွေဆိုလည်း အကြီးကြီးတွေနဲ့ ခမ်းခမ်းနားနားဆောက်၊ အတွင်းပိုင်း ပြင်ဆင်မှုတွေဆိုရင်လည်း တကယ့် ကို အကုန်ကျခံလုပ်ထားတော့ ဒီအတွက်လောလောဆယ် ဆောက်လုပ်ရေးကုမ္ပဏီတွေက စိုက်ပြီး လုပ်နေတာပေါ့။ အကုန် လုံးပြီးသွားရင်တော့ ဘယ်ကုမ္ပဏီက ဘယ်လောက် တာဝန်ယူထားတာအတွက် ရှင်းပေးမှာမျိုး။ နေပြည်တော် တည်ဆောက် လုပ်ရေးလုပ်ငန်းခွင်မှာ လုပ်ခွင့်ရနေတာကလည်း အာဏာပိုင်နဲ့ နီးစပ်တဲ့သူတွေ ချည်းပဲ”ဟု နေပြည်တော် တည်ဆောက်ရေး လုပ်ငန်းခွင်မှ အင်ဂျင်နီယာတဦးက ပြောသည်။

နေပြည်တော် ဆောက်လုပ်ရေး စီမံကိန်းများကို စစ်အစိုးရနှင့် နီးစပ်သူများဖြစ်သည့် ဦးဇော်ဇော် မက်စ်မြန်မာ၊ ဦးအောင်ခမ်းထီ နေပြည်တော် ဆောက်လုပ်ရေး၊ ဦးတေဇ ထူး ကုမ္ပဏီ၊ ဦးရန်ဝင်း အေ၀မ်း ကုမ္ပဏီ စသည့် ပုဂ္ဂလိက ဆောက်လုပ်ရေး ကုမ္ပဏီ ၂၂ ခု က လုပ်ကိုင်ခွင့်ရရှိထားကြောင်း သိရသည်။

“ကျနော်တို့ ကုမ္ပဏီကျတော့ အိမ်ရာစီမံကိန်း အတွက် တာဝန်ယူဆောက်ပေးရတာ။ ဒီအတွက် မြေကွက် တကွက်ကို ကျပ် သိန်း၂၀ သွင်းပြီး ဆောက်ပေးရတယ်။ ပြီးသွားရင်တော့ သူတို့က ကိုယ်တည်ဆောက်ထားတဲ့အပေါ်မှာ ဥပမာ- သိန်း ၅၀၀ ဆိုလည်း ၅၀၀ ပုဂ္ဂလိက ကုမ္ပဏီတွေကို ပြန်ရှင်းပေးမယ်။ အာဏာပိုင်တွေက ဒီအိမ်ရာတွေကို တဖက်မှာ ပြီးခဲ့တဲ့ ကျောက် မျက်ပွဲ တုန်းကလို ငှားတာ ၊ ရောင်းတာတွေ ပြန်လုပ်မှာပေါ့။ အလုံးအရင်းနဲ့ အမြတ်ပြန်ရမယ့် စီးပွားရေးပေါ့”ဟု ပုဗ္ဗသီရိ မြို့ နယ်တွင် တည်ဆောက်ရေး တာဝန်ယူထားသည့် ကုမ္ပဏီတခုမှ တာဝန်ရှိသူတဦးက ပြောသည်။

၎င်းက ဆက်လက်၍“ကျောက်မျက်ပွဲ တုန်းကဆို လုံးချင်းအိမ်တလုံးကို ဒေါ်လာ ၃၀၀ နဲ့ ငှားတာ တော်တော်စီးပွားဖြစ်သွား တယ်။ နိုင်ငံခြားငွေ ရဖို့ ကျောက်မျက်ပွဲကိုလည်း အာဏာပိုင်တွေက ၃ လ တကြိမ်လုပ်မယ်။ သူတို့အတွက် တည်းခိုနိုင်မယ့် အိမ်ရာတွေ တည်ဆောက်ပြီး နိုင်ငံခြားငွေ ရအောင်လုပ်မှာပေါ့ ။ တဖက်မှာ ဟိုတယ်တွေလည်းဆောက်နေသလို ငွေသုံးနိုင်တဲ့ လူတွေအတွက် အိမ်ရာတွေကလည်း စီးပွားဖြစ်လာမယ်၊ ဒီအတွက်လည်း ရည်ရွယ်တာပေါ့”ဟု ပြောသည်။

စစ်အစိုးရသည် နောင် တက်လာမည့်အစိုးရအတွက် လွှတ်တော်အဆောက်အုံသစ်တွင် အဆောက်အအုံပေါင်း ၃၁ လုံး ဆောက်လုပ် ထားပြီး သမ္မတ နှင့် ဒု သမ္မတ နှစ်ဦး၏ သမ္မတ အိမ်တော်များကိုလည်း ကြီးကျယ်ခမ်းနားစွာ ဆောက်လုပ် ထားကြောင်း၊ ယင်း လွှတ်တော် အဆောက်အအုံများကို ACE ဆောက်လုပ်ရေး ကုမ္ပဏီ အပါအ၀င် တခြား ဆောက်လုပ်ရေး ကုမ္ပဏီ၂ ခုတို့က တာဝန်ယူ ဆောက်လုပ်ကြောင်း သိရသည်။

၂၀၀၈ ခုနှစ် အတွင်း ကာကွယ်ရေး ၀န်ကြီးဌာနအတွက် တနှစ် သာမန်သုံးငွေအဖြစ် ကျပ် ၂.၇ ထရီလီယံကျော်၊ ငွေလုံး ငွေ ရင်း သုံးငွေအဖြစ် ၂.၈ ထရီလီယံကျော်၊ တပ်မြို့စည်ပင်သာယာရေး အဖွဲ့များအတွက် ကျပ်၂ ဘီလီယံကျော်၊ နောက်တိုး သုံးစွဲငွေ အဖြစ် ၉၆ ဘီလီယံကျော်၊ စုစုပေါင်း ၆ ထရီလီယံ ခန့် အသုံးပြုခဲ့ကြောင်း စာရင်းဇယားများအရ သိရသည်။

စက်တင်ဘာလ ၇ ရက်နေ့က စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သွားရောက်ခဲ့သည့် တရုတ်ပြည်ခရီးစဉ်တွင် လည်း တရုတ်အစိုးရထံမှ ယွမ် ဘီလီယံ ၃၀ (အမေရိကန် ဒေါ်လာ ၄.၂ ဘီလီယံ)ချေးရန် သဘောတူညီခဲ့ကြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်