စစ်တိုင်းဌာနချုပ် အသစ်တိုးချဲ့

E-mail Print
စစ်အစိုးရက “အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်” ဟု အမည်ပေးထားသည့် တိုင်းစစ်ဌာနချုပ် အသစ်ကို ရှမ်းပြည်တောင်ပိုင်းတွင် ထပ်မံဖွင့်လှစ်လိုက်သည်။

juntachife400အဆိုပါ တိုင်းစစ်ဌာချုပ်သစ်ကို တောင်ကြီးနှင့် ကျိုင်းတုံဒေသ အကြားရှိ ခိုလမ်ဒေသတွင် အဓိက အခြေစိုက်မည်ဖြစ်ပြီး တိုင်းမှူးအဖြစ် မေမြို့ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မြထွန်းဦးအား ပြီးခဲ့သည့် သောကြာနေ့က အတည်ပြုခန့်အပ်လိုက်ကြောင်း နေပြည်တော်ရှိ စစ်တပ်အသိုင်းအ၀န်းက ဧရာဝတီသို့ ပြောသည်။

ဗိုလ်မှူးချုပ် မြထွန်းဦးသည် စစ်တက္ကသိုလ် အပတ်စဉ် (DSA) ၂၅ မှ ဖြစ်ပြီး စစ်ဖက်ဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့ (စရဖ) ဖွဲ့စည်းခါစက ဒုဗိုလ်မှူးကြီး တဦးအဖြစ် ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ ၇ နယ်မြေအတွင်း လှုပ်ရှားခဲ့ပြီး ဗိုလ်ချုပ် ထိန်မောင် လက်နက်ချလာစေရန် အဓိကလှုပ်ရှားခဲ့သူလည်း ဖြစ်သည်။

ထို့နောက် မကွေးတိုင်း ပခုက္ကူမြို့တွင် ဖွင့်လှစ်ထားသည့် တပ်မ ၁၀၁ ၏ တပ်မမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုနှစ် သြဂုတ်လအတွင်းက ပြုလုပ်ခဲ့သည့် စစ်တပ်အတွင်း ရာထူးအပြောင်းအရွှေ့တွင် မေမြို့ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီးအဖြစ် ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

ခိုလမ်၊ ကျိုင်းတောင်း၊ မိုးနဲဒေသသည် ရှမ်းပြည်တပ်မတော် - တောင်ပိုင်း (SSA-S) တပ်များနှင့် ရှမ်းပြည်တပ်မတော် - မြောက်ပိုင်း (SSA- N) တပ်များ လှုပ်ရှားနေသော ဒေသဖြစ်ပြီး လေတပ်အခြေစိုက် စခန်းဖြစ်သည့် နမ့်ဆန်မြို့နှင့်လည်း အနီးဆုံးတည်ရှိသည့် ဒေသဖြစ်သည်။

မြန်မာနိုင်ငံတွင် လွတ်လပ်ရေး ရပြီးခါစ၌ မေမြို့အခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် ရန်ကုန်၊ အင်းစိန် အခြေစိုက်သည့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ၂ ခုသာ ဖွင့်လှစ်ခဲ့သော်လည်း မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရ လက်ထက်တွင် စစ်တိုင်းကြီးများကို ၉ ခုအထိ တိုးချဲ့ ဖွဲ့စည်းခဲ့သည်။

၁၉၈၈ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးသည့် နောက်တွင် ယခင် မန္တလေးမြို့ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို မုံရွာသို့ ပြောင်းရွှေ့စေပြီး အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကို မန္တလေးမြို့သို့ ပြောင်းရွှေ့စေကာ ပဲခူးတိုင်း တောင်ငူမြို့တွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ဟု အသစ်ဖွင့်စေသည်။

၁၉၉၆ ခုနှစ်က မြန်မာပြည်အောက်ပိုင်း ပင်လယ်ကမ်းရိုးတန်းမြို့ ဖြစ်သည့် မြိတ်မြို့ အခြေစိုက် ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ်နှင့် ရှမ်းပြည်တောင်ပိုင်း ကျိုင်းတုံမြို့ အခြေစိုက် တြိဂံတိုင်း စစ်ဌာနချုပ်တို့ကို ဖွင့်လှစ်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် စစ်အစိုးရ ရုံးစိုက်သည့် နေပြည်တော်ကို အခြေပြုပြီး နေပြည်တော်တိုင်း စစ်ဌာနချုပ်ကို ထပ်မံဖွင့်လှစ်ခဲ့သည်။

လက်ရှိ မြန်မာ့တပ်မတော် ဖွဲ့စည်းပုံတွင် ယခု စစ်တိုင်းသစ် အပါအဝင် စစ်တိုင်းကြီး စုစုပေါင်း ၁၄ ခုဖြင့် ဖွဲ့စည်းထားပြီး တပ်မစစ်ဌာနချုပ် ၁၀ ခု၊ စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာနချုပ် ၂၀ ဖြင့် ဖွဲ့စည်းထားသည်။

ထို့အပြင် စစ်အစိုးရက အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေအတွင်းရှိ ကယားပြည်နယ် လွိုင်ကော်ဒေသနှင့် အနောက်မြောက် တိုင်း စစ်ဌာနချုပ် နယ်မြေအတွင်းရှိ တနိုင်းဒေသတွင်လည်း စစ်တိုင်းအသစ်များကို ထပ်မံဖွင့်လှစ်သွားရန် ရှိသည်ဟုလည်း သိရသည်။

ကယားပြည်နယ် လွိုင်ကော်ဒေသသည် စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်၊ ပျဉ်းမနားဒေသနှင့် ကပ်လျက် တည်ရှိပြီး အဆိုပါ ဒေသတွင် လက်ရှိ ကရင်နီ တိုးတက်ရေးပါတီ (KNPP) တပ်များ လှုပ်ရှားနေသည့် ဒေသဖြစ်သည့်အတွက်  စစ်အစိုးရ အတွက် အရေးပါကြောင်း ထို့ကြောင့် စစ်ဌာနချုပ်များ ဖွင့်လှစ်လိမ့်မည်ဟု ထင်ကြောင်း တရုတ်-မြန်မာနယ်စပ်ရှိ စစ်ရေး နိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇောကလည်း သုံးသပ်သည်။

လွိုင်ကော်ဒေသနှင့် ပျဉ်းမနား၊ ပေါင်းလောင်းဒေသတွင် ယခင်က ဗမာပြည် ကွန်မြူနစ်ပါတီ လှုပ်ရှားခဲ့သည့် ဒေသများဖြစ်ပြီး ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး၊ ပင်လောင်းဒေသနှင့်လည်း ဆက်စပ်နေသည်။ နေပြည်တော် တပ်ကုန်းမြို့မှ ပင်လောင်း ဒေသသို့ သွားရောက်နိုင်ပြီး ထိုမှတဆင့် လွိုင်ကော်မြို့သို့ ကားလမ်းဆက်သွယ်ထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်