ဝန်ကြီးများ ရာထူးမှမထွက်ဘဲ လွှတ်တော်တက်မည်

E-mail Print
စစ်အစိုးရအဖွဲ့၌ လက်ရှိတာဝန် ထမ်းဆောင် နေကြသော အစိုးရ အဖွဲ့ဝန်ကြီးများသည် လက်ရှိရာထူးများကို မနုတ်ထွက်ဘဲ လွှတ်တော် တက်ကြမည်ဟု သိရသည်။

“ရက်က နီးကပ်နေပြီဆိုတော့ ဒီအတိုင်းပဲ လွှတ်တော်တက်ကြမှာပါ။ လာမယ့် အစိုးရ သစ်အတွက်တော့ ဖွဲ့စည်းပုံ အတိုင်းပဲသွားမှာပါ” ဟု ကြံ့ဖွံ့ပါတီ၏ လွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်သူ ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်  ဇေကမ္ဘာ ဦးခင်ရွှေက ဧရာဝတီကို ပြောသည်။

Clad-in-traditional-dressဦးခင်ရွှေသည် စစ်အစိုးရနှင့်နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင် တဦးဖြစ်သည့်အပြင် လာမည့်အစိုးရသစ်အတွက် သမ္မတရာထူးနေရာ တစ်ပြေးနေသော စစ်အစိုးရ၏ နံပါတ် ၃ အဆင့်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းနှင့် ခမည်းခမက် တော်စပ်သူလည်းဖြစ်သည်။

လွှတ်တော်မတိုင်မီ လက်ရှိဝန်ကြီးများအားလုံးသည် ရာထူးများစွန့်လွှတ်၍ လွှတ်တော်တက်မည်ဟု သတင်းများ ထွက်ပေါ်နေပြီး ကြားဖြတ်အစိုးရသစ်တရပ် ပေါ်လာမည်ဟုလည်း အတည်မပြုနိုင်သော သတင်းများ ထွက်နေသည်။

သို့ရာတွင် ဦးခင်ရွှေက “လတ်တလောမှာတော့ ကြားဖြတ်အစိုးရ ပေါ်မယ့် အသံမကြားသေးပါဘူး” ဟု ဆိုသည်။

နှစ်ပေါင်း ၂၂ နှစ်တာ ကာလအတွင်း ပထဆုံး ခေါ်ယူမည့် လွှတ်တော်အား ဇန်န၀ါရီလ ၃၁ ရက်နေ့တွင် ပြုလုပ်မည် ဖြစ်ပြီး အမျိုးသား လွှတ်တော်နှင့် ပြည်သူ့လွှတ်တော် အစည်းအဝေးများကို နေပြည်တော်၌ ကျင်းပမည် ဖြစ်သည်။

လာမည့် အစိုးရသစ်တွင် သူရဦးရွှေမန်းသည် သမ္မတ ရာထူး တစ်ပြေးနေသကဲ့သို့ စီးပွားရေး လုပ်ငန်းရှင်များထဲမှ ဦးခင်ရွှေသည်လည်း ဒုတိယ သမ္မတ တဦးအဖြစ် သတင်းများထွက်ပေါ် နေခြင်းအပေါ် ဦးခင်ရွှေက “ဒါတွေက နိုင်ငံတော်က လုပ်ဆောင်ရမယ့် ကိစ္စတွေပါ။ ကျနော်က စီးပွားရေးသမားဆိုတော့ ဒီရာထူးတွေထက် စီးပွားရေးကိုပဲ ပိုပြီး စိတ်ဝင်စား ပါတယ်” ဟု ပြောသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၏ လွှတ်တော်မတိုင်မီ နောက်ဆုံးအစည်းအဝေးကို နေပြည်တော်၌ မနက်ဖြန်တွင် ကျင်းပမည်ဟု သိရသည်။

ထိုအစည်းအဝေးမှ လွှတ်တော်အတွက် တာဝန်ယူမည့် ရာထူးများ၊ အစိုးရသစ်အတွက် တာဝန်များကို ရွေးချယ်မည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။

သို့ရာတွင် ကြံ့ဖွံ့ပါတီ၏ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်ရွှေက “ပါတီရဲ့ အစည်းအဝေးက ရှေ့လုပ်ငန်းစဉ်တွေကို ဆွေးနွေးကြမှာပါ။ ကျနော်လည်း သေသေချာချာ တော့မသိသေးဘူး” ဟု ဆိုသည်။

ကြံ့ဖွံ့ပါတီ၏ အစည်းအဝေးသို့ ရွေးကောက်ခံ ပါတီဝင်ကိုယ်စားလှယ် အားလုံး တက်ရောက်ကြမည်ဟု သိရသည်။

ဇန်န၀ါရီလ ၃၁ ရက်နေ့တွင် လွှတ်တော်တက်ရမည့် ကိုယ်စားလှယ်များသည် ယနေ့မှစ၍ ၂၉ ရက်နေ့အထိ နေပြည်တော်သို့ ရောက်ရှိသတင်းပို့ပေးရမည် ဖြစ်ပြီး ပြည်နယ်နှင့်တိုင်းအလိုက် သတ်မှတ်ချိန် အတိအကျ သတင်းပို့ရမည်ဟု ယနေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ရေးသားထားသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များကို သက်ဆိုင်ရာ ဒေသ မြို့တော်များ၌ ကျင်းပမည် ဖြစ်သည်။

နေပြည်တော်ရှိ လွှတ်တော် အစည်းအဝေးများတွင် ဒုတိယ သမ္မတ ၃ ဦးအဖြစ် စစ်တပ်ကိုယ်စားလှယ် တဦး၊ ရွေးကောက်ခံ အရပ်သားများထဲမှ ၂ ဦးတို့ကို ရွေးချယ်ကြမည်ဖြစ်ပြီး လွှတ်တော်၏ သဘာပတိ၊ ဥက္ကဋ္ဌ ရာထူးများကိုလည်း ရွေးချယ်ကြမည် ဟု ဦးခင်ရွှေကပြောသည်။

ဒုတိယ သမ္မတ ၃ ဦးထဲမှ တဦးအား သမ္မတ အဖြစ် တင်မြှောက်ရမည်ဖြစ်ပြီး သမ္မတသည် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးအမြင် ရှိရမည် ဟု ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ဆိုထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်